သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမှာ စစ်ရေးတင်းမာ  


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ကော့ဗိန်းရဲစခန်းကို KNLA ကရင်လက်နက်ကိုင်အဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပုံ။ (ဇန်နဝါရီ ၁၆၊ ၂၀၂၃/ ဓာ်တ်ပုံ-ပူးပေါင်းတပ်ဖွဲ့)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ကော့ဗိန်းရဲစခန်းကို KNLA ကရင်လက်နက်ကိုင်အဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပုံ။ (ဇန်နဝါရီ ၁၆၊ ၂၀၂၃/ ဓာ်တ်ပုံ-ပူးပေါင်းတပ်ဖွဲ့)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး ခရီးသွားတွေကိုလည်း KNU က သတိပေးထားပါတယ်။ ကရင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဇန်နဝါရီလ ၁၆ ရက်နေ့က ကော့ဗိန်းရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

“KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ပစ်တယ်။ စီးနင်းတာပဲ။ ဘယ်စစ်ကြောင်းတွေပါသလဲ မသိဘူး။ ကော့ဗိန်းရဲစခန်းကိုဝင်စီးပြီး ပြန်ဆုတ်သွားတယ်။ စခန်းကိုတော့ မီးရှို့သွားခဲ့တယ်။”

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ကော့ဗိန်းရဲစခန်းပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကလည်း အတည်ပြုပါတယ်။

“ ကော့ဗိန်းရဲစခန်းကိုတော့ ဝင်ပစ်တာမှန်တယ်။ အထိခိုက် အကျဆုံးသတင်းတော့ မသိရသေးဘူး။ ကော့ကရိတ်မှာက ကော့ဗိန်းဆိုတာ မွန်ပြည်နယ်အစပ်မှာပေါ့။ အစွန်ဆုံးမှာ၊ နယ်မြေရဲစခန်းပေါ့။”

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဘုရားသုံးဆူကားလမ်းမှာ ခရီးသွားယာဉ်တွေသွားလာတာမလုပ်ဖို့ကေအန်ယူက စာထုတ်လိုက်ကြောင်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဘုရားသုံးဆူနဲ့ မုဒုံလမ်းကိုပိတ်လိုက်တာ။ တိုက်ပွဲတွေအဖြစ်များတော့ ခရီးသည်တွေ အန္တရာယ်အဖြစ်များမှာစိုးလို့ တိုက်ပွဲတွေဖြစ်ရင် ထိခိုက်မှာစိုးလို့ပိတ်ထားလိုက်တာ။”

ကရင်ပြည်နယ် ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တပတ်ကျော်ကြာ ယာဉ်တွေသွားလာခွင့်မပြုကြောင်း ကေအန်ယူ ဒူးပလာယာခရိုင်အတွင်းရေးမှူး စောလစ်စတန်အမိန့်နဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ လဆန်းကစပြီး ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီရဲ့တပ်စခန်းတွေ ဝင်ရောက်တိုက်ခိုက်ခံရပါတယ်။စစ်ကောင်စီကလည်း လေကြောင်းကနေ တပတ်ကျော်ကြာ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]











XS
SM
MD
LG