သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် ကရင်တိုင်းရင်းသားတွေ နှစ်သစ်ကူးပွဲကျင်းပ


Minnesota ပြည်နယ်မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲ (ဓါတ်ပုံ Karen Community of Minnesota)
Minnesota ပြည်နယ်မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲ (ဓါတ်ပုံ Karen Community of Minnesota)

ဇန်နဝါရီလ (၆)ရက် ပြာသိုလဆန်း (၁)ရက်နေ့ မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ရာမှာ ပြည်တွင်းစစ်ဒဏ် နှစ်ပေါင်းများစွာခံခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေး မဖြစ်မနေ ရယူဖို့ လိုအပ်ကြောင်း အလေးပေးဖေါ်ပြထားပါတယ်။

ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား တွေကို အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ သြစတြေးလျှအပါအဝင် နိုင်ငံတကာရောက် ကရင်ပြည်သူတွေ ဆင်နွဲှကျင်းပခဲ့ကြပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ကရင်ပြက္ခဒိန်အရ ၂၇၅၇ ခုနှစ်ကနေ ၂၇၅၈ ခုနှစ် ကို ကူးပြောင်းတဲ့နှစ်ဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ (၆)ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာပေးပို့ခဲ့ရာမှာ ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဆိုးကျိူးဒဏ်ရာ ဒဏ်ချက်တွေကို ပြင်းထန်စွာ ခံခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေရယူဖို့ လိုအပ်ကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများမှာ ဖြောင့်မတ် တည်ကြည် သတ္တိကြီးရဲ့ ကရင်တိုင်းရင်းသားတွေရဲ့ စွမ်းရည်ကို အထူးအလေးထား အားကိုးကြောင်း ဖေါ်ပြထားပါတယ်။

အရင် ဗြိတိသျှ ကိုလိုနီနယ်ချဲ့လက်အောက် နေရာဒေသအလိုက် နေထိုင်တဲ့အပေါ် မူတည်ပြီး ရှိခဲတဲ့ ကရင်နှစ်သစ်ကူးနေ့ အမျိုးမျိုးကို တနေ့တည်း တပေါင်းတစုတည်း ကျင်းပနိုင်ဖို့ ကရင်ခေါင်းဆောင်တွေ ညှိုနှိုင်းသဘောတူခဲ့တဲ့ ရလဒ်အဖြစ် ပြာသိုလဆန်း (၁)ရက်နေ့ကို ကရင့်နှစ်သစ်ကူးနေအဖြစ် တရားဝင်သတ်မှတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင် Minnesota ပြည်နယ် ကရင်အဖွဲ့အစည်း ဥက္ကဌ စောနေထူးက ဗွီအိုအေကို ပြောပါတယ်။

"အရင်တုန်းက ကရင်တွေက နှစ်သစ်ကူးလုပ်တာ နေရာဒေသအပေါ်မှာပဲ ၊ သူတို့ နေထိုင်တဲ့ နေရာတွေအလိုက်ပဲ လုပ်ကြတယ်လေ။ တောင်ပေါ်မှာနေတဲ့သူတွေလည်း ရက်တမျိုးလုပ်ကြတယ်။ မြေပြန့်မှာ နေတဲ့လူတွေလည်း တမျိုးလုပ်ကြတယ်။ ခရစ်ယာန်တွေလည်း တမျိုးလုပ်ကြတယ်။ ဗုဒ္ဓဘာသာတွေလည်း တမျိုးလုပ်ကြတယ် ပေါ့နော် ရက်တွေလည်းမတူကြဘူး။ ဒါပေမယ့်ကျနော်တို့ ကရင်ခေါင်းဆောင်တွေပေါ့နော် သူတို့ကတော့ အင်္ဂလိပ်ခေတ်မှာပေါ့နော် သူတို့အဲဒီမှာ ကြိုးစားပြီးတော့ အင်္ဂလိပ်အစိုးရဆီမှာ တင်ပြတယ်။ နောက်ဆုံးတော့ ကျနော်တို့ အခွင့်ရတာပေါ့နော်။ အဲဒါတောင်မှာ ကရင်တွေကြားထဲမှာ တော်တော်လေး ခေါင်းဆောင်တွေက ဆွေးနွေးပြောဆိုကြတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေအကုန်လုံးက အစွဲတွေရှိကြတယ်လေ။ ဗုဒ္ဓဘာသာလည်း ဗုဒ္ဓဘာသာအရ ၊ ခရစ်ယာန်တွေလည်း ခရစ်ယာန်အရ အဲလိုအစွဲတွေရှိတဲ့အခါကျတော့ ဒီနေ့ ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်မယ် ဆိုပြီးတော့ ဖြစ်ဖို့ တော်တော်လေး ခက်ခဲတယ် ။ ဒါပေမယ့် အဲဒီအခက်အခဲကြားထဲမှာ ကြိုးစားခဲ့ပြီးတော့ အခုမြန်မာနိုင်ငံတနိုင်ငံလုံးမှာ မြန်မာနိုင်ငံတောင်မကဘူး အခု ကရင်တွေက ကမ္ဘာမှာ နိုင်ငံတကာမှာ ရောက်နေကြတယ် ၊ သူတို့က အဲဒီနေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် လူတိုင်းလက်ခံကြတယ်လေ။"

ဒါကြောင့် နှစ်သစ်ကူးနေ့ဟာ ကရင်လူမျိုးတွေကြားမှာ စည်းလုံးညီညွတ်မှုသာမက ကရင်လူမျိုး စာပေ၊ ယဉ်ကျေးမှုတည်တံရေးအတွက်လည်း အရေးပါတဲ့ နေ့ဖြစ်တယ်လို့ စောနေထူးက ဆိုပါတယ်။

" အဲဒီနေ့က ျနော်တို့ရဲ့ စည်းလုံးခြင်း ပြီးတော့ ခေါင်ဆောင်တွေရဲ့ သူတို့ရဲ့ ကြိုးစားမှုတွေ ကို ဖော်ပြတာ ဆိုတော့ ကျနော်တို့က ဒီနေ့ကို ကျနော်တို့ ကရင်လူမျိုးတွေအတွက် အရေးကြီးတဲ့ နေ့တနေ့ဖြစ်တယ်။ ကရင်လူမျိုးတွေဟာ သူ့စာပေ သူ့ယဉ်ကျေးမှု ၊ သူ့နေ့ရက်တွေလည်း အတိအကျရှိတယ်ဆိုတဲ့အကြောင်း လူမျိုးတမျိုးမှာ ရှိသင့်တဲ့ ဂုဏ်အင်္ဂါ ရှိတယ်ဆိုတဲ့အကြောင်းဖော်ပြတဲ့ နေ့တနေ့လည်းဖြစ်တယ်ပေါ့နော်။

မေး။ ။ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်တဲ့ ကရင်လူမျိုးတွေကနေပြီးတော့ အခုလို ရိုးရာအစဉ်အလာမပြတ်ကျင်းပတဲ့အခါမှာ ကရင်ပြည်နယ် ကိုယ့်အမိမွေးရပ်မြေ မှာ ကျင်းပတဲ့ အခြေအနေပေါ့နော် အဲဒီ ၂ ခု ဘာတွေကွာခြားချက် ရှိလဲရှင့်။

ဖြေ။ ။ ကျနော်ထင်တာကတော့ နည်းနည်းလေး ကွာခြားမယ် ။ ကျနော်တို့ မွေးရပ်မြေမှာဆိုရင် နေ့ရက်အတိအကျမှာပဲ ကျနော်တို့လုပ်ကြတာ။ ဒီမှာကျတော့ လူတွေက အလုပ်တဖက်နဲ့ ဆိုတော့ အဲဒီနှစ်သစ်ကူးကျတဲ့အချိန်မှာ လုပ်ချင်ပေမယ့် မလုပ်နိုင်ကြဘူး။ ဆိုတော့ အခြေအနေအရ သူတို့ တတ်နိုင်တဲ့နေ့မှာ လုပ်ကြတယ် အဲဒါကြောင့်မို့ ရက်တွေက အမျိုးမျိုးထွက်လာကြတာပေါ့နော်။ ပြီးတော့လည်း အမေရိကန်မှာဆိုရင် အခုက ဆောင်းတွင်းကျတယ်ဆိုတော့ ဘယ်လိုမှ အပြင်မှာ လုပ်လို့မရဘူး ၊ တချို့ နေရာတွေဆိုရင် Snow တွေအရမ်းကျတယ် ဆိုတော့ တော်တော်လေးအေးတယ်။ ကျနော်တို့က indoor မှာပဲ လုပ်ကြတယ်။ မြန်မာပြည်မှာဆိုရင် ကရင်ပြည်နယ်တို့ဘာတို့မှာဆိုရင် အပြင်မှာပဲ လုပ်ကြတော့ တော်တော်လေးကို ကောင်းတာပေါ့နော် အားကစားပွဲတွေလည်း ဘော်လုံးပွဲတွေလည်း အကြီးအကျယ်ကျင်းပကြတယ်လေ။ ဒီမှာက ကျနော်တို့က အဲလိုမျိုး မလုပ်နိုင်ကြဘူး။ ပြီးတော့ ဒီမှာက indoor လုပ်တဲ့အခါကျရင်လည်း နေရာတွေက ဌားရတာ တေ်ာတော်လေး အခက်အခဲရှိတယ်။"

ကရင်လူမျိုး နှစ်သောင်းကျော် နေထိုင်တဲ့ Minnesota ပြည်နယ်အပါအဝင် Arizona၊ Indiana၊ South Dakota အပါအဝင် အမေရိကန်ပြည်ထောင်စု တဝှမ်းမှာ အများအားလပ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနဲ့ တိုက်ဆိုင်ပြီး ကျင်းပခဲ့ကြပါတယ်။ ကရင်မျိုးဆက်သစ်လူငယ်တွေကို ရိုးရာအမွေအနှစ်ထိမ်းသိမ်းနိုင်ဖ့ိုလက်ဆင့်ကမ်းတဲ့အနေနဲ့ ကရင်နှစ်သစ်ကူးပွဲတော်တွေမှာ အဓိကအရေးပါတဲ့ ရိုးရာအတီးအမှုတ်ဖြစ်တဲ့ ဖါးစည်တီးတာအပါအင် ဝါးညှပ်အက၊ ဒုံးယိမ်းအကတွေနဲ့ ဖျော်ဖြေခဲ့ကြသလို၊ ရိုးရာ ချင်းလုံးခတ်ပြိုင်ပွဲ၊ Basketball ပြိုင်ပွဲ၊ စတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဒီအခမ်းအနားတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀)ကျော်ကတည်းက ကရင်လူမျိုးတွေ စတင် အခြေချခဲ့တဲ့ သမိုင်းကြောင်းကိုလည်း လက်ဆင့်ကမ်းပြောပြတဲ့အစီအစဉ်ဟာ အရေးပါကြောင်း အဝေးရောက် ကရင်ကွန်မြူနတီခေါင်းဆောင်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG