ကရင်ပြည်နယ် မာနယ်ပလော ဒေသ ဟတ်ကြီး ရေကာတာအနီးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ မြန်မာတပ်မတော်တို့ဧပြီ ၂၆ ရက် နေ့ နေ့လည် အချိန်လောက်မှာ တိုက်ပွဲတွေ တနာရီကြာလောက်ဖြစ်ပွားခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုသား လွတ်မြောက်ရေးတပ် တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ KNLA ကြား တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း KNLA အကြံပေး မန်းမန်းမန်းကပြောပြပါတယ်
"ဒီမာနယ်ပလောဒေသမှာပေါ့ နော် ဒီနေ့နေလည် ၁၂နာရီကျော်လောက်မှာဖြစ်တယ် တနာရီကျော်ကျော်လောက် ကြာတယ်။ တပ်မဟာ ၇ နဲ့ ပေါ့ ကျနော်တို့မြင်တာက အဓိက နယ်မြေစိုးမိုးရေးနဲ့ ဟတ်ကြီးရေကာတာစီမံချက်နဲ့ ဆက်စပ်နိုင်တယ်လို့ထင်တယ် စိုးမိုးနယ်မြေလုပ်ပြီး သူတို့ ထိုးဖောက်ဝင်ရောက်လာတာပေါ့နော်။"
မကြာသေးခင်တုန်းကတော့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းက ကေအန်ယူ တပ်မဟာ ၅နယ်မြေမှာ ကေအန်ယူတပ်တွေနဲ့ မြန်မာ့တပ်မတော်တို့ဟာ လမ်းတိုးချဲ့ဖောက်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ မတ်လကတည်းက တိုက်ပွဲတွေဖြစ် ခဲ့ပြီးတဲ့နောက်မှာတော့ ရွာသား ၂၃၀၀ကျော်ဟာ နေရပ်ကိုစွန်ခွာပြီး စစ်ဘေးရှောင်ခဲ့ရပါတယ်။
အခုဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်မဟာ တွေကို မြန်မာ့ တပ်မတော်ဘက်က တိုးချဲ့ချဉ်းကပ်မူတွေ ရှိလာတယ်လို့လည်း သူကဆက်ပြောပြ ပါတယ်
"ထိတွေ့မူက တပ်မဟာ ၅နဲ့လည်းရှိတယ် တပ်မဟာ ၇ နဲ့လည်း ဖြစ်တယ် တခြား တပ်မဟာ ၂ ဘက်ကိုလည်း ချဉ်းကပ်လာတယ် တပ်မဟာ ၆ဘက်ကိုလည်း တိုးချဲ့ချဉ်းကပ်လာတာ ကျနော်တို့ သိရတယ် ။ ထိတွေ့မှုတွေကို ဘယ်လိုရှောင်ရှား ရမယ်ဆိုတာ ကျနော်တို့ နည်းလမ်းရှာရမှာပေါ့။
ကေအန်ယူအနေနဲ့ ၂၀၁၂ခုနှစ်က မြန်မာတပ်မတော်နဲ့ အပစ်အခပ်ရပ်စဲရေးလုပ်ခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အန်စီအေကိုတော့ တခြားတိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲနဲ့ အတူ ၂၀၁၅ခုနှစ်အောက်တိုဘာလ ၁၅ရက်နေ့မှာ လက်မှတ်ရေးထိုးတာပါ။ ဒါပေမဲ့ တပ်တည်နေရာကိစ္စတွေ နယ်မြေမချဲ့ဖို့ကိစ္စတွေ ကိုတော့ ဆွေးနွေးညှိနှိုင်းမူတွေ လုပ်နေရဆဲဖြစ်ပါတယ်။ ဒီကာလမှာပဲ နယ်မြေစိုးမိုးရေး ကိစ္စနဲ့ပတ်သက်ပြိး လမ်းဖောက်လုပ်မူတွေလုပ်တယ်ဆိုပြီး ကေအန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တချို့နဲ့ တိုက်ပွဲတွေပြန်ဖြစ် ခဲ့ပါတယ်။