[[Zawgyi/Unicode]]
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်ရေးဆိုင်ရာအရာရှိနဲ့ ဝန်ထမ်းအနည်းဆုံး ၁၁ ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စနေနေ့ မနက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီဘက်ကလို့ယူဆရတဲ့ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ဖမ်းဆီးခံရသူတွေရဲ့ဓါတ်ပုံတွေကို ဖော်ပြလာပေမဲ့ KIO ဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး စုံစမ်းဆဲဖြစ်ကြောင်း တုံ့ပြန်ပါတယ်။ မြစ်ကြီးနားမြို့မှာ KIO အုပ်ချုပ်ရေးအရာရှိတွေ အဖမ်းခံရတဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။
KIO ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိနဲ့ ဝန်ထမ်းတွေဟာ ဒီလ ၁၃ ရက်နေ့ မနက် အစောပိုင်းက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် Happy KTV ဆိုင်မှာ ဖမ်းဆီးခံရတဲ့အကြောင်း မြစ်ကြီးနားမြို့ခံတဦးက VOA ကို ပြောပါတယ်။
“အဲဒါက ၁၁ ရက်ညမှာ ဖားကန့်ဘက်က အရာရှိတယောက်က ဒကာခံတယ်ဆိုပြီးမှ သူတို့သွားကြတယ်လို့တော့ ပြောတာပဲ။ အဲဒါနဲ့ Happy KTV တပ်ကုန်း ရွှေလမ်းမ ဘေးမှာ ဖွင့်ထားတဲ့ အဲဒီ Happy KTV မှာပေါ့။ သူတို့ တညလုံးနေပြီးမှ နောက်မနက် ၅ နာရီ။ ၅ နာရီခွဲ အဲဒီကြားမှာ လာဖမ်းသွားတာပေါ့။ KIO အုပ်ချုပ်ရေးပိုင်းဘက်က လူကြီးပိုင်းတွေ အတော်များများပါသွားတယ်လို့တော့ ပြောတယ်ဗျ။ ကြားတာတော့ ၁၃ ယောက်လို့တော့ ကြားတာပဲ။ ၁၂ ရက်နေ့မနက် ၅ နာရီလောက်မှာပေါ့။”
ဒေသတွင်းသတင်းမီဒီယာအချို့က ဖမ်းဆီးခံရသူ ၁၆ ဦးအထိ ရှိနိုင်ကြောင်း သတင်းထုတ်ပြန်တာတွေ ရှိပါတယ်။ စစ်ကောင်စီဘက်ကလို့ ယူဆရတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ၁၄ ရက်နေ့ မနက်ပိုင်းမှာ KIO အရာရှိ ၁၀ ဦးနဲ့ အခြားအဆင့် ၁ ဦး ဖမ်းမိကြောင်းသတင်းဓါတ်ပုံတွေကို အမည်၊ ရာထူးတာဝန်နဲ့တကွ ဖော်ပြထားပါတယ်။
KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO အုပ်ချုပ်ရေးပိုင်း အရာရှိတွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး သတင်းအတိအကျမရသေးကြောင်း ပြောပါတယ်။
“ သတင်း အတိအကျ မရသေးဘူးခင်ဗျ။ အခုက စုံစမ်းစစ်ဆေးနေတဲ့အနေအထားပဲ ဖြစ်ပါတယ်။ ကျနော်တို့ကိုလည်း သက်ဆိုင်ရာ မိခင်ဋ္ဌာနဘက်နေ တရားဝင်သတင်းပို့လာတာလည်း မရှိသေးဘူး။ ဒါကြောင့်ကျနော်ကတော့ ဓါတ်ပုံအပေါ်မှာလည်း ဖြေကြားဖို့ အချက်အလက်တွေ ဘာမှ မရှိသေးဘူးခင်ဗျ။”
ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ညက ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း KIO ကချင် လွတ်လပ်ရေးအဖွဲ့ တည်ထောင်တဲ့ ၆၂ နှစ်ပြည့် အခမ်းအနားအကြို ဂီတ ဖျော်ဖြေပွဲကျင်းပစဉ် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA စစ်ဘက်အရာရှိတွေ၊ ကချင်အနုပညာရှင်တွေအပါအဝင် လူ ၆၀ ကျော် သေဆုံးပြီး ၆၀ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း KIA က ပြောပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ဒီ တိုက်ခိုက်မှုအတွင်းမှာ KIA တပ်မဟာမှူးအပါအဝင် KIA တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေသာ သေဆုံးခဲ့တယ် ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
#KIO #KIA #စစ်ကောင်စီ #နော်ဘူ #HappyTV #မြစ်ကြီးနား
===============
[[Unicode]]
===============