သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားထိပ်သီးဆွေးနွေးပွဲနဲ့ မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေး


တောင်-မြောက် ကိုရီးယား ၂ နိုင်ငံခေါင်းဆောင်တွေကြား နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ သမိုင်းဝင် တွေ့ဆုံမှုအပေါ် နိုင်ငံတကာနည်းတူ ကြိုဆိုအသိအမှတ်ပြုမှာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်အောင် ကြိုးပမ်းရာက နိုင်ငံတကာ အသိုင်းအဝန်းမှာ ပြန်လည်ဝင်ဆန့်လာနိုင်သလို၊ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ဖိအားပေးနေတာတွေ လျော့ပါးလာဖို့ မျှော်လင့်ကြောင်းလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုသွားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင်တွေ့ဆုံမှုအပေါ် နိုင်ငံတကာက တုံ့ပြန်မှုတွေ ထွက်ပေါ်နေရာမှာ၊ မြောက်ကိုရီးယားနဲ့ အဆက်အဆံရှိတယ်လို့ နိုင်ငံတကာက ယုံကြည်ထားတဲ့ မြန်မာနိုင်ငံကလည်း ကြိုဆိုအသိအမှတ်ပြုမှာဖြစ်ကြောင်း ပြောဆိုလိုက်တာပါ။ တောင်-မြောက် ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှုအပေါ် တရားဝင်သဘောထား မထုတ်ပြန်ရသေးပေမဲ့၊ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒအရ နိုင်ငံတကာနည်းတူ လက်ခံကြိုဆိုသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံ ကပြောပါတယ်။

"ကျနော့် personal အရဆိုရင်တော့ ဒါကတော့ ကြိုဆိုလက်ခံရမှာပဲ။ ဒီကိုရီးယား၂ နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဘာညာကိစ္စဆိုတာက နဂိုကတည်းကလည်း ဒီ sunshine ပေါ်လစီကို လုပ်ခဲ့တာရှိတယ်။ နှစ်တွေကြာတော့ ပျက်ပျယ်သွားတယ် အခုတော့ ပြန်စလာနိုင်တယ်။ ဒါကတော့ ကျနော်တို့နိုင်ငံတကာကလည်းကြိုဆိုတဲ့ဟာကို international ကလည်း နိုင်ငံကတာကလည်း အသိအမှတ်ပြု Recongnization ပုံစံမျိုး ကျနော်တို့လည်း လက်ခံအသိအမှတ်ပြုမှာပါ။ တရားဝင်တော့ ကျနေ်ာတို့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ "

မြောက်ကိုရီးယားနဲ့ ကာကွယ်ရေးဆိုင်ရာ အဆက်အဆံတွေ ရှိခဲ့ဖူးတဲ့အတွက် မြန်မာနိုင်ငံဟာလည်း နိုင်ငံတကာ အသိုင်းအဝန်းက မကြာခဏ အာရုံစိုက်ခံရလေ့ရှိပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ အရင်သမ္မတ ဦးသိန်းစိန် လက်ထက်ကစလို့ စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေ မရှိတော့တဲ့အကြောင်း ပြောဆိုထားသလို၊ NLD အစိုးရ လက်ထက်မှာလည်း မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြောင်း ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ ဖေဖော်ဝါရီလထဲ စုံစမ်းတွေ့ရှိချက် တခုမှာတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှုတွေကို ချိုးဖောက်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့ကို စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်း အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကလည်း မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ အဆက်အဆံမလုပ်ဖို့ မြန်မာနိုင်ငံအပေါ် ဖိအားပေးနေတာပါ။ ဒါကြောင့်လည်း မြောက်ကိုရီးယား အနေနဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး နိုင်ငံတကာမှာ ပုံရိပ်ကောင်းအောင် လုပ်လာတာနဲ့အမျှ မြန်မာနိုင်ငံ အတွက်လည်း အကျိုးရှိလာနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးအောင်ကျော်ဇံ ကပြောပါတယ်။

"ကျနော်တို့ကလည်း ပုံမှန်ဆို မြောက်ကိုးရီးယားနိုင်ငံနဲ့ ပတ်သက်လို့ရှိရင် United Nations Security Council က ကျနော်တို့ကို resolution တွေအတိုင်း ကျနော်တို့လိုက်နာ ကျင့်သုံးနေတာပဲလေ။ ဆိုလိုတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ Donald Trump ကနေပြီးတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာရေးပါတယ် မြောက်ကိုရီးယား ကိစ္စနဲ့ ပတ်သက်ပြီးတော့ ။ ရန်ကုန်မှာ ရှိတဲ့ မြောက်ကိုးရီးယား စားသောက်ဆိုင် ပိတ်ထားတာတို့ ၊ နောက်ပြီးတော့ မြောက်ကိုရီးယား ၂၁ ဦး အလုပ်လုပ်တာကို ကျနော်တို့က ပြန်ပြီးတော့ ထွက်သွားဖို့ လုပ်တာတွေကို ကျနော်တို့ဆောင်ရွက် ခဲ့တာကို သူက Recognized လုပ်တယ်ပေါ့နော် အသိအမှတ်ပြုတယ်ပေါ့။ အဲဒီလိုဆိုတော့ ကျတော်တို့ နိုင်ငံတကာက သတ်မှတ်တဲ့ စံနှုန်းအတိုင်း နိုင်ငံတကာ resolution အတိုင်း လိုက်နာဆောင်ရွက် နေတာဆိုတော့ ဒါကလည်း အပြုသဘောဆောင်တဲ့ လမ်းကြောင်းအတိုင်း ကျနော်တို့ သွားနေတာပေါ့။ အဲဒီတော့ ခုနပြောသလို တောာင်မြောက်ပေါင်းစည်းရေး လမ်းကြောင်းဖြစ်လာမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စွတ်စွဲတာတွေ ကျနော်တို့ အရင်တုန်းက ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ tension လျော့သွား လိမ့်မယ်လို့ သုံးသပ်မိတာပေါ့နော်။"

တောင်-မြောက်ကိုရီးယား ခေါင်းဆောင်တွေကြား နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသလို၊ နောက်ပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင်ဟာ အမေရိကန်သမ္မတ Donald Trump နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဒေသတွင်း နိုင်ငံတွေကြား မျှော်လင့်ချက်တွေ ထွက်ပေါ်လာနေသလို၊ သံသယအမြင်တွေလည်း ရှိကြပါတယ်။ အထူးသဖြင့်ကတော့ တွေဆုံမှုတွေဟာ ကနဦးအဆင့်မှာသာ ရှိနေသေးတဲ့အတွက် မြန်မာနိုင်ငံလို ဒေသတွင်း နိုင်ငံတွေနဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေးအပေါ် သိသိသာသာ ရိုက်ခတ်မှု မရှိနိုင်သေးဘူးလို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက မြင်ပါတယ်။

"ကျနော်တို့နဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအပေါ်မှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စွတ်စွဲနေတာတွေ ရှိတာပေါ့နော် ။ အထူးသဖြင့် လက်နက်နည်းပညာတွေ လွှဲပြောင်းတာတို့ နောက်တခုက ငွေရေးကြေးရေး အဆက်အဆံ ရှိတယ်ဆိုတဲ့ ကိစ္စတွေက ရှိနေတာပေါ့။ နောက်ပြီးတော့ ကျနော်ထင်တာကတော့ အဲဒီကိစ္စတွေက ရှင်းဖို့ဆိုရင် အချိန်ယူရလိမ့်မယ်လို့ ကျနေ်ာထင်တယ်။ အခုက အမေရိကန်နဲ့ မြောက် ဆက်ဆံရေးကိစ္စတွေလည်း တိုးတက်လာဖို့ ဆိုတာကလည်း တော်တော်ကြားဦးမယ်လို့ ထင်ပါတယ်။ လက်တလော ရိုက်ခတ်မှုကတော့ ကျနော်ထင်တယ် သိပ်ပြီး ထူးထူးခြားခြားပြောင်းလဲမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။"

မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ၊ နိုင်ငံများအသင်း (ASEAN) ရဲ့ စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံမှာလည်း ဒေသတွင်းကိစ္စတခုအဖြစ် တောင်-မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ထည့်သွင်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG