သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုကြောင့် ၈၈ ကိုကိုကြီး တရားစွဲခံရ


၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး
၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး

ခွင့်ပြုမိန့်မကျတဲ့နေရာမှာ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်တဲ့အတွက် အမှုဖွင့်ခံထားရတဲ့ ၈၈မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးအပါအဝင် ၅ ဦး တို့ဟာ တရား ဥပဒေအရ ရင်ဆိုင်သွားမှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ မရပ်မချင်း ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ ဦးဆောင် ဆန္ဒပြသူတွေက ပြောပါတယ်။ ခွင့်ပြုမိန့်ပေးထားတဲ့နေရာမှာမဟုတ်ဘဲ ဆန္ဒထုတ်ဖေါ်တဲ့အတွက် အရေးယူရတာဖြစ်တယ်လို့ တာဝန်ရှိ ရဲအရာရှိကလည်း တုံ့ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

တောင်ဥက္ကလာ ၉ ရပ်ကွက် အားကစားကွင်းထဲမှာ အထပ်မြင့်ကွန်ဒို ဆောက်လုပ်နေတာကိ ုကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို ခွင့်ပြုမိန့် မရတဲ့နေရာမှာ စုဝေးခဲ့ကြလို့ ဦးဆောင်သူတွေကို တောင်ဥက္ကလာ ရဲတပ်ဖွဲ့က ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။ ဆန္ဒထုတ်ဖော်ခွင့်မပြုတဲ့နေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ တာကြောင့် အမှုဖွင့်ခံရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ဘာကြောင့် ခွင့်ပြုချက်မရတဲ့နေရာမှာ ဆန္ဒ ထုတ်ဖော်ရသလဲ ဆိုတာကို အခုလိုရှင်းပြပါတယ်။

“အခု ခွင့်ပြုမိန့်ပေးတယ်ဆိုတဲ့ ဟစ်တိုင်နေရာဟာ ခင်ဗျားတို့လည်း သွားကြည့်လို့ရတယ်။ အုတ်တံတိုင်းခတ်ထားပြီးတော့ ကျိုက္ကဆံကွင်းထဲမှာ။ ကျနော်တို့ ဒီမှာ အခင်းဖြစ်တဲ့နေရာက ဒီနေရာ၊ …ဆိုတော့ ဒီနေရာမှာဖြစ်နေတဲ့အဖြစ်အပျက်ကို အများပြည်သူသိအောင် ကျနော်တို့က မဖော်ထုတ်နိုင်ဘဲနဲ့ အုတ်တံတိုင်းခတ်ထားတဲ့ ကျိုက္ကဆံကွင်းထဲမှာ ကျနော်တို့က ဆန္ဒဖော်ထုတ်ရမယ်ဆိုရင် မထိရောက်ဘူးလို့ ကျနော်တို့က မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီမှာ အမှန်တကယ်ကျူးလွန်ထားတဲ့၊ အခင်းဖြစ်တဲ့နေရာမှာ ဆန္ဒဖော်ထုတ်တာဟာ ထိရောက်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီမှာ လာလုပ်တာပါ။”

အခု အမှုဖွင့်ခံရတဲ့ထဲမှာ ဦးကိုကိုကြီးအပါအဝင် ဒေါက်တာစောနိုင်၊ ဦးမုန်းခက်၊ ဦးနိုင်ကိုလင်းနဲ့ ဦးစစ်မောင်တို့ကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့် ထားတာပါ။ အမှုဖွင့်အရေးယူခံရသူထဲက တစ်ဦးဖြစ်တဲ့ ဦးမုန်းခက်ကတော့ သူတို့ကို အရေးယူထားတဲ့အပေါ် တရားရေးအရင်ဆိုင်သွားမှာ ဖြစ်ပြီး အခု တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း မရပ်မချင်း ဆန္ဒထုတ်ဖော်သွားမယ့် အကြောင်း အခုလိုပြောပြပါတယ်။

“ကျနော်တို့ကလည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းမယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ဆန္ဒပြမှုကတော့ ဒီဆောက်လုပ်ရေးလုပ်ငန်း မရပ်မချင်း ဆက်လက်ပြီးတော့ ဆန္ဒပြဖို့ ပြောပြီးတော့ အကိုတို့ကို တနာရီကျော်ကျော်ပေါ့- ရဲစခန်းထဲမှာလေ မေးမြန်းပြီးမှ ပြန်လွှတ်လိုက်တယ်။”

ဦးကိုကိုကြီး အပါအဝင် ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ဟောပြောခဲ့သူတွေကို အမှုဖွင့်အရေးယူတဲ့အကြောင်းကို တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူးမျိုးအောင်က VOA ကို ပြောပြပါတယ်။

“စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို လျှောက်တာပေါ့နော်၊ လျှောက်တဲ့အခါကျတော့ သူတို့က ခွင့်ပြုတဲ့နေရာကတော့ ကျိုက္ကဆံအားကစားကွင်း အနောက်ဖက်ခြမ်းက ဟစ်တိုင်မှာပဲလုပ်ခိုင်းတာ။ သို့သော်လည်း အဲဒီနေရာမှာ သူတို့က မလုပ်တဲ့အတွက်ကြောင့်၊ သတ်မှတ်ထားတဲ့နေရာမှာ မလုပ်တဲ့အတွက်ကြောင့် သူတို့ကို တားထားတာ။ အရေးယူတာပဲ။”

ဖဆဖလ ခေတ်တုန်းက အားကစားကွင်းအဖြစ် ဖွင့်လှစ်ထားတဲ့ ဒီမြေနေရာကို ၂၀၁၃ခုနှစ်မှာ ပြည်ခိုင်ဖြိုးပါတီက နာမည်ပေါက်ဂရန်ရပြီး ၈ ထပ်မြင့်တဲ့ ကွန်ဒိုတည်ဆောက်နေကြတာပါ။ ဒီအားကစားကွင်းနေရာမှာ ကွန်ဒိုဆောက်နေတာနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ဆန္ဒပြခဲ့ပါသေးတယ်။ ဒါပေမယ့် အရင် မြို့တော်ဝန်ဟောင်းဖြစ်တဲ့ ဦးအောင်သိန်းလင်းက ဒီနှစ် ဇွန်လထဲမှာ ပြည်ခိုင်းဖြိုး ပါတီအပိုင် မြေနေရာဖြစ်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး ပြောခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနရဲ့ ဌာနမှူး ဦးကိုကိုလင်းကတော့ ဒီမြေနေရာဟာ အားကစားကွင်း အဖြစ် တရားဝင်သတ်မှတ်ထားခြင်းမရှိတဲ့အကြောင်း ရှင်းပြပါတယ်။

“ဟိုး စလွဲှကတည်းက အဲဒီ ကောင် (နေရာ) ဟာ အားကစားကွင်းလည်းမဟုတ်ဘူး၊ အားကစားကွင်းမြေလို့ သတ်မှတ်ထားတာ မရှိဘူး။ ဦးတို့ ကြီးကြပ်ပြီးလုပ်တဲ့ လုပ်ငန်းလည်းမဟုတ်ဘူး။ ပြောမယ်ဆို ဦးနဲ့မပတ်သက်ဘူး သမီးရယ်။ သူ့ဟာသူ အားကစားကွင်းက ဘောလုံးကန်တဲ့အားကစားကွင်းလို့ လျှောက်အော်နေကြတာ။ တို့ဆီမှာ စာရင်းဇယား၊ data အကုန်ရှိတာကို။”

ဒီ တောင်ဥက္ကလာ ၉ ရပ်ကွက် အားကစားကွင်းမှာ ကွန်ဒိုဆောက်နေတာနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပထမအကြိမ် ကန့်ကွက် ဆန္ဒပြခဲ့လို့ ဆောက်လုပ်ရေး ခေတ္တရပ်တန့်သွားခဲ့ပါသေးတယ်။ ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေဖြစ်လာဖို့ ဒီလို အားကစားကွင်းတွေ လိုအပ်တာမို့ ဒီလို အသိမ်းခံရတဲ့ ကစားကွင်းတွေ ပြန်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ဦးကိုကိုကြီးက ပြောသွားပါတယ်ရှင်။

XS
SM
MD
LG