သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် သဘောထား


KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး (Karen National Union Headquarters)
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး (Karen National Union Headquarters)

KNU ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ တရားဝင် အစည်းအဝေးတွေမှာ ပါဝင်မှုကို ယာယီ ရပ်ဆိုင်းလိုက်ပြီး အလွတ်သဘောတွေ့ဆုံမှု လမ်းကြောင်းတွေကနေ တဆင့် ဆွေးနွေး အဖြေရှာသွားမယ်လို့ KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးအပြီး သဘောထားထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်မှုမှာ အဓိပါယ်ပြည့်ဝတဲ့ ပါဝင်မှုဖြစ်ဖို့ နောက် အဖွဲ့အစည်းတခုလုံး တညီတညွတ်တည်း သဘောတူညီချက်ရဖို့ လုံလောက်တဲ့ကာလတခုယူဖို့ လိုအပ်လာတဲ့ အတွက်လို့ KNU က ပြောပါတယ်။ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်မှု အခုလို တရားဝင်ယာယီရပ်ဆိုင်းမှုဟာ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေမှု အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ -မဆုမွန် စုစည်း တင်ပြထားပါတယ်။

KNU ဗဟိုဌာနချုပ်ရှိရာ ကရင်ပြည်နယ် ဘားအံခရိုင် လေးဝါးမှာ နိုဝင်ဘာလ ၆ရက်နေ့ကနေ နိုဝင်ဘာလ ၁၀ရက်နေ့အထိ ကျင်းပခဲ့တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးမှာ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်နေမှုရဲ့ အားနည်းချက်-အားသာချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။ ဒီအစည်းအဝေးမှာတော့ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်မှူးကြီးတွေနဲ့ KNU ဗဟိုအမြဲတမ်းကော်မတီဝင်တွေအပါအဝင် စုစုပေါင်း ၈၈ဦး တက်ရောက် သုံးသပ်ဆွေးနွေးခဲ့ကြပြီး အရေးပေါ်အစည်းအဝေးကနေ KNU ဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်မှုကို ယာယီရပ်ဆိုင်းလိုက်တော့မယ့်အကြောင်း နိုဝင်ဘာလ ၁၀ရက်နေ့ရက်စွဲနဲ့ သဘောထားထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

အခုလို KNU ရဲ့ အရေးပေါ်အစည်းအဝေးရဲ့ ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားအရေး လေ့လာအကဲခတ်သူ ဦးမောင်မောင်စိုးက တော့ တင်းမာမှုတွေဖြစ်ခဲ့ကြတဲ့ အစိုးရ-တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ငြိမ်းချမ်းရေးထိပ်သီးတွေ့ဆုံပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အသုံးသပ်ပါတယ်။

"သီးသန့် ဆွေးနွေးပွဲမှာ သဘောထားကွဲလွဲမှုတွေရှိပါတယ်။ KNU အနေနဲ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထံ ပေးစာပေးပြီးတော့ သူတို့အနေနဲ့ ခဏရပ်ဆိုင်းမယ်ဆိုတဲ့ အကြောင်းကြားတာ တွေ့ရပါတယ်။ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဆွေးနွေးပွဲမှာ ဆွေးနွေးပြီးတဲ့အခါကျတော့ ရပ်ဆိုင်းထားပေမယ့် အလွတ်သဘောဆွေးနွေးသွားမယ်ဆိုတာကို တွေ့ရတယ်။ အလွတ်သဘောဆွေးနွေးမူတွေနဲ့ ပတ်သက်ရင်တော့ နိုင်ငံရေးပြဿနာ ဆွေးနွေးတာ ပြဿနာမရှိပါဘူး။ သို့သော် လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်တဲ့ ပြဿနာ JMCU မှာ KNU ကမပါဘူး လောလောဆည် မပါတဲ့အခြေအနေမှာတော့ ပြဿနာ ဖြစ်လာမှာစိုးရိမ်တယ်။ ဒီလိုပြဿနာမျိုး ဘယ်လိုရှောင်ရှားမလဲဆိုတာကို ၂ ဖက်ကနေပြီးတော့ ညှိနိုင်းအဖြေရှာဖို့ လိုမယ်လို့ ထင်ပါတယ်။"

အဓိကကတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သူတွေအနေနဲ့ NCA အပစ်ရပ်စာချုပ်အပေါ် နားလည်မှုကွဲလွဲနေတာ- ဖြေရှင်းဖို့ထက် ရှောင်ကွင်းပြီး မိမိတို့နားလည်သလို အကောင်အထည်ဖော်နေတာကြောင့် ရှုပ်ထွေးမှုတွေ ဆင့်ကဲဖြစ်ပေါ်နေတယ်လို့ KNU ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။ ဒါကြောင့် NCA အပေါ် အဓိပါယ်ဖွင့်ဆိုချက်တွေကို အလေးအနက်ပြန်သုံးသပ်ဖို့လိုပြီလို့လည်း ဦးမောင်မောင်စိုးက အကြံပြုပါတယ်။

" ပြဿနာက NCA ကို ကျနော့် အမြင်ကတော့ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ တချို့စာကြောင်းစာပိုဒ်တွေက ယေဘုယျပဲပြောထားတဲ့အခါကျတော့ ပြဿနာတွေအများကြီးရှိပါတယ်။ ဥပမာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလို့ပြောထားပေမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ပြောဆိုချက်တွေမတူတဲ့အခါမှာ ရှမ်းပြည်နယ်မှာ ပြဿနာတွေ အများကြီးဖြစ်လာပါတယ်။ အလားတူပဲ NCA ယန္တရားအနေနဲ့ JICM ၊JMCU၊UPDJC၊ UPC တို့ အဲဒီလို Institution ၄ ခုထားပေမယ့်တကယ်တမ်း ပြဿနာမဖြေရှင်းနိုင်ရင်တောင်မှ သီးသန့် ဆွေးနွေးပွဲဆိုတာ ခေါ်ရပါတယ်။ အဲဒီတော့ ကျနော်တို့ အခုလည်း NCA မှာ မပါတဲ့ Institution တွေပါလာမယ့် ဟာမျိုးဖြစ်နေတယ်။ NCA သည် ပြည့်စုံလုံလောက်မှုမရှိဘူးဆိုတာကို ကျနော်တို့ အစောကြီးကတည်းကပြောပါတယ်။ အဲဒီတော့ NCA နဲ့ ပတ်သက်ပြီးတော့ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ Review လုပ်ဖို့လိုပါတယ် ၊ လိုအပ်မယ်လို့ ထင်ပါတယ်။"

အခုလို အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့အနက်က အင်အားအကြီးမားဆုံးအဖွဲ့ဖြစ်တဲ့ KNU ရဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပါဝင်မှု ယာယီရပ်ဆိုင်းမှုဟာ တစ်ဆို့မှုတွေဖြစ်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ပြန်ဆုတ်သွားတဲ့အနေအထားဖြစ်နေပြီလို့လည်း ဦးမောင်မောင်စိုးက ရှု့မြင်ပါတယ်။

"ကျနော်တို့ ပြီးခဲ့တဲ့ ၁ နှစ်ကျော်လောက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တစ်ဆို့တယ်လို့ ပြောခဲ့ပါတယ် အခု KNU ဒီ Statement က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နောက်ကိုပြန်ဆုတ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲ အရေးကြီးမယ်ထင်ပါတယ်။ လောလောဆည်မှာ ဒီပြဿနာက တကယ်ရှိနေပြီ သီးသန့်ဆွေးနွေးပွဲမှာပြောတဲ့ အစိုးရသဘောထား၊ EU သဘောထားကိုပြောပြီးသွားပြီ ။ မတူကွဲပြားမှုက ရှိနေပြီ။ အဲလို မတူကွဲပြားမှုကို ဘယ်လိုရှင်းမလဲ ညှိနှိုင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ အရေးကြီးပါတယ်။ ညှိနှိုင်းနိုင်မယ် ဆိုရင် အဆင်ပြေမှာပါ။ မညှိနှိုင်းနိုင်ရင်တော့ ပဋိပက္ခတွေ ကြုံတွေ့ရမှာပါ။"

အပစ်ရပ်လက်မှတ်ထိုးခဲ့ကြပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းညှိနှိုင်းဆောင်ရွက်နေချိန်မှာပဲ အစိုးရနဲ့ တပ်မတော်ဘက်က NCA အပစ်ရပ်သဘောတူစာချုပ်မှာ ပါဝင်မှုမရှိသော ခွဲမထွက်ရနဲ့ တခုတည်းသော တပ်မတော်ကိစ္စရပ်များ ဆွေးနွေးဖို့ တင်သွင်းလာတဲ့အတွက် မိမိတို့အနေနဲ့ လုံခြုံရေးစနစ်ကို ကျေကျေလည်လည်ဆွေးနွေးပြီး တခုတည်းသော တပ်မတော်ကိစ္စကို ဆက်လက်ဆွေးနွေးရမှာဖြစ်တယ်လို့ KNU က သဘောထားထုတ်ပြန်တာပါ။ နိုင်ငံရေးဆွေးနွေးနေချိန်- တိုင်းရင်းသားတွေဘက်က တောင်းဆိုချက်တွေကို လစ်လျူရှု ကန့်သတ်ထားသလို တိုင်းရင်းသား နယ်မြေတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ထည့်သွင်းထားပါတယ်။

KNU အနေနဲ့ကတော့ လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းပဲ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့သာ ဖြေရှင်းဖို့ အစဉ်တစိုက်တောင်းဆိုနေခဲ့ပြီး NCA သဘောတူညီစာချုပ်ပါအတိုင်း တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက်သွားမယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့က လုံလောက်တဲ့အချိန်ကာလတခုရယူဖို့ လိုအပ်တာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရားဝင်ပါဝင်မှုကို ယာယီရပ်ဆိုင်းပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းတွေကသာ အဖြေရှာသွားမယ်လို့ KNU ဘက်က တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG