သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအရှေ့ပိုင်းစစ်တပ် Tripoli ကို သိမ်းပိုက်ဖွယ်ရှိ


လစ်ဗျား အရှေ့ပိုင်း စစ်တပ် တပ်မှူး ဗိုလ်ချုပ်ကြီး Khalifa Haftar ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက မြို့တော် Tripoli တောင်ပိုင်းက နိုင်ငံတကာ လေဆိပ် အပါအဝင် မြို့တော် အစွန်ပိုင်းတွေကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ရှိနေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံထားတဲ့ လစ်ဗျား အစိုးရ ရုံးစိုက်ရာ မြို့တော် Tripoli ကို သိမ်းယူဖို့ ဗိုလ်ချုပ်ကြီး Hifter က သူ့တပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ညွှန်ကြားခဲ့တာပါ။

မြို့တော် ထရီပိုလီထဲကို Haftar ရဲ့ တပ်ဖွဲ့တွေ ဝင်ရောက်လာပြီး နိုင်ငံတကာ လေဆိပ်ကို ပိတ်ထားလိုက်တဲ့ ပုံတွေကို အာရဘ် မီဒီယာ က ရုပ်သံထုတ်လွှင့်ပါတယ်။ အတားအဆီး အခက်အခဲ မရှိ သိမ်းပိုက်နိုင်ခဲ့ပုံ ရပါတယ်။

ဗိုလ်ချုပ်ကြီး Haftar ရဲ့ တပ်ဖဲ့ွတွေ ဝင်ရောက်လာချိန်မှာလည်း မြို့တော် အနီးတဝိုက်မှာ နေထိုင်သူတွေက အော်ဟစ် ကြိုဆိုခဲ့ကြပုံတွေကိုလည်း Arab မီဒီယာမှာ တွေ့မြင်ရပါတယ်။ ဗိုလ်ချုပ်ကြီး Haftar ရဲ့ စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးကြီး Ahmad Almismari ကတော့ Haftar ရဲ့ အုပ်ချုပ်မှုအောက်က လစ်ဗျား စစ်တပ်က နယ်မြေတွေ သိမ်းပိုက်ရရှိနေတယ်လို့ စနေနေ့ နေ့ခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

Haftar ရဲ့ တပ်ဖွဲ့တွေက Gharyan၊ Jendouba၊ Qasr al-Beshir နဲ့ Suwani တို့ကို ထိန်းချုပ်ထားနိုင်ပြီး တိုက်ခိုက်မှု အတွက် လစ်ဗျားစစ်တပ်က စစ်သား ၁၄ ဦး ကျဆုံးကြောင်း ပြောခွင့်ရက ပြောဆိုသွားတာပါ။

ဆော်ဒီအာရေးဗျ ပိုင်တဲ့ al-Arabiya ရုပ်သံကတော့ လစ်ဗျား ဗိုလ်ချုပ်ကြီး Haftar ရဲ့တပ်တွေက မြို့တော် ထရီပိုလီရဲ့ Khalat al-Fargan အရပ်ကို ဝင်ရောက်ခဲ့ပြီလို့ ပြောဆိုထားပါတယ်။ ဒီပြောဆိုချက် အပေါ်မှာ VOA အနေနဲ့ သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။ ဗိုလ်ချုပ် Haftar ရဲ့ တပ်ဖွ့ဲတွေ အသာစီး ရလာတဲ့ အပေါ် နိုင်ငံတကာဘက်ကလည်း စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ ကုလသမဂ္ဂ အနေနဲ့ လစ်ဗျား ပြည်သူတွေ အပေါ် ဆက်ပြီး ထောက်ခံသွားမယ်လို့ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ဂျော်ဒန်နိုင်ငံ ခရီးစဉ် အတွင်း ပြောဆိုသွားပါတယ်။

လစ်ဗျားနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ghassan Salame ကတော့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောပါတယ်။ လစ်ဗျား မြို့တော်မှာ တည်ငြိမ်ရေးကို ပြန်လည် ထိန်းသိမ်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဆောင်ရွက်ကြဖို့ အီဂျစ် သမ္မတ Abdel Fattah al-Sissi က တောင်းဆိုထားပါတယ်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov ကတော့ တိုက်ပွဲတွေ ရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG