အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အရေး လုပ်ထုံးလုပ်နည်း Code of Conduct ပီပီပြင်ပြင် ပေါ်ပေါက်ရေးနဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီယားကင်းမဲ့ရေးအတွက် ကျန်အသင်းဝင်နိုင်ငံတွေနဲ့အတူ ဆောင်ရွက်သွားဖို့အတွက် အခုကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း သမ္မတဦးစိန်ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ မကြာခင်မှာ ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးညီလာခံပေါ့နော်။ အာဆီယံထိပ်သီးညီလာခံ ကျင်းပတဲ့နေရာမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံအနေနဲ့ ဒီပွဲကဆိုလို့ရှိရင် အကြီးအကျယ် နောက်ဆုံးနွဲရမယ့်ပွဲပေါ့နော်၊ ဒီပွဲပြီးလို့ရှိရင် ထွက်လာမယ့် ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အများက စိတ်ဝင်စားနေကြတာကတော့ တောင်တရုတ်ပင်လယ်အရေးပေါ့၊ တောင်တရုတ်ပင်လယ်အရေးဆိုတဲ့နေရာမှာလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ သြဇာညောင်းမယ်လို့ နိုင်ငံတကာက မြင်တာ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မြန်မာအနေနဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဘာတွေများ ပြင်ဆင်ထားတာ ကြားမိပါလဲရှင့်။
ဖြေ။ ။ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်လို့ကတော့ အာဆီယံဥက္ကဋ္ဌရာထူး စယူမယ်ဆိုကတည်းကိုက (အမကြီး အခုနက ပြောသလိုပဲ) နိုင်ငံအတော်များများက တရုတ်နိုင်ငံရဲ့သြဇာလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာ ဦးဆောင်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးရယ်၊ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရယ်- အဲဒီ ၂ ကြိမ်ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် တောင်တရုတ်ပင်လယ်နဲ့ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောထားအပေါ်မှာ ရပ်တည်ပြီးတော့မှ မှန်ကန်တဲ့ဖြေရှင်းမှုတွေ လုပ်နိုင်တာကို တွေ့ပါလိမ့်မယ်။ အမကြီး သတိရမယ်ဆိုရင် နှစ်ဆန်းပိုင်းတုန်းက ကျနော်တို့ တော်တော်လေး တင်းမာမှုမြင့်ခဲ့တာတွေ ရှိပါတယ်။ ရေနံတွင်းတူးစင်နဲ့ပတ်သက်ပြီးတော့၊ သို့သော် ကျနော်တို့ရဲ့ ကြားဝင်ညှိနှိုင်းမှုဆိုတာက အမကြီးတို့ သိခဲ့တဲ့ ထုတ်ပြန်ကြေညာချက်အရရော၊ အစည်းအဝေါ်ခန်းမတွေအတွင်းမှာ ညှိနှိုင်းဖြေရှင်းပေးမှုအရရော၊ ဘာပဲပြောပြော တောင်တရုတ်ပင်လယ်မှာ တင်းမာမှုအရှိန် လျော့ကျသွားတာကို တွေ့ရမှာပါ။
ဒီအစည်းအဝေးမှာတော့ ဘာကို မျှော်မှန်းထားလဲဆိုတော့ Code of Conduct တခု အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် ဘယ်လိုစပြီးတော့ အစီအစဉ်နဲ့ လုပ်ကြမလဲဆိုတဲ့ ခိုင်ခိုင်မာမာ သဘောတူချက်တစ်ခု ရနိုင်ဖို့တော့ ကျနော်တို့အားလုံးဝိုင်းပြီးတော့ ကြိုးစားဖို့ မျှော်လင့်ထားပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ နောက်တခုက မြောက်ကိုရီးယားအရေးပေါ့နော်၊ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီးတော့ - အရှေ့အာရှ ထိပ်သီး ညီလာခံဆိုတော့ --အလယ်ကျင်းပမှာဆိုတော့ မြောက်ကိုရီးယားကလည်း အရှေ့အာရှပိုင်းမှာ ပါလာတာပေါ့လေ၊ အဲဒီတော့ မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်လို့ရော သူတို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာဘဲနဲ့ ဒုံးလက်နက် စမ်းသပ်တာတွေ ရှိနေပါတယ်။ အဲဒီအရေးနဲ့ ပတ်သက်လို့ရော ဘယ်လိုများ စဉ်းစားထားပါလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ ဥက္ကဋ္ဌထုတ်ပြန်ချက်ထဲမှာလည်း ဒီကိစ္စကို ကျနော်တို့ ပြောထားပါတယ်။ အဓိက ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ အာဆီယံရဲ့ ရပ်တည်ချက်ပေါ့လေ။ နံပါတ် (၁) ကတော့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယားကင်းမဲ့ဇုန်ဖြစ်ရမယ်၊ (၂) ကတော့ သက်ဆိုင်သူအားလုံးက တင်းမာမှုဖြစ်စေမယ့် အပြုအမူတွေကို ရှောင်ရှားရမယ်။ နောက်တစ်ခုကတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ပေါ့။ -- ကျနော်တို့ ညွှန်းဆိုလို့ ပြောကြားခဲ့တာတွေ ရှိပါတယ်။ ဒီတခေါက်မှာလည်း ဒီအခြေခံအချက် (၃) ချက်ပေါ်ကပဲ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ ဒီအစည်းအဝေးပွဲကြီး ပြီးတဲ့အခါမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံလက်ထဲကို လွဲှပြောင်းပေးရမှာပါ။ အဲဒီတော့ မလေးရှားနိုင်ငံလက်ထဲကို ချောချောမွေ့မွေ့ လွဲှပြောင်းပေးနိုင်အောင်လို့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းချက်တွေပေါ့လေ၊ နောက်ဆုံး ပြန်ကြည့်မယ်ဆိုရင် ဝန်ကြီးအနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါလဲရှင့်။
ဖြေ။ ။ ကျနော်တို့ တာဝန်ယူမယ်ဆိုတဲ့အချိန်မှာ - သံသယတွေ အများကြီးရှိပါတယ်။ အဓိက-ကတော့ အခုနကပြောသလိုပေါ့၊ ဒေသတွင်းအရေးနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့က မှန်ကန်တဲ့ဦးဆောင်မှု ပေးနိုင်မလား၊ (၂) ကတော့ အစည်းအဝေးကျင်းပတဲ့အခါမှာ အပိုင်း (၂) ပိုင်းရှိတာပေါ့။ (၁) ကတော့ အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စတွေ၊ (၂) ကတော့ ဘာသာရပ်ဆိုင်ရာ ကိစ္စတွေမှာ မြန်မာနိုင်ငံအနေနဲ့ လုပ်နိုင်စွမ်းရှိပါ့မလားဆိုတာပါ။ ကျနော်တို့ရဲ့ ဥက္ကဋ္ဌသက်တမ်းတလျှောက်လုံးမှာ အမကြီးတို့ ပြန်ကြည့်မယ်ဆိုရင် ဒီတာဝန်တွေအားလုံးကို ကျနော်တို့ အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့တယ်။ တနည်းအားဖြင့် ကျနော်တို့သည် ကျနော်တို့လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီအစည်းအဝေးကြီး တခုလုံးမှာ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့သည် ဥက္ကဋ္ဌရာထူးတာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်။ ဒီလို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ခြင်းဟာ အစိုးရတခုတည်းမဟုတ်ဘူး၊ ကျနော်တို့ပြည်သူတွေရော၊ CSO တွေရော၊ နောက်တခါ ဥပဒေပြုရေးရာမှာမှာပေါ့နော်၊ အာဆီယံနဲ့ ပါလီမန်နဲ့ ချိတ်ဆက်တဲ့နေရာမှာ လုပ်ဆောင်ပေးတဲ့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍရော၊ နောက် နိုင်ငံရေးပါတီတွေ၊ ဒါတွေအားလုံးရဲ့ အောင်မြင်မှုလို့ ပြောလို့ရပါတယ်။
တနည်းအားဖြင့် ဒီအစည်းအဝေးပြီးလို့ရှိရင်တော့ ကျနော်တို့သည် နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ပိုပြီးတော့ မြင့်လာမယ်၊ ဒေသတွင်းကိစ္စတွေမဟုတ်ဘဲ နိုင်ငံတကာ အရေးကိစ္စတွေမှာပါ မြန်မာနိုင်ငံအနေနဲ့ ပိုပြီးတော့ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မယ်လို့ ကျနော် ယုံကြည်တယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ အခုကျင်းပမယ့် (၉) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံကြီးကို အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားလည်း တက် ရောက်ဖို့ လာပါတော့မယ်။ အဲဒီတော့ အရင်တခေါက် သူ ၂၀၁၂ ခုနှစ် လာတုန်းက သမ္မတကြီး ဦးသိန်းစိန်နဲ့ ပြောသွားတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပိုပြီးတော့ခရီးရောက်အောင် ဘာတွေ ဘာတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးတဲ့သဘောပါ။ အဲဒီ အကြံပေးတဲ့ အချက် (၁၁) ချက်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ လုပ်ကိုင်ပေးတာတွေပေါ့- ဥပမာဆိုလို့ရှိရင် IAEA လို့ခေါ်တဲ့ နိုင်ငံကတာ အဏုမြူစွမ်းအင် အေဂျင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာတွေ၊ နောက် အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာတွေ၊ တော်တော်လေးကို လုပ်ခဲ့ပေးတာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့ အချက်တွေ ကျန်နေပါသေးတယ်။ ဥပမာ ဆိုလို့ရှိရင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲ ရန်ကုန်မြို့မှာဖွင့်ဖို့ကိစ္စ အခုထက်ထိ မပြေလည်သေးဘူးလို့ ကြားရပါတယ်။ အဲဒီကိစ္စတွေ ရှိပါသေးတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ရော သမ္မတဦးသိန်းစိန်အနေနဲ့ သမ္မတ ဘရတ်ခ် အိုဘားမားနဲ့တွေ့တဲ့အခါ ဘယ်လိုများ ပြောကြဆိုကြဖို့ ရှိပါသလဲရှင့်။
ဖြေ။ ။ သမ္မတကြီးအိုဘားမားနဲ့စတွေ့တဲ့အချိန်တုန်းက ကျနော်တို့ သူ့ဘက်က အဆိုပြုချက်တွေကို ကျနော်တို့ သဘောတူခဲ့ခြင်းသည် ဘာကို ပြသလဲ ဆိုတော့ သမ္မတကြီးဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအားလုံးကို နိုင်ငံတကာ စံနှုန်းများနဲ့အညီ ဆောင်ရွက်ဖို့အတွက် နိုင်ငံရေးသံန္နိဌာန်ချမှတ်မှုရှိတယ်ဆိုတာကို ကျနော်တို့ ပြခဲ့တာ။ အဲဒီလို ရှိခဲ့တဲ့အတိုင်းလည်း ကျနော်တို့ တကယ်လည်း အကောင်အထည်ဖော်ခဲ့တယ်။ အဲဒီ (၁၁) ချက်မှာ အမကြီးကြည့်မယ်ဆိုလို့ရှိရင် တချို့ဟာတွေက အစိုးရတခုတည်းနဲ့လုပ်လို့ ရတာတွေ ရှိတယ်။ တချို့ဟာတွေကျတော့ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေ ရှိတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးရုံးဖွင့်တဲ့ ကိစ္စဆိုလို့ရှိရင် ကျနော်တို့နဲ့သူတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်က သဘောတူစာချုပ်အတွက် Proposal တင်ထားတာရှိတယ်။ ကျနော်တို့ဘက်က Counter-proposal ပြန်တင်ထားတာရှိတယ်။ သို့သော် အဲလိုရှိပေမယ့် ကျနော်တို့က ဒီလုပ်ငန်းကို ရပ်ထားတာမဟုတ်ဘူး၊ သူတို့ ရုံးမဖွင့်ရသေးဘဲ လက်ရှိ ကျနော်ထင်တယ်၊ တနှစ်လောက်ရှိပါပြီ။ သူတို့ဆီက ကိုယ်စားလှယ် (၃) ယောက်က မြန်မာနိုင်ငံမှာ ရက်ရှည်လများနေထိုင်ပြီးတော့မှ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာနေတာတွေ ရှိတယ်။ ဆိုတော့… တနည်းအားဖြင့်တော့ တရားဝင် မဖွင့်ပေမယ့် unofficially လုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီဆိုတာကိုတော့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီရပါတယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေကို သမ္မတကြီးအိုဘားမားကို ရှင်းပြမှာပါ။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဗွီအိုအေ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက သီးသန့် တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။