[[Zawgyi/Unicode]]
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာနယ်မြေအားလုံးနီးပါးမှာ KNLA၊ KNDO တပ်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာပါတယ်။ အရင်က တိုက်ပွဲမရှိခဲ့တဲ့ တနင်္သာရီတိုင်းက KNU တပ်မဟာ (၄) နယ်မြေတွေမှာပါ တိုက်ပွဲတွေ ရှိလာတာပါ။ မြန်မာစစ်တပ်က လေကြောင်းသုံးပြီး တိုက်ခိုက်နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေ တိုးများလာတယ်လို့ အကူအညီပေးသူတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
KNU တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ မွန်ပြည်နယ်၊ သထုံခရိုင်ထဲမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် အရပ်သားနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် တပ်မဟာ (၇) တခုကလွဲလို့ ကျန်တဲ့ တပ်မဟာအားလုံးနီးပါးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေတာပါ။
ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာလည်း တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက တောင်ကြာအင်းနဲ့ လောင်းကိုင်ကျေးရွာတွေဘက်ကို စစ်တပ်ကဝင်ရောက်လာတဲ့အတွက် အရပ်သား အများအပြား ထွက်ပြေးနေရပါတယ်။ အခုနောက်ပိုင်း မြန်မာစစ်တပ်က အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့တိုင်းလုပ်လာတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တခုဖြစ်တဲ့ ကျားဖြူတပ်ခွဲ (၅) ရဲ့ တပ်ခွဲမှူး ကိုဇွဲက ပြောပါတယ်။ အထူးသဖြင့် ညပိုင်းအချိန်မှာ အရပ်သားနေအိမ်တွေဆီ ပစ်ခတ်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးရတာဖြစ်ကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့ ကျား (၅) ကင်းစိုက်ထားတဲ့ ဂွင်ဆိုရင် ရွာက လေးငါးခြောက်ရွာ ဧရိယာဝန်းကျင်ရှိတယ်၊ နေရာအကျယ်ကြီးပေါ့ဗျာ၊ အဲဒီအကျယ်ကြီးကို ရဲတွေ၊ စစ်သားတွေ လုံးဝမဝင်တော့ဘူး။ ဘာအဖွဲ့အစည်းမှ မဝင်ဘူး၊ ကျနော်တို့နေတဲ့ နေရာကို။ သူတို့က ဘာလို့သတ်မှတ်လဲဆိုတော့ ဒီနယ်မြေဟာ သူတို့နဲ့ မဆိုင်တော့သလို သတ်မှတ်ပြီး သူတို့စိတ်ပေါက်ရင် ပေါက်သလို လက်နက်ကြီးပစ်တာ။ ဘယ်လိုမှ ရွာသူရွာသားတွေက နေထိုင်လို့ မရတော့ဘူး။ အိုးပစ်အိမ်ပစ် ပြေးသွားရတာပေါ့။ ကျနော်တို့ရှိနေရင် ဒါမျိုးပစ်ခံရမယ်ဆိုတဲ့ အကြောက်တရား သွင်းပေးတာပေါ့။ တနေ့ မပစ်ခံရဘူးဆိုရင် အနည်းဆုံး လက်နက်ကြီးက ၁၂၀ (မမ) လေးငါးလုံး ပစ်ခံရတယ်။ ၆၀ ကတော့ လေးငါးဆယ်လုံး ပစ်ခံရတယ်။ တခါတခါ တော်တော်ပစ်တဲ့ရက်ဆို လေးငါခြောက်ဆယ်၊ ခုနစ်ဆယ်၊ ရှစ်ဆယ်အထိပစ်တယ်။"
အလားတူပဲ KNU တပ်မဟာ(၄) နယ်မြေဖြစ်တဲ့ တနင်္သာရီ၊ မြိတ်၊ ထားဝယ် စတဲ့မြို့နယ်တွေမှာလည်း အခုနိုဝင်ဘာလကစပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ စဖြစ်လာပါတယ်။ တလအတွင်းမှာ အကြိမ် ၃၀ ကျော်အထိ ဖြစ်ခဲ့တာပါ။ KNU တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်ထဲက ဒေသခံတွေကိုလည်း စစ်တပ်က ဖိအားပေးပြီး နေရပ်ပြန်နေဖို့ လိုက်လံနှိုးဆော်နေတာ ရှိပါတယ်။ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်က ဒေသခံတဦးက အခုလိုပြောပြပါတယ်။
"အနီးစပ်ဆုံး ကျောက်တန်းရွာအထိကတော့ ပြန်နေကြတယ်။ ဟိုဘက်သံဆိပ်ကျတော့ သံဆိပ်မှာလည်း ရှိတယ်၊ ပဒဲကောမှာလည်းရှိတယ်ဆိုတော့ သူတို့က မပြန်ရဲကြဘူး။ ဒီမှာပဲနေကြတယ်။ ညညတော့ ပစ်သံတွေ အမြဲတမ်းကြားရတယ်။ ပြန်လာကြပေါ့နော်- မပြန်လာရင် ရွာတွေမီးရှို့မယ်၊ အိမ်တွေမီးရှို့မယ် ပြောတဲ့အခါကျတော့ တချို့ကလည်းကြောက်တာပေါ့။ ကြောက်ပေမဲ့လည်း ဘယ်ပြန်ရဲမလဲ၊ ကိုယ့်အသက်နဲ့ရင်းပြီး။"
ရွှေကျင်မြို့စွန်နားက ရပ်ကွက်တချို့ကို ပြောင်းပေးဖို့လည်း စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက လိုက်လံပြောဆို နေတာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ညောင်လေးပင်ခရိုင်ထဲမှာ တကျော့ပြန် တိုက်ပွဲတွေဖြစ်လာတာကြောင့် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ရှောင်အများအပြား ရောက်နေတာပါ။ စစ်ရှောင်ဦးရေ ငါးသောင်းလောက် ခန့်မှန်း ရှိလိမ့်မယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
===============
[[Unicode]]