မြန်မာနိုင်ငံတွင်း နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေပေးနေရာမှာ၊ တကယ့်ပဋိပက္ခဒေသတွေက ဒုက္ခသည်တွေထံကို အကူအညီတွေ မရောက်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဝေဖန်ပြောပါတယ်။ ဒါကြောင့် အကူအညီပေးရာမှာ စစ်တပ်နဲ့ပဲ ထိစပ်လုပ်ကိုင်တာအစား၊ လိုအပ်သူတွေဆီတိုက်ရိုက်ရောက်အောင် နည်းလမ်းတွေရှာဖို့လိုတယ်လို့ သူက အကြံပြုပါတယ်။ ဦးကျော်မိုးထွန်းကို မအိသန့်စင်က ဆက်သွယ်မေးမြန်းထားတာပါ။
အိသန့်စင်။ ။ မင်္ဂလာပါ သံအမတ်ကြီး ဦးကျော်မိုးထွန်းရှင့်။ အခုလို ဗွီအိုအေကို အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ဦးကျော်မိုးထွန်း။ ။ ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျာ။ အခုလိုမျိုး ဗွီအိုအေအနေနဲ့လည်း ကျနော့်ကို။ အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
အိသန့်စင်။ ။ အခု အာဆီယံအလှည့်ကျဥက္ကဋ္ဌက လာအိုနိုင်ငံဖြစ်လာတယ်။ လာအိုရော၊ ထိုင်းနိုင်ငံကပါ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရေးမူကို ပိုပြီးတော့ ကျင့်သုံးလာကြပါတယ်။ နောက်ပြီးတော့ မကြာသေးခင်တုန်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာလည်း စစ်ကောင်စီဘက်ကနေပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတယောက်ကို ဖိတ်ခဲ့ပါတဘ်။ အရင်တုန်းကတော့ နေရာလွတ်ထားတာတို့၊ မဖိတ်တာတို့လုပ်ခဲ့တာပေါ့နော်။ ဒေသတွင်း အာဆီယံဘက်မှာရော ထိတွေ့ဆက်ဆံမှုပုံစံမျိုးကို ပြောင်းလဲလာတဲ့အပေါ်မှာ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကိုင်တွယ်မှု လုပ်ဆောင်မှုအပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်ပါသလားရှင်။
ဦးကျော်မိုးထွန်း။ ။ အကျဥ်းချုပ်ပြောရရင်တော့ ရှိနိုင်ပါတယ်။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာပေါ့နော်။ အခုဆိုရင် စစ်တပ်လုပ်တဲ့ပုံစံကိုကြည့်မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းကို ရတဲ့အပေါက်ကဝင်တိုးမယ်-ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ အရင်တုန်းကဆိုရင်တော့ ဒီလိုမျိုး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေ၊ ထိပ်သီးအဆင့်အစည်းအဝေးတွေကို non political level ပဲတက်ဖို့ပဲ သတ်မှတ်ထားတဲ့အပေါ်မှာ အရင်တုန်းကတော့ သူတို့ကို ခွဲခြားဆက်ဆံခံရတယ်-ဆိုတဲ့ ပုံစံမျိုးကို အကြောင်းပြုပြီးတော့ပေါ့နော်- သူတို့တွေ အမြဲတမ်း statement ထုတ်ထုတ်နေတဲ့ဥစ္စာ ရှိပါတယ်။ ခွဲခြားဆက်ဆံခံရတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ကိုယ်စားလှယ်မလွှတ်ခဲ့ဘူးပေါ့နော်။ အခုကတော့ အခုနကပြောသလို 'ရရာအပေါက်က ဝင်မယ်' ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ လာတာဖြစ်တဲ့အတွက်ကြောင့် အခုလိုမျိုး ခွဲခြားဆက်ဆံခံရတာတွေ ဘာတွေလည်း ခေါင်းထဲမရှိတော့တဲ့ပုံစံရှိပါတယ်။ သူတို့ တဆင့်နှိမ့်ပြီးတော့ ဆောင်ရွက်နေတဲ့ပုံစံရှိတယ်ပေါ့နော်။ တချို့တွေလည်း သူတို့ပြောတာရှိတယ်။ 'လာတက်တဲ့အတွက်ကြောင့် တိုးတက်မှုတခုအနေနဲ့..' ဒါက လုံးဝကိုမဟုတ်ဘူးလို့ ကျနော်ကတော့ ထောက်ပြလိုတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က ပြည်သူတွေကို လှည့်ဖြားရုံတင်မကဘူး-ပေါ့နော်၊ နိုင်ငံတကာကိုလည်း လှည့်ဖြားလေ့၊ လှည့်ဖြားထ အမြဲတမ်းရှိတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာရဲ့ဖိအားပေးမှု လျော့အောင်သဘောမျိုးနဲ့ အခုလို ကိုယ်စားလှယ်စေလွှတ်တဲ့ပုံစံရှိတယ်။ ဒါက လုံးဝ တိုးတက်မှုတခုမဟုတ်ဘူး-လို့တော့ ကျနော် သုံးသပ်တယ်။
အိသန့်စင်။ ။ နောက်တခုက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးမှာ ထိုင်းနိုင်ငံမှာ စစ်ကောင်စီနဲ့ အထူးအဖွဲ့ ဖွဲ့ပြီး အထူးလုပ်ငန်းဖွဲ့ပြီး ဆောင်ရွက်နေတာတွေလည်း ရှိလာပါတယ်။ နိုင်ငံတကာမှာတော့ လက်တွေ့အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့လက်တွဲပြီးတော့ လုပ်ဆောင်ဖို့လည်း ပြောနေကြပါတယ်။ နောက်ပြီးတော့ လူသားချင်းစာနာထောက်ထားမှု ပေးနိုင်မဲ့ စင်္ကြန်လမ်းသဘောမျိုးပေါ့နော်၊ humanitarian corridor အနေနဲ့ လုပ်ပြီးတော့ စစ်ကောင်စီနဲ့ နိုင်ငံတွေကြားမှာ ဆောင်ရွက်တာတွေ ရှိလာတဲ့အပေါ်မှာရော သံအမတ်ကြီး ဘယ်လိုမျိုး သဘောထားရှိပါသလဲရှင်။
ဦးကျော်မိုးထွန်း။ ။ ကျနော်တော့ ဂဃနဏ မသိတဲ့အတွက်ကြောင့်ပေါ့နော် ဒီခေါင်းစဥ်အပေါ် specifically (သေသေချာချာ) ကျနော် ပြန်ပြီးတော့ comments (မှတ်ချက်) ပေးဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ လူသားချင်းစာနာမှုအကူအညီ ပေးရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့သူတွေအကုန်လုံးအနေနဲ့ ကျနော်တို့အားလုံးက လက်ခံထားတဲ့ principles တွေပေါ့နော်၊ ဒီ မူတွေကိုတော့ ရှောင်ဖယ်သွားလို့ မရပါဘူး။ အဲဒီမူတွေအတိုင်းကို တိတိကျကျ ဆောင်ရွက်ဖို့ လိုပါတယ်ပေါ့နော်။ အဲဒီ "မူတွေ" လို့ပြောတဲ့အခါမှာ အများကြီးရှိသော်ငြားလည်း ကျနော်တို့ အမြဲတမ်းပြောပြောနေတဲ့ 'No one left behind'. ဘယ်သူမှ မကျန်ရှိစေရဘူး၊ တကယ်လိုအပ်တဲ့လူတွေလက်ထဲကို ရောက်ဖို့လုပ်ရမယ်-ဆိုတဲ့ဥစ္စာ၊ ဒါက တကယ့်အရေးကြီးတဲ့မူတွေထဲက မူတခုဖြစ်တယ်။ အဲလိုပဲပေါ့နော်၊ ဒီလိုမျိုး လုပ်ဆောင်တဲ့ဥစ္စာတွေမှာ transparency (ပွင့်လင်းမြင်သာ) ရှိရမယ်-ဆိုတာကလည်း တကယ့်အရေးကြီးတဲ့အချက်ပါ။ transparency ရှိရမယ်ဆိုတဲ့ဥစ္စာမှာလည်း အားလုံးသက်ဆိုင်တဲ့သူတွေအကုန်လုံးနဲ့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ဖို့ လိုတယ်။ နောက်ပြီး ဒီလိုမျိုး ဆောင်ရွက်တဲ့ဥစ္စာမှာ predictable ဖြစ်ဖို့လိုတယ်၊ sustainable ဖြစ်ဖို့လိုတယ်ပေါ့နော်၊ ဒီလိုမျိုး predictable, sustainable ဖြစ်ဖို့ဆိုတဲ့ဥစ္စာမှာ အခုနကပြောတဲ့ transparency အောက်ကနေပဲ သွားမှ ရမယ့်အချက်ဖြစ်တယ်ပေါ့၊
....နောက်တခုကတော့ အားလုံးကို ထိတွေ့ဆက်ဆံမှုပေါ့နော်၊ အဲဒါကလည်း အရမ်းအရေးကြီးပါတယ်။ ပြန်ကြည့်လိုက်ရင် ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ၊ လူသားချင်းစာနာမှုအကူအညီ လိုအပ်တဲ့လူတွေ အများဆုံးရှိတဲ့နေရာတွေမှာ - ဒီလိုနေရာမျိုးတွေကိုရောက်အောင် နည်းလမ်းကို အဓိကရှာဖွေဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုရင်ကြည့် - လူသားချင်းစာနာမှုအကူအညီက မြန်မာနိုင်ငံကိုတော့ သွားသွားနေတယ်၊ ကျနော်တို့သိရတယ်ပေါ့နော်။ အာဆီယံ Humanitarian center ကတဆင့်သော်လည်းကောင်းပေါ့၊ တချို့တွေ biliteral သော်လည်းကောင်းပေါ့။ ဆိုတော့ ဒါတွေက စစ်တပ်နဲ့တဆင့်သွားနေတာဖြစ်တယ်။ စစ်တပ်နဲ့အလျဥ်းသင့်တဲ့လူတွေဆီပဲ လူသားချင်းစာနာမှုအကူအညီရောက်တယ်။ တကယ်လိုအပ်တဲ့သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်တာလုံးဝမရှိဘူးလို့ ကျနော်တို့သိရပါတယ်။ အခု လိုအပ်တဲ့သူတွေဆီကိုရောက်တဲ့ လူသားချင်းစာနာမှု အကူအညီတွေက ပြည်သူကနေ ပြည်သူကိုသွားနေတဲ့ အကူအညီတွေသာ ဖြစ်ပါတယ်ပေါ့နော်။ တချို့တွေ တပိုင်တနိုင်သွားတဲ့အကူအညီတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ စစ်တပ်နဲ့ စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေသမျှ တကယ်လိုအပ်နေတဲ့သူတွေဆီ ရောက်ဖို့ဆိုတာက လုံးဝမလွယ်ဘူး၊၊ လုံးဝမဖြစ်နိုင်ဘူး ဆိုတဲ့ဥစ္စာကိုတော့ မှန်းဆလို့ရပါတယ်။ ဒါကြောင့် လူသားချင်းစာနာမှုအကူအညီပေးတဲ့အခါမှာ ဘက်ပေါင်းစုံကတော့ ပေးဖို့လိုတယ်။ ဒါပေမဲ့တချိန်တည်းမှာပဲ အဲဒီလိုပေးတဲ့ဥစ္စာမှာ မဖြစ်မနေရောက်ရမယ့်သူတွေဆီကို ရောက်အောင်လည်းပေါ့နော် သူတို့မှာ တာဝန်ယူဖို့လိုတယ်ဆိုတဲ့ဥစ္စာကိုတော့ ကျနော် ပြောကြားလိုပါတယ်ခင်ဗျ။