သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်မြို့နယ်တွင်း ပြည်သူ့စစ်စခန်းတခုကို KIA တိုက်ခိုက်


KIA တပ်ဖွဲ့ဝင်များ (AFP)
KIA တပ်ဖွဲ့ဝင်များ (AFP)

[[Zawgyi/Unicode]]

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ရွာအခြေစိုက် ပြည်သူ့စစ်စခန်းကို ဒီကနေ့ မနက်အစောပိုင်းက ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က လာရောက်တိုက်ခိုက် ခဲ့ပြီးနောက် မနက် ၈ နာရီခွဲလောက်အထိ ဝိုင်းမော်- ဆဒုံးကားလမ်းကို ပိတ်ခဲ့ပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်းက တိုက်ပွဲတွေသတင်း ရန်ကုန်က စုစည်းပေးပို့တာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ ဒီလ ၁၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KIA ကြား တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ရေးတင်းမာမှုတွေ တောက်လျောက်ရှိနေခဲ့တာပါ။ ဒီကနေ့မနက် အစောပိုင်း ၂ နာရီအချိန်လောက်မှာတော့ KIA တပ်ဖွဲ့တွေက ဝူယန်ရွာက ပြည်သူ့စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ဝူယန်မှာ ၂၈ ပေါ့ ။ ဒီကနေ့ဖြစ်တယ်။ ၂ နာရီမှာ။ တိုက်ပွဲဖြစ်တယ်။ ၃ နာရီထိ ဖြစ်တယ်။ မနက်မိုးလင်းလာတော့ စစ်ကူလည်းအများကြီး လမ်းမှာ။ ၈ နာရီထိ လမ်းကို ပိတ်လိုက်တာ။ အဆင်းလည်းမရဘူး။ အသွားလည်း မရဘူး။ ကားတွေအားလုံးပိတ်လိုက်တယ်။ နောက်ပြီးတော့ ၈ နာရီခွဲလောက်မှာတော့ ကျောင်းပို့တဲ့လူတွေကိုတော့ သွားပို့ခိုင်းတယ်။ စစ်ဆေးမှုက များတယ်။ ဖုန်းအားလုံးကို စစ်ဆေးတယ်။ ဆိုင်ကယ်လည်း အဝင်အထွက်မရဘူး။”

တိုက်ပွဲဖြစ်ပွားစဉ်မှာ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေ ရှိကြောင်းလည်း ဆက်ပြောပါတယ်။

“ စခန်းရဲ့အရှေ့ ဘောလုံးကွင်းရဲ့ နောက်မှာ ရွာမဆိုတာ ရပ်ကွက်ရှိတာပေါ့။ အဲဒီဘက်မှာ ၂ အိမ်မှာကျတော့ ဗုံးကျတာပေါ့။ ဗုံးကျတော့ လူတော့ အထိအခိုက်မရှိဘူး။ ဒါပေမဲ့ အိမ်ကတော့ ထိတယ်တဲ့။ အဲဒီတအိမ်မှာကျတော့ ခြံအဝင်ထဲက သရက်သီးပင် အားလုံးကျိုးကျသွားတာပေါ့။ အဲလိုမျိုး။ အဲဒါကျတော့ ပေါက်ကွဲမှုပေါ့။ ဦးလမာလီတို့အိမ်မှာကျတော့ အဲဒီ လက်နက်ကြီးကတော့ ကျတော့ ကျတယ်။ မကွဲဘူးပေါ့။ အခု ၁၀ နာရီထိကျတော့ အုပ်ချုပ်ရေးတွေကို ပြောပြပြီး လာတော့ မယူသေးဘူးလို့ ပြောကြတယ်။”

KNG ခေါ် ကချင်သတင်းဌာနကတော့ ဝူယန် ပြည်သူ့စစ်စခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ် ၄၀ လောက် နေထိုင်ကြောင်းနဲ့ တိုက်ပွဲအတွင်းမှာ ၆ ယောက်သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရခဲ့ကြောင်း ရှေ့တန်း KIA တာဝန်ရှိသူကို ကိုးကားပြီး သတင်းရေးသားထားပါတယ်။

ဒီလ ၁၁ ရက်နေ့ကတော့ ဝိုင်းမော်မြို့နယ် နန်ဇော်ယန်ရွာဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကပါတိုက်ခိုက်ခဲ့သလို နောက်ပိုင်းမှာလည်း နေ့စဉ်လို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း KIA ဘက်က ပြောဆိုထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြားမှာ မနေ့ ဗုဒ္ဓဟူးနေ့ နေ့ခင်း ၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ၃ နာရီနီးပါးကြာမြင့်ခဲ့ပြီး နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်အခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မွန်းလွဲ ၁နာရီလောက်ကတော့ ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းဘက်မှာ တိုက် ပွဲဖြစ်ပွားကြောင်း၊ ၂ နာရီကျော်မှာ ငြိမ်သက်သွားကြောင်း သူက အခုလို ဆက်ပြောပါတယ်။

“ ဒီနေ့ကတော့ နမ့်ဖလွန်းဘက်လို့ ပြောတာပဲ။ ခါတိုင်းဖြစ်နေကျ ဟိုနောင်ဘက်ပေါ့။ ၁ နာရီဝန်းကျင်လောက်က ဖြစ်တာ။ ၁ နာရီ ဝန်းကျင်လောက်ကနေ ထုနေတာ။ အခုတော့ လောလောဆယ် လက်နက်ကြီးတော့ နည်းနည်းငြိမ်သွားပြီ။”

ဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်နဲ့ KIA ကြားဖြစ်ပွားတာလို့ဒေသခံတွေက ပြောပေမယ့် အတည်ပြုချက်ရယူဖို့ KIA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလ ၂၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြားတိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ၃ နှစ်အရွယ်ကလေးငယ်တဦး ဦးခေါင်းကို လက်နက်ကြီး ကျည်စထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်ဒေသဘက်တွေမှာ တိုက်ပွဲတွေဖြစ် ပွားနေတဲ့ တချိန်တည်းမှာတော့ မိုင်းရှုးမြို့နယ်ဘက်မှာ စစ်ကောင်စီက တပ်စခန်း ၃ ခုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတာကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က လက်မခံတဲ့အတွက် စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]















XS
SM
MD
LG