သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား


KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား
KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား

ပြီးခဲ့တဲ့လတည်းက စတင်ပြီး နှစ်ဘက်တပ်တွေအကြား တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရတပ် အကြားမှာ ဒီကနေ့ မနက်စောစောက တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ရာ ဒေသကို အစိုးရဘက်က တပ်တွေ တိုးမြှင့် စေလွှတ်နေပါတယ်။ ဒီလို တိုက်ပွဲဖြစ်ပွားတာဟာ မြန်မာအစိုးရဘက်က စစ်သားတွေ KIA နယ်ထဲ ဝင်ရောက်လာတာကို ဖမ်းဆီးထားရာက စတင်တာပါ။ KIA ဘက်ကတော့ နောက်ဆက်တွဲ တိုက်ပွဲတွေ မဖြစ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရဘက်က ခမရ ၄၃၇ က ကချင်ပြည်နယ် မိုးမောက်မြို့ အရှေ့မြောက်ဘက် တရုတ်၊ မြန်မာ နယ်စပ်ဒေသ အနီးမှာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ တပ်ရင်း ၁၅ ကို ဝင်ရောက် တိုက်ခိုက်ရာကနေ ဒီမနက်မှာ တိုက်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲ အခြေအနေကို KIA အရာရှိတွေနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ တရုတ်၊ မြန်မာ နယ်စပ်က ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

“ဖြစ်တာကတော့ သူတို့က ပစ်ရင်းနဲ့ တက်လာတာကိုး။ သူတို့က စပစ်တာ။ အဲဒီတော့မှာ KIA တပ်ရင်း ၁၅ ရဲ့ တပ်က ပစ်ရတာ။ တကယ် တိုက်ပွဲစတဲ့ အချိန်ကတော့ ၇ နာရီ ကျော်ကျော်ပေါ့။ ပစ်ပြီး သူတို့လည်း ကျသွားရော KIA လည်း ကိုယ့်စခန်းထဲက မထွက်ဘူး။ သူတို့က စခန်းကို ထိုးတာလည်း မဟုတ်ဘူး။ ပစ်ပြီး တက်လာလိုက်၊ အမြောက်တွေ ပစ်လိုက်၊ အဲဒီနားမှာ ရပ်နေလိုက်နဲ့ အဲဒီလိုဖြစ်တာ။ တလျှောက်လုံး ဖြစ်နေတာ အခုချိန်ထိပဲ။ တနေကုန် နီးပါးလောက် ဖြစ်နေတာ။”

အခုလို တိုက်ပွဲဖြစ်တာကတော့ မနေ့က အစိုးရတပ်ဘက်က အရာရှိတယောက်နဲ့ တပ်သားတယောက် KIA တပ်ရင်း ၁၅ နယ်မြေထဲကို ဝင်ရောက်လာရာမှာ KIA ဘက်က ဖမ်းဆီးလိုက်တာကြောင့် ဖြစ်တယ်၊ အစိုးရတပ်ဘက်က သူတို့လူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကို KIA ဘက်က အထက်ညွှန်ကြားချက် မရသေးတာကြောင့် ချက်ချင်း ပြန်မလွှတ်ပေးတဲ့နောက် ဒီကနေ့ မနက်မှာ ဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဒီတိုက်ပွဲအတွင်းမှာ အစိုးရတပ်ဘက်က ၃ ယောက်သေ၊ ၁၁ ယောက် ဒဏ်ရာရပြီး ၆ ယောက်က ပြင်းထန်တယ်၊ နောက် KIA ဘက်က ထိခိုက်ကျဆုံးတာ မရှိဘူးလို့ ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီကနေ့ ညနေပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားရာ ဒေသဘက်ကို အစိုးရတပ်တွေ တိုးမြှင့် စေလွှတ်နေတယ်လို့ ဦးအောင်ကျော်ဇော်က အခုလို ဆက်ပြောပါတယ်။

“ခမရ ၄၃၇ နဲ့ ဖြစ်ပြီးနောက်မှာ တပ် တော်တော်များများ ရှေ့ရောက်လာတယ်။ ၃၁၉ တို့၊ ၃၂၀ တို့၊ တပ်ရင်း ၄ ရင်းလောက်ပေါ့။ ဟိုက ၂၀၊ တပ်ရင်း ၁ က လူ ၇၀၊ အဲဒီလို ပူးပေါင်းပြီး တက်လာတာ အခု ဖြစ်တဲ့နေရာတဝိုက်မှာ သူတို့အင်အားက ၆၀၀ ကျော်၊ ၇၀၀ နီးပါးလောက် ဖြစ်နေပြီ။”

KIA ဘက်ကို ဒီတိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ အမည်မဖော်လိုသူ အရာရှိတဦးက တိုက်ပွဲဖြစ်တာ ဟုတ်မှန်ကြောင်းနဲ့ ဒီတိုက်ပွဲဟာ နေ့ခင်း ၁၂ နာရီလောက်မှာ ပြီးဆုံးသွားကြောင်း ပြောပါတယ်။ လောလောဆယ် အစိုးရဘက်နဲ့ ပြဿနာ ထပ်မကြီးအောင် ညှိနှိုင်းနေတာကြောင့် အသေးစိတ် ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

ပြီးခဲ့တဲ့လ ၁၉ ရက်နေ့ကလည်း အစိုးရတပ်ဘက်က စစ်ပြေးတယောက် KIA တပ်ရင်း ၂၅ နယ်မြေအတွင်း ဝင်ရောက် ထွက်ပြေးခဲ့တဲ့နောက်မှာ အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ အနည်းဆုံး ၃ ကြိမ်လောက် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အစိုးရတပ်တွေက KIA အခြေစိုက်တဲ့ တပ်စခန်းတွေ အနီးမှာ လှုပ်ရှားနေတာကြောင့် KIA ဘက်က အစိုးရတပ်တွေကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းပေးဖို့ KIA ဘက်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို စာပေးပို့ခဲ့ပါတယ်။ အစိုးရဘက်ကတော့ တရားဝင် တုံ့ပြန်တာ မရှိခဲ့ပါဘူး။

KIA တပ်ဖွဲ့ဟာ ၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရက တောင်းဆိုခဲ့တာကို လက်မခံတဲ့နောက်မှာ နှစ်ဘက်တပ်တွေအကြား တင်းမာမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် နှောင်းပိုင်းမှာတော့ KIA ဘက်က နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းရေးကို လုံး၀ ငြင်းပယ်ခဲ့ပြီး စစ်အစိုးရနဲ့ မပြေလည်တဲ့ ပြဿနာတွေကို ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရနဲ့ ဆက်လက် ဆွေးနွေးမယ်လို့ တုံ့ပြန်ထားပေမဲ့ အခုချိန်ထိတော့ တိုးတက်မှု တစုံတရာ မတွေ့ရသေးပါဘူး။

XS
SM
MD
LG