သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသခံ အမျိုးသမီး ၉ ဦး မတရားပြုကျင့် အသတ်ခံရ


ကချင်ဒေသခံ အမျိုးသမီး ၉ ဦး မတရားပြုကျင့် အသတ်ခံရ
ကချင်ဒေသခံ အမျိုးသမီး ၉ ဦး မတရားပြုကျင့် အသတ်ခံရ

ရှမ်းပြည်နယ် ကွတ်ခိုင်ဒေသမှာ ဒေသခံအမျိုးသမီး ၉ ဦး အစော်ကားခံရပြီး သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ပြဿနာတွေဟာ မြန်မာစစ်တပ် တပ်ချထားတဲ့ နေရာဒေသတဝိုက် ဖြစ်ပွားနေခြင်း ဖြစ်တယ်လို့လည်း ကချင်အမျိုးသမီးအဖွဲ့က ဆိုပါတယ်။ စစ်တပ်အနေနဲ့ အမျိုးသမီးတွေကို အလုပ်သမားပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ခုလိုသတ်ဖြတ်ခဲ့ခြင်းလည်း ဖြစ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြထားပါတယ်။

မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် တွေမှာ လတ်တလောမှာပဲ အမျိုးသမီးတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ ပိုမိုများပြားလာပြီး မကြာခဏဆိုသလို ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ KIO တပ်မဟာ (၄) အခြေစိုက်ထားတဲ့ ရှမ်းပြည်နယ်ဘက်မှာ အမျိုးသမီးတွေ တပြိုင်နက် စစ်တပ်များရဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသခံက အခုလို ပြောပါတယ်။

“ကွတ်ခိုင် ဗျူဟာမှူးလက်အောက် စစ်တပ် (၄၅), (၆၇), (၆၈), (၁၄၁), (၁၄၂) တပ်တို့က ၂၁ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဧရိယာမှာ ရှောင်းဟော်ရွာမှာပါ။ အဲဒီမှာ အမျိုးသမီး ၉ ဦးကို ပေါ်တာခေါ်ဆောင်သွားတာပေါ့။ ပေါ်တာခေါ်သွားပြီးမှ အဲဒီအမျိုးသမီး ၉ ဦးကို အနိုင်ကျင့်တယ် မုဒိန်းကျင့်ပြီးမှ သူတို့က သတ်ဖြတ်လိုက်တာပေါ့။ ဒီအလောင်းတွေကိုတွေ့တဲ့ရွာက လူတွေက ကျနော်တို့ကို ပြောပြတာပါ။”

ဆက်လက်ပြီး နောက်တစ်ရက် အောက်တိုဘာ ၂၂ ရက်နေ့မှာလည်း မုန်ဘော်အနီး နီရှန်ဟူး ကျေးရွာက အမျိုးသမီး ၆ ဦးကို မြန်မာအစိုးရတပ်ရင်း ခမရ (၅၂၂) က ပေါ်တာအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါတင်မကသေးပါဘူး။ လတ်တလော ကချင်အမျိုးသမီးအဖွဲ့ရဲ့ ထပ်မံ စုဆောင်းထားတဲ့စာရင်းအရ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ် စုစုပေါင်း ၄၀ ကျော်ရှိနေပြီး ထက်ဝက်လောက်ဟာ အသတ်ခံခဲ့ရသူတွေ ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ တာဝန်ခံ မွန်းနေလီက ပြောပါတယ်။

“အမျိုးသမီးငယ်တွေကို စစ်တပ်ကနေ မုဒိန်းကျင့်ပြီး သတ်တယ်ဆိုတာကတော့ တောက်လျှောက်တော့ ကြားနေတာရှိတယ်။ တချို့ဖြစ်စဉ်ကတော့ ဆက်ပြီး သေချာအောင် လုပ်နေတာပေါ့နော်။ ပြီးခဲ့တဲ့အပတ်မှာ ဆိုရင်လည်း အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်ပြီးတော့ လမ်းလယ်မှာသတ်ထားတာ၊ အဲဒါမျိုးရှိတယ်။ ပြီးလို့ရှိရင် အမျိုးသမီးနှစ်ယောက်ကို ခေါ်သွားပြီးတော့ နမ်ဆန်ယန်ဘက်မှာ မုဒိန်းကျင့်ပြီးတော့ သတ်ထားတာရှိတယ်။ ပြီးတော့ တစ်ယောက်ကတော့ အလောင်းကိုရှာမတွေ့သေးဘူး။ တစ်ယောက်ကို ကျတော့ သူ့ရဲ့အလောင်းကို လမ်းမပေါ်မှာ ပစ်ထားတာတွေ့ရတဲ့ဟာပေါ့နော်။ အဲလိုမျိုး ဖြစ်ရပ်တွေကတော့ တောက်လျှောက်ကြားနေရတယ်။”

အထူးသဖြင့် ခုလိုအမျိုးသမီးတွေကို အများဆုံးပစ်မှတ်ထား အသတ်ခံနေရတဲ့ နေရာတွေကတော့ မြန်မာအစိုးရထိုးစစ်ဆင်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က KIO တပ်ရင်းများ အနီးတဝိုက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ရှမ်းပြည်နယ်နဲ့ ဗန်းမော်ခရိုင်အတွင်း ခုလိုပြဿနာမျိုး မကြာခဏဖြစ်နေတဲ့အတွက် အမျိုးသမီး မိခင်များကပါ ကြောက်လန့်ပြီး ထွက်ပြေးနေကြပါတယ်။

မန်စီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သူကြုံတွေ့ခဲ့ရတာတွေကို ကချင်အမျိုးသမီးအဖွဲ့ကို ခုလို ပြောပြပါတယ်။

“ဟိုနေ့က ခရိန်းမူးဒန် ဆိုတဲ့နေရာမှာ ညီအစ်မနှစ်ယောက် အမွှာနှစ်ယောက် ဝက်သွားကျွေးပြီးတော့အပြန်မှာ စစ်သားသုံးယောက်က သူတို့ကိုမြင်သွားပြီး တစ်ယောက်ကို မုဒိန်းကျင့်ပြီးမှ သတ်ပစ်လိုက်တာ။ အသတ်ခံရတဲ့ အမျိုးသမီး ၁၈ ယောက် ရှိပြီတဲ့။ အမျိုးသမီးမြင်လို့ရှိရင် သူတို့က မုဒိန်းကျင့်ပြီးတော့ အဲလိုလုပ်တဲ့ဟာ ကြောက်တယ်။”

ပြီးခဲ့တဲ့အပတ်အတွင်း ဝိုင်းမော်မြို့နယ် KIA ဌာနချုပ် လိုင်ဇာအတွင်းက ကျေးရွာတွေမှာ မြန်မာအစိုးရစစ်တပ်နဲ့ KIA အကြား တိုက်ပွဲကြီးတွေ ဖြစ်ပွားခဲ့ရာမှာ မြန်မာအစိုးရဘက်က အကျအဆုံးများခဲ့ပြီး အဲဒီနောက်မှာတော့ ခုလို ပြဿနာတွေ ပိုမိုဖြစ်ပွားလာတာဖြစ်တယ်လို့လည်း KIO အရာရှိတွေက ပြောပါတယ်။

မြန်မာစစ်တပ်တွေဟာ နမ်ဆန်ယန်ရွာမှာ ဝင်ရောက်လုယက်ပြီး ရွာသားတွေကို အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ပြီး တချို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တချို့မသေဘဲ သေနတ်ဒဏ်ရာနဲ့၊ တချို့ နှိပ်စက်ခံခဲ့ရသူတွေကတော့ KIO ဌာနချုပ် လိုင်ဇာမြို့ ဒုက္ခသည်စခန်းကို ထွက်ပြေးလာနိုင်ပြီး လိုင်ဇာဆေးရုံမှာ ဆေးကုသနေသူတွေလည်း ရှိတယ်လို့ ဒုက္ခသည်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား အပစ်ခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ (၃) ကြိမ်မြောက် ဆွေးနွေးမှုမှာတော့ အစိုးရရဲ့ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်က တိုက်ပွဲကြောင့် ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုဖြစ်ပြီး ဒါကို ပြည်သူလူထုတွေကလည်း မလိုလားကြောင်း KIO ခေါင်းဆောင်များကို ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ အခုလို ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ်မှုတွေ ပြုလုပ်နေတာဟာ မြန်မာအစိုးရဘက်ကဖြစ်ပြီး ဒါကိုရပ်တန့်ဖို့အတွက် KIO ရဲ့ ပထမအဆင့် တောင်းဆိုမှုဖြစ်တဲ့ ကချင်ပြည်နယ်တွင်း အစိုးရတပ်များရဲ့ ထိုးစစ်ဆင်မှုရုပ်သိမ်းပေးဖို့ တောင်းဆိုချက်ကိုတော့ ခုချိန်ထိ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ KIO ကဆိုပါတယ်။

XS
SM
MD
LG