ရခိုင်ပြည်နယ် ပဋိပက္ခကိုဖြေရှင်းရာမှာ ထိရောက်တဲ့တိုးတက်မှု တစုံတရာ မရှိဘူးဆိုပြီး နိုင်ငံတကာအကြံပေးအဖွဲ့ရဲ့ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဖြစ်သူ မစ္စတာ Kobsak Chutikul ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နုတ်ထွက်သွားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ နိုင်ငံတကာအကြံပေးအဖွဲ့ကနေ အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson နုတ်ထွက်သွားပြီးနောက် ဒုတိယမြောက်အဖြစ် ထိုင်းဝါရင့်သံတမန် မစ္စတာ Chutikul နုတ်ထွက်တာ ဖြစ်ပါတယ်။ သူ့ရဲ့နုတ်ထွက်မှုကြောင့် မြန်မာအစိုးရရဲ့ ရခိုင်အရေးကြိုးပမ်းမှုအပေါ် နိုင်ငံတကာအမြင်တွေက သိပ်ပြီး ထိခိုက်နိုင်စရာ မရှိဘူးလို့ သုံးသပ်တာတွေ လည်းရှိနေပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ထိုင်းသံတမန်ဟောင်းတဦးလည်းဖြစ်၊ ထိုင်းလွှတ်တော် အမတ်ဟောင်းလည်းဖြစ်တဲ့ Kobsak Chutikul ဟာ Dr. Surakiart Sathirathai ဦးဆောင်တဲ့ နိုင်ငံတကာအကြံပေးအဖွဲ့ရဲ့ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဖြစ်ပြီး၊ မြန်မာအစိုးရက ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းရာမှာ ပြီးခဲ့တဲ့ ၆လအတွင်း ထိရောက်တဲ့ တိုးတက်မှု တစုံတရာ မရှိတဲ့အတွက် သူ့အနေနဲ့ ဂျူလိုင်လ(၁၀)ရက်နေ့မှာ နုတ်ထွက်ခဲ့တာဖြစ်ကြောင်း Reuters သတင်းဌာနကို ပြောပါတယ်။
Dr. Surakiart Sathirathai ဦးဆောင်တဲ့ နိုင်ငံတကာအကြံပေးအဖွဲ့ဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြု ချက်တွေကို အကောင်ထည်ဖေါ်ရတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ရဲ့ UEHRD လုပ်ငန်းအဖွဲ့ကို အကြံပေးရတာ ဖြစ်ပါတယ်။
ဒီသီတင်းပတ်ထဲ နေပြည်တော်မှာလုပ်ခဲ့တဲ့ နိုင်ငံတကာအကြံပေးအဖွဲ့ရဲ့ တတိယအကြိမ်မြောက် တွေ့ဆုံပွဲအပြီး သူ့အနေနဲ့ နုတ်ထွက်ဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း၊ လွတ်လပ်စွာ လုပ်ဆောင်ခွင့်မရတဲ့ ထိန်းချုပ်မှုတွေ ကြုံနေရကြောင်း မစ္စတာ Chutikul ကပြောပါတယ်။ အဲဒီအထဲမှာ နိုင်ငံတကာအကြံပေး အဖွဲ့ရဲ့ ရုံးခန်းဖွင့်ခွင့်မရတာ၊ နိုင်ငံတကာရဲ့ ထောက်ပံ့မှု အကူငွေကို လက်ခံခွင့်မရှိတာ၊ အစည်းအဝေးတွေကိုလည်း Online ကတဆင့်သာ လုပ်ကြဖို့ တိုက်တွန်းတာ စတဲ့အချက်တွေ ပါဝင်သလို၊ စစ်တပ်ခေါင်းဆောင်တွေကို တွေ့ခွင့်တောင်းတဲ့အခါ မတွေ့ကြပဲ ငြင်းဆန်နေကြတဲ့ အချက်တွေလည်း ပါဝင် တယ်လို့ သူက Reuters ကိုပြောပါတယ်။ မြန်မာအစိုးရကဟာ အမြဲတမ်း မိမိကိုယ်ကို ကာကွယ်ပြောဆိုနေပြီး၊ ဒါဟာ ပြည်တွင်းရေးဖြစ်တာကြောင့် မိမိတို့ အနေနဲ့ ကိုယ်တွယ်ဆောင်ရွက်နေတယ်လို့သာ တုန့်ပြန်ပြောနေတာကိုသာ တွေ့နေရကြောင်း မစ္စတာ Chutikul ကဆိုပါတယ်။
ဒီအတိုင်း ဆက်သွားရင် အဓိကဖြေရှင်းရမယ့် ပြဿနာကနေ သွေဖည်သွားနိုင်တဲ့ အန္တရာယ်နဲ့ ကြုံရမှာဖြစ်ပြီး မြန်မာအစိုးရပေါ် နိုင်ငံတကာက အထင်မြင် သေးတာတွေ ကြုံလာရလိမ့်မယ်လို့ Kobsak Chutikul ကသုံးသပ်ပါတယ်။
အခုလို မစ္စတာ Chutikul ရဲ့နှုတ်ထွက်မှုဟာ နိုင်ငံတကာအကြံပေးအဖွဲ့ထဲကနေ အမေရိကန်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson ပြီးခဲ့တဲ့ ဇန်နဝါရီလက နုတ်ထွက်သွားပြီးနောက်ပိုင်း နိုင်ငံတကာ သံတမန်တဦးအနေနဲ့ ဒုတိယမြောက် နုတ်ထွက်မှုလည်း ဖြစ်ပါတယ်။ မစ္စတာ Chutikul ရဲ့ နုတ်ထွက်မှုကြောင့် မြန်မာအစိုးရရဲ့ ရခိုင်ပဋိပက္ခဖြေရှင်းရေး ကြိုးပမ်းမှုတွေအပေါ် နိုင်ငံတကာရဲ့ အမြင်တွေ သိသိသာသာ ဆိုးဝါးလောက်တဲ့အထိ ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်သူကတော့ ကိုဖီအာနန် ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်ဖြစ်ပါတယ်။
“ သူနုတ်ထွက်တဲ့ကိစ္စက နိုင်ငံတကာမှာ သိပ် ထိခိုက်မယ် မထင်ဘူးခင်ဗျ။ သူတို့ရဲ့ mandate ကိုယ်က အကောင်အထည်ဖေါ်တဲ့ ဒေါက်တာ ဝင်းမြတ်အေးတို့ရဲ့ အဖွဲ့ကို အကြံပေးရတဲ့အဖွဲ့ဖြစ်တယ်။ အဲဒီတော့ဒါ အဲဒီလို အကြံပေးအဖွဲ့မှာ သူလုပ်ရကိုင်ရတာမှာ သူသိပ်ပြီးတော့ လွတ်လွတ်လပ်လပ် မရှိတဲ့ အတွက်ကြောင့်မို့လို့ ကျနော်ထင်ပါတယ်လေ။ ဟို မြန်မာအစိုးရက ရုံးခန်းမပေးတာတို့ ဒီအစည်းအဝေးတို့ ဘာတို့ဆိုတာ ကျနော်တို့ ကိုဖီအာနန်အတွေ့အကြုံနဲ့ ပြောရမယ်ဆိုရင် … ရုံးခန်းဆိုတာ မြန်မာအစိုးရအတွက် ဘာပြဿနာမှ မရှိဘူးဗျ။ နောက်တခုကလည်း ဒီအဖွဲ့ အတွက်ကို ငွေရေးကြေးရေး ကောက်ခံမှု ဆိုတာကလည်း ပြဿနာ မရှိဘူးဗျ။ ဘာကြောင့်လည်းဆိုလို့ရှိရင် သူတို့က ဒေါက်တာ ဝင်းမြတ်အေးတို့ အဖွဲ့ကို အကြံပေးရမယ့် အဖွဲ့လေ။ အဲဒီတော့ သူတို့ရဲ့ကုန်ကျစရိတ်ကို ဒါ မျှဝေပြီးသုံးရမယ့် သဘောရှိတာပေါ့။ ”
မစ္စတာ Chutikul ရဲ့ဝေဖန်သုံးသပ်ချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ နိုင်ငံတကာ အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ မြန်မာ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြက ငြင်းဆိုလိုက်ပြီး အစိုးရအနေနဲ့ ရခိုင်အရေးကို အကောင်အထည်ဖေါ်နေကြောင်းနဲ့ တိုးတက်မှု တစုံတရာရှိကြောင်း Reuters ကိုပြောပါတယ်။ ဦးဝင်းမြကို VOA က သီးသန့်ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။
ဒီအတောတွင်း ရိုဟင်ဂျာ (၇)သိန်းဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားအောင် လုပ်ခဲ့တဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်ရေး စုံစမ်းသူတွေက မြန်မာအစိုးရအပေါ် ဝေဖန်မှုအသစ်တွေ တကြော့ပြန် တိုးလာနေတာပါ။ အဲဒီဖြစ်ရပ်ကို ကုလသမဂ္ဂက လူမျိုးစုလိုက် ရှင်းလင်းရေးလို့ ခေါ်ဆိုခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပဲ၊ သူတို့ဟာ ဘင်္ဂလီတွေသာဖြစ်တယ်လို့ ပြောဆိုလေ့ရှိပါတယ်။
မစ္စတာ Chutikul နုတ်ထွက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာအကြံပေးအဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Surakiart က တစုံတရာ မှတ်ချက်ပေး ပြောကြားတာ မရှိသေးပါဘူး။ နိုင်ငံတကာအကြံပေးအဖွဲ့ထဲမှာ မစ္စတာ Chutikul ရဲ့တာဝန်ကတော့ အစည်းအဝေးပွဲအတွက် ကြိုတင် ပြင်ဆင်ပေးရတာ၊ နောက်ခံ သတင်းအချက်အလက်တွေ စုဆောင်းပေးရတာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အမြင်တွေကို လိုက်လံစုဆောင်း ပေးရတဲ့ အလုပ်တွေ ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ခုလာမယ့် ဇူလိုင် ၂၃ ရက် တနင်္လာနေ့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တခါးပိတ်အစည်း မကျင်းပမီ နိုင်ငံတကာ အကြံပေးအဖွဲ့ဝင်တဦး အခုလို နုတ်ထွက်တဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။