ပြည်ထဲရေးဝန်ကြီးဌာနက မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးတဲ့လုပ်ရပ်အပေါ် မကျေနပ်ကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောကြားခဲ့တယ်လို့ သူ့ကိစ္စကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။ ဒီဖမ်းဆီးမှုမှာ သံသယဖြစ်စရာ မေးခွန်းတွေရှိနေကြောင်းလည်း ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
မတ်လက ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီ လို့ ကိုဆွေဝင်းရဲ့ ကိုးကား ရေးသားချက်ဟာ ဥပဒေနဲ့ ညိစွန်းမှုမရှိဘူးလို့ သာသနာရေးဝန်ကြီးဌာနက ဧပြီလက သဘောထား ထုတ်ပြန်ထားတဲ့ကြားက ကိုဆွေဝင်းကို ပုဒ်မ ၆၆(ဃ) နဲ့ မနေ့ ဇူလိုင်လ (၃၀) ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။
အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို တညအိပ်သွားမယ့် ကိုဆွေဝင်းကို ရန်ကုန် မင်္ဂလာဒုံလေဆိပ် က မထွက်ခင်မှာ လေဆိပ်ရဲတွေက ဖမ်းဆီးခဲ့တာပါ။ ကိုဆွေဝင်းအနေနဲ့ ပြည်ပခရီးမထွက်ခင် သက်ဆိုင်ရာ မန္တလေး မဟာအောင်မြေရဲစခန်းနဲ့ ညှိုနှိုင်းပြောဆိုမှုတွေ ရှိခဲ့ရဲ့သားနဲ့ မင်္ဂလာဒုံလေဆိပ်မှာ ရဲက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ဗွီအိုအေကိုပြောပါတယ်။
“ကျနော်တို့က ဒီ ၂ ရက်နေ့ (သို့မဟုတ်) ၃ ရက်နေ့ကို ကျနေ်ာတို့ မန္တလေးကို တက်ပြီးတော့ အဖမ်းခံမယ် ဆိုလိုချင်တာက တရားရင်ဆိုင်မယ်ပေါ့နော် အဲဒါနဲ့ ပတ်သက်ပြီး ကျနေ်ာတို့ပြင်ဆင်တယ်။ ပြင်ဆင်တဲ့အချိန်မှာပဲ ကျနော်တို့က အားလုံးသဘောတူကြပြီးပြီ။ သဘောတူပြီးတော့ဒီနေ့ညနေပေါ့နော် ကိုဆွေက ဘန်ကောက်ရုံးကိုသွားတာ သွားတာကို ရန်ကုန်လေဆိပ်အရောက်မှာ သူ့ကိုဖမ်းဆီးလိုက်ပါတယ်။
မေး။ ။ ကိုဆွေဝင်းက မန္တလေးကို လာပြီး အမှုရင်ဆိုင်မယ်လို့ အဲဒီရဲစခန်းကို တရားဝင်အကြောင်းကြားထားရဲ့သာနဲ့ မင်္ဂလာဒုံလေဆိပ်မှာ ဘာလို့ အဖမ်းခံလိုက်ရတာလဲရှင့်။
ဖြေ။ ။ အတည်မပြုနိုင်သေးတဲ့ သတင်းတခုအရဆိုရင် ကိုဆွေအဖမ်းခံရတာ သိသိချင်း ကျနော်မန္တလေးကအဖွဲ့တွေကို ကျနေ်ာစုံစမ်းကြည့်တော့ ကျနော်လိုက်ကြည့်တဲ့အခါမှာ ကျနော် ဘာသွားတွေ့ရသလဲဆိုတော့ မဟာအောင်မြေမြို့နယ်မှူး လက်မှတ်နဲ့ ကိုဆွေဝင်းကို တရားခံဆိုတဲ့ အသုံးအနှုန်းပါတယ် ပြီးရင် ကိုဆွေဝင်းအနေနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိတဲ့ အတွက် တားဆီးပေးပါရန်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်လေဆိပ်က ရဲကို ညွန်ကြားအကြောင်းကြားတဲ့ စာတခုထွက်လာပါတယ်။ ဒီနေ့ညနေမှာ ကျနော်တို့ နောက်ဆုံးရတဲ့အခြေအနေအရဆိုရင် ကိုဆွေဝင်းကို လာရောက်ခေါ်ယူဖို့ဆိုပြီးတော့ မန္တလေးကရဲတပ်ဖွဲ့ က ဆင်းလာပြီလို့ မင်္ဂလာဒုံစခန်းက ပြောပါတယ်။”
အခုလို မင်္ဂလာဒုံလေဆိပ် အများပြည်သူမြင်ကွင်းမှာ သူ့ကိုဖမ်းဆီးခဲ့ပုံနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိဘူးလို့ ရဲစခန်းမှာတွေ့ဆုံခဲ့စဉ် ကိုဆွေဝင်းကပြောကြောင်း ကိုထက်ခေါင်လင်းကပြောပါတယ်။
“အဓိက ကိုဆွေဝင်းအနေနဲ့က နိုင်ငံခြားထွက်တယ်ဆိုတဲ့ ကိစ္စက သူက ကျနော်တို့ ရုံးပိုင်းဆိုင်ရာ လွဲပြောင်းဖို့အတွက် သူနိုင်ငံခြားကိုသွားတာ တညအိပ်ခရီးပဲ သူသွားတယ်။ ဒီနေ့ညနေထွက်ရင် မနက်ဖြန်ညနေ ပြန်လာမယ်ဆိုတဲ့ရည်ရွယ်ချက် သူ့မှာရှိပြီးသား။အခု မန္တလေးမဟာအောင်မြေရဲတပ်ဖွဲ့ က ထုတ်ပြန်ထားတဲ့ စာအရဆိုရင် သူက ရှောင်ပြေးချင်တယ်ဆိုရင် အခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ရှောင်ပြေးလို့ရပါတယ်။ အဲဒါကို သူ့ကို ရှောင်ပြေးတယ်ဆိုတဲ့ စကားလုံးတာ လုံးဝလက်မခံပါဘူး။ တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ သူကိုယ်တိုင်ကိုက တောင်လျောက်အမှုဖြစ်စဉ်အကုန်လုံးမှာ ရဲရဲရင့်ရင့် ရင်ဆိုင်တယ်။ ပြီးကျရင် သူပြောစရာရှိတာပြောတယ်။ တာဝန်ခံတယ် ပြီးလို့ရှိရင် လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်တယ်။ နောက်တချက်က ပြီးခဲ့တဲ့ အပတ်ကတည်းက မဟာအောင်မြေရဲတပ်ဖွဲ့နဲ့ သူနဲ့ သဘောတူညီမှု ယူပြီးသား၊ သူလာရောက်အဖမ်းခံမယ်ဆိုတာလည်းပြောပြီးသား ဒါပေမယ့် လုပ်ငန်းဆောင်တာကိစ္စကြောင့် သူဘန်ကောက်ကို ခဏထွက်သွားတာကို သူ့ကို အဲလိုစာထုတ်တယ်ဆိုတာ သူလုံးဝမကျေနပ်ဘူး။
လွန်ခဲ့တဲ့ မတ်လကတည်းက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် (မန်းဘသ) အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေကနေ မန္တလေး မဟာအောင်မြေ အမှတ် (၇) ရဲစခန်းမှာ ဦးဝီရသူကို အသေရေဖျက်မှုနဲ့ ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၂၉၅ (က) တို့နဲ့ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတိုင်ကြားမှုနဲ့ ပတ်သက်လို့ ဧပြီလ (၅)ရက်နေ့က ထုတ်ပြန်တဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထား ကြေညာချက်မှာ ဖြစ်စဉ်နဲ့ ဥပဒေပုဒ်မတွေကို ကိုးကားပြီး ကိုဆွေဝင်းရဲ့ ရေးသားပြောဆိုချက်တွေဟာ ဦးဝီရသူကို အသရေဖျက်ရာ မရောက်ဘူးလို့ သုံးသပ်ကြောင်း၊ သာသနာတော်နဲ့ ပတ်သက်ပြီး ဘယ်လိုညိစွန်းချက်မှ မပါရှိကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် အခုလို ကိုဆွေဝင်း အဖမ်းခံရမှုမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်ဟာ တရားစီရင်ရေး အထက်မှာရှိနေတယ်ဆိုတာ ထင်ရှားနေကြောင်း AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ဗွီအိုအေကို ပြောပါတယ်။
“ကိုဆွေဝင်းသာ တကယ်တန်း ထွက်ပြေးဖို့အတွက် ကြံစည်ခဲ့တာမှန်တယ်ဆိုရင် ဒီအမှုရင်ဆိုင်နေရတဲ့ ၄ လကာလအတွင်းမှာ အချိန်မရွေးထွက်ပြေးသွားနိုင်တဲ့ဟာဖြစ်တယ်။ အခုလိုတရားဝင်အသိပေးအကြောင်းကြားပြီးတော့မှ ခရီးထွက်တဲ့ကိစ္စကြုံလာတဲ့အခါမှသာ အခုလိုမျိုးဖမ်းလိုက်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ပြည်သူအများပိုမိုသံသယဖြစ်စေတယ်လို့ကျနော်တို့ကတော့ မြင်ပါတယ်။ ဒါကလည်း မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်ခင်ဗျ။”
ဇန်နဝါရီလက ရှေ့နေကြီးဦးကိုနီ မင်္ဂလာဒုံလေဆိပ် အများပြည်သူရှေ့ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ ပတ်သက်လို့ လုပ်ကြံ သတ်ဖြတ်သူတွေကို ကျေးဇူးတင်ကြောင်း ဦးဝီရသူက သူရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ Myanmar Now ကနေ “ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဆိုပြီး သတင်းဆောင်းပါး ရေးသားရာမှာ ဦးဝီရသူရဲ့ ပြောဆိုချက်ဟာ ရဟန်းဘဝကနေပြီးတော့ လုံးဝကုန်ဆုံးသွားစေတဲ့ ပြစ်မှုမျိုးဖြစ်ကြောင်း၊ ပါရာဇိက ကျပြီဆိုတဲ့ ရွှေဝါရောင် ဆရာတော်တပါးရဲ့ မှတ်ချက်ကို ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မဘသ ဆိုတဲ့အဖွဲ့အစည်းဟာ တရားမဝင်ကြောင်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ပြီးခဲ့တဲ့ လပိုင်းတွေကပဲ ထုတ်ပြန်ကြေညာထားပါတယ်။
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်ဖေါ် မိန်းကလေးနှစ်ဦးအပေါ် လူမဆန်အောင် နှိပ်စက်ညှမ်းပန်းမှုကို သတင်းမီဒီယာကနေ ဖေါ်ထုတ်တင်ပြခဲ့ရာမှာ လူသိများလာခဲ့ပြီး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုမှာလည်း အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖေါ်ထုတ် ရေးသားခဲ့သူလည်းဖြစ်ပါတယ်။