သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့နယ် အာရှလမ်းမမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်


ကော့ကရိတ်မြို့နယ်ထဲက ရန်ကုန်-မြဝတီအပိုင်း အာရှလမ်းမကြီးတနေရာကိုတွေ့ရစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၃)
ကော့ကရိတ်မြို့နယ်ထဲက ရန်ကုန်-မြဝတီအပိုင်း အာရှလမ်းမကြီးတနေရာကိုတွေ့ရစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၃)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က အာရှလမ်းမကြီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့ပူးပေါင်းတပ်တို့ကြား ဒီကနေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီမြို့ကို အပြည့်အ၀ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီက အာရှလမ်းမကြီး တလျှောက် စစ်ဆင်နေရာက တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ကရင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲကအာရှလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA /PDF ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၇ ရက်နေ့မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က အာရှလမ်းကိုအင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတက် လာတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်။

“အောင်ဇေယျစစ်ကြောင်းက အာရှလမ်းပေါ်တက်လာတာပေ့ါနော်၊ အာရှလမ်းပေါ်ကို အင်အား ဖြည့်တင်းပြီး တက်လာတာပါ။ မြ၀တီကိုတက်လာဖို့ရည်ရွယ်ချက်ပေါ့။ ကျနော်တို့ KNLA-PDF ပူးပေါင်းတပ်တွေက ပြန်ပြီးတိုက်တဲ့အချိန်မှာ သူတို့ဘက်က ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရနဲ့ သူတို့မှာ ထိခိုက်ကျဆုံးတာများများရှိတယ်။ လက်ရှိ အာရှလမ်းမပေါ်ကအခြေအနေပါ။ ပြီးတော့ ကော့ကရိတ်-တံတားဦးဘက်မှာလည်း တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာပဲ ဒရုန်းတွေကိုဆက်တိုက်သုံးလာပါတယ်။”

ကျုံဒိုးမြို့အတွင်းမှာရှိတဲ့ ခမရ ၅၄၅ တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ကျုံဒိုးအထွက် နွားခြံကုန်း နေရာမှာ စစ်ကောင်တပ်သား အင်အား ၅၀ ထက်မနည်း ကင်းချပြီး လုံခြုံရေးယူထားပါတယ်။ ကျုံဒိုးချောင်းဖျားတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်အင်အားတွေစုပေါင်းပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

ကျုံဒိုးဘက်ကအခြေအနေကိုလည်း ဆက်ပြောပြပါတယ်။

“ကျုံဒိုးဟိုဘက် ဂျိုင်းမြစ်တဘက်ကမ်းမှာလည်း စစ်တပ်က တပ်သားသစ်တွေချထားတယ်။ ထွက်ပြေးတဲ့ရဲဘော်တွေလည်းများတယ်။ အဲဒီ လေးတိုင် ငါးတိုင်ရွာတွေဘက်မှာလည်းတိုက်ပွဲတွေ ဖြစ်နေတယ်။ နေ့တိုင်းနီးပါးပေါ့။ နယ်ခြားစောင့်တပ်က ကင်းလှည့်ပေးတယ်။ အင်အားတွေ ဖြည့်တင်းပေးတယ်။ သူတို့ (စကစ) ကို ကူညီပေးတယ်။”

လတ်တလောမှာတော့ တောနော်ရေတံခွန်အနီးမှာတိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က ပစ် လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျေးရွာတွေပေါ်ကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံတွေ ဟာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်။ ဘားအံမြို့ဘက်ကို ထွက်ပြေးနေကြပါတယ်။

စစ်ကောင်စီဘက်ကတော့ နှစ်ဖက်တိုက်ပွဲအခြေအနေကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ဧပြီလကစပြီး နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးဆိုပြီး အင်းအားအလုံးအရင်းနဲ့ မြ၀တီမြို့ဘက်ကိုတက်လာခဲ့ပေမယ့် ၆ လကျော်ကြာတဲ့အထိ အာရှလမ်းကို စိုးမိုးနိုင်တာမရှိသေးပါဘူး။ ဒါ့အပြင်မြ၀တီဘက်ကိုလည်းအပြည့်အ၀ ထိမ်းချုပ်နိုင်တာမရှိသေးပါဘူး။ အာရှလမ်းကတော့ ပြီးခဲ့တဲ့နှစ်ကစပြီး ပိတ်ထားတာ တနှစ်နီးပါးရှိလာပြီဖြစ်ပေမယ့် အခုချိန်ထိတော့ အဲဒီလမ်းမှာ တိုက်ပွဲတွေဖြစ်နေဆဲပါပဲရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG