သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးဖောက်ခွဲမှုကြိုးကိုင်သူ KNU စုံစမ်းမည်


ကရင့်အမျိုးုသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မန်းငြိမ်းမောင်။(ဝဲ)။ ဓာတ်ပုံ အောင်ရဲမောင်မောင်/ဗွီအိုအေ (မြန်မာပိုင်း)
ကရင့်အမျိုးုသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မန်းငြိမ်းမောင်။(ဝဲ)။ ဓာတ်ပုံ အောင်ရဲမောင်မောင်/ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ အောက်ခြေအဖွဲ့ဝင်တွေ ပါဝင်နေပြီး အခုထိ နောက်ကွယ်ကနေ ဘယ်သူကြိုးကိုင်နေတယ် ဆိုတာကို မသိရသေးသလို အခုလို ကြံစည်မှုတွေရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက် တခုခု ရှိပုံထောက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကစပြီး ပြည်တွင်းမှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ဗုံးဖောက်ခွဲဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်တွေမှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အောက်ခြေပိုင်းတွေ ပါဝင်ပတ်သက်ခဲ့တာ တွေ့ရတယ်လို့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
ဒါပေမဲ့ မကြာခင်မှာ လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကြီးကိုတော့ ထိခိုက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“ဘာလို့လဲ ဆိုတော့ သမ္မတကြီးပြောထားတဲ့သဘောထားထဲမှာ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို လုံးဝ အထိခိုက်မခံဘူး၊ ဒီအတွက်နဲ့တော့ ကျနော်တို့ရဲ့ ယုံကြည်မှုကလည်း ပျက်ပြားသွားမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို မရရအောင် တည်ဆောက်သွားမယ်ဆိုပြီးတော့ သမ္မတကြီးက သူ့သဘောထားကို ပြောပါတယ်။ တပ်မတော် ခေါင်းဆောင်တွေကလည်း ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောပါတယ်။ သူ့သဘောထားက ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်သွားမယ်။ KNU နဲ့ရရှိထားတဲ့ ယုံကြည်မှုတွေကိုလည်း လုံးဝ သံသယ မရှိဘူးလို့ သူပြောပါတယ်။ ဒါကြောင့် ကျနော်တို့ကလည်း ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ အချိန်ကာလတခု ပေးကောင်းပေးရလိမ့်မယ်၊ သို့သော် ငြိမ်းချမ်းရေးကို ရရှိမယ်လို့ ကျနော် ယုံကြည်ပါတယ်။”

လက်ရှိဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ တရားခံတွေကို KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကစစ်ဆေးတဲ့ အခါမှာတော့ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံဘုရားကြီးကိုပါ ဗုံးဖောက်ခွဲဖို့ အထိ ကြံစည်ခဲ့တာကို တွေ့ရတယ်လို့ ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။

ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့ တရားခံတွေကို စစ်ဆေးမေးမြန်းကြည့်ခဲ့တဲ့အခါမှာ သာသနိက အဆောက်အအုံတွေ ကိုပါ ဖောက်ခွဲရေးလုပ်ဖို့ ကြံစည်ခဲ့တာကိုတွေ့ရပြီး မူဆလင် ဘာသာဝင်တွေရဲ့ အစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဖြစ်ဖို့အထိ ကြံစည်ခဲ့တာ ကိုတွေ့ရတယ်-လို့လည်း သူကပြောပါတယ်။

လက်ရှိအချိန်မှာတော့ KNu အောက်ခြေပိုင်းမှလည်း အခုလို ဗုံးဖောက်ခွဲမှုတွေ လုပ်ခဲ့တဲ့ လူတွေကို သိနိုင်အောင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုယ်တိုင် ကရင် ပြည်နယ်ပြန်ရောက်ရင် အောက်ခြေထိ ကိုယ်တိုင် မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ ဥက္ကဋ္ဌကြီးလည်း ဒီရောက်နေတယ်။ ဒီကိစ္စကိုဖြေရှင်းနိုင်ဖို့အတွက် သူပြန်သွားရင်လည်း အမြန်ဆုံးစစ်ဆေးပါမယ်။”

ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ တရားခံတွေ ကျူးလွန်ဖို့ ကြိုးစားတဲ့သူတွေကို KNU ကလည်း ကြိုးစားဖော်ထုတ်မှာ ဖြစ်ပြီးတော့ မြန်မာအစိုးရရဲ့ ဥပဒေအရ အရေးယူသွားဖို့ကိုလည်း သူတို့အနေနဲ့ အသင့်ရှိတယ်လို့လည်း သူကပြောပါတယ်။

“ကျနော်တို့အဖွဲ့အစည်းရဲ့ စည်းမျဉ်းဥပဒေအရ တရားဥပဒေအရ ကျနော်တို့မှာလည်း ရှိတယ်။ ကျနော်တို့ တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်၊ ကျူးလွန်တဲ့ဒေသက ကျနော်တို့ရဲ့ အုပ်ချုပ်မှု အာဏာစက်မဟုတ်တဲ့ မြန်မာပြည်ထဲမှာ ရှိတော့ မြန်မာအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့အတွက် မြန်မာအစိုးရရဲ့တရားဥပဒေအရလည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဖြေရှင်းသွားမယ်လို့ သဘောထား ရှိပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ စတဲ့မြို့ကြီးတွေမှာ ဖြစ်ခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေရဲ့ အဓိကတရားခံတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရက KNU ထိပ်တန်းခေါင်းဆောင်တွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကိုတော့ ပြည်ထောင်စုအစိုးရဘက်က သမ္မတရုံးပြည်ထောင်စုဝန်ကြီးတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တာဝန်ရှိသူတွေ၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတိုးစေးဖိုးနဲ့ ကာကွယ်ရေးဌာနက ဗိုလ်ချုပ်ကြီး စောရာဂျာခင်၊ ဗိုလ်မှူးကြီးတူးတူးလေးနဲ့ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အပြင်းအထန်ဖော်ဆောင်နေချိန်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ဖာပွန်ခရိုင်တပ်မဟာ ၅ က သဘောထားတင်းမာမှုတွေ ရှိတယ်ဆိုပြီးပြောဆိုမှုတွေ လည်းရှိနေတာပါ။

ဒါပေမဲ့ တပ်မဟာ ၅ ကတော့သူတို့အနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေအကြားမှာ ဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ သီးခြားရပ်တည်နေတဲ့ သဘောမရှိဘူးလို့ တရားဝင်ပြောဆိုခဲ့ပါတယ်။

ပြည်တွင်းက ပြည်သူတွေအကြား အခုလိုဗုံးလန့်မှုတွေဟာ အောက်တိုဘာလ ၉ ရက်နေ့ကနေ စဖြစ်ခဲ့တာပါ။ ဒီကနေ့မနက် အစောပိုင်းမှာလည်း ရန်ကုန်မှာရှိတဲ့ လမ်းမတော်မြို့နယ်က မော်တင်ဈေးဝယ်စင်တာမှာ ဗုံးလန့်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ပေါက်ကွဲမှု (၆) ကြိမ်၊ မိုင်းရှင်းလင်းပြီး ဘေးအန္တရာယ် ကင်းအောင် ဆောင်ရွက်ပေးနိုင်မှု (၄) ကြိမ်၊ စုစုပေါင်း (၁၀) ကြိမ် ရှိခဲ့ပါတယ်။ ဒီကနေ့ကျင်းပခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ သတင်းစာရှင်းလင်းပွဲ ဟာဆိုရင် KNU က သဘောထားထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပြီးတော့ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ တိုက်ရိုက်မပတ်သက်သလို အစိုးရအနေနဲ့လည်း မပတ်သက်ဘူးလို့ တက်ရောက်ရှင်းလင်းခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်နဲ့ ဖဒိုစောရွှေမောင်းတို့က ပြောခဲ့ပါတယ်။
XS
SM
MD
LG