သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KBC ခေါင်းဆောင်အပေါ် တရားမစွဲဖို့ နိုင်ငံတကာကချင်အဖွဲ့ တောင်းဆို


(ဓါတ်ပုံ- KBC Kachin)
(ဓါတ်ပုံ- KBC Kachin)

ပြစ်မှုဆိုင်ရာပုဒ်မနဲ့ မြန်မာ့တပ်မတော်က တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုန်းတော်ကြီး ဒေါက်တာ ခါလမ်ဆမ်ဆွန် အမှုဟာ အခြေအမြစ်မရှိတဲ့အတွက် အမြန်ဆုံးပြန်ရုပ်သိမ်းပေးဖို့ နိုင်ငံပေါင်း(၂၀)မှာ ဖွဲ့စည်းထားတဲ့ World Kachin Congress (WKC) က တောင်းဆိုလိုက်ပါတယ်။

မန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်မရှိဘူးလို့ အမေရိကန်သမ္မတနဲ့တွေ့ဆုံစဉ် ဒေါက်တာ ခါလမ်ဆမ်ဆွန် ပြောဆိုခဲ့တာဟာ သတင်းမှားဖြစ်တယ်ဆိုပြီး မြန်မာစစ်တပ် တာဝန်ရှိသူတွေက တရားစွဲဖို့ ပြင်ဆင်လာတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ခရစ်ယာန်ဘာသာဝင်တွေကို ဖိနှိပ်ချုပ်ချယ် ညှင်းပန်းနှိပ်စက်နေပြီး၊ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံး နေရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC ရဲ့သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခါလမ်ဆမ်ဆွန်က ပြောဆိုခဲ့တာဟာ ‘ရည်ရွယ်ချက်ရှိရှိ သတင်းမှား ပေးခဲ့တယ်’ လို့ စွပ်စွဲပြီး မြန်မာ့တပ်မတော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး သန်းထိုက်က တရားရုံးကို ဦးတိုက်လျှောက်ပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ(၂၀၀)နဲ့ စွဲချက် တင်ထားတာ ဖြစ်ပါတယ်။

ဆရာတော် ဒေါက်တာ ခါလမ်ဆမ်ဆွန် ပြောဆိုတဲ့အချက်တွေဟာ မြေပြင်မှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေကို ထင်ဟပ်တာကြောင့် ခုလို တရားစွဲဆိုမှုကို ချက်ချင်း ပြန်ရုပ်သိမ်းပေးဖို့ ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက်အဖွဲ့ WKC က တောင်းဆိုရတာဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးအင်ဆန် ဂွမ်ဆန်က ပြောပါတယ်။

“တောင်းဆိုတာကတော့ တကယ့်မှန်ကန်တဲ့ဟာကို မှန်ကန်တဲ့ အတိုင်းပြောတာကို ဘာမှ တရားစွဲ စရာမလိုဘူး။ ဒီမိုကရေစီနိုင်ငံပဲလေ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ရှိတယ်။ ဘုရားကျောင်းဝန်းတွေမှာ အလှူပုံးတွေ ရိုက်ခွဲတာတို့ ၊ နှိတ်စက်တဲ့အချိန်မှာတောင်မှ ကျနော်တို့ ခရစ်ယာန်တွေ အထွတ်အထိပ်ထားတဲ့ ယေရှု့ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင် လိုမျိုးဟာတွေကို သရော်တဲ့ပုံစံတွေ လုပ်ခဲ့တာတို့ ၊ အဆိုးဆုံးက ဘုရားကျောင်းဝန်းကျင်မှာ အဓမ္မပြုကျင့်ခဲ့တာတွေရှိပါတယ်။ အကုန်လုံးသိတဲ့အတိုင်း ဆရာမ ၂ ဦးကို မဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တာဟာ ဘုရားကျောင်းဝန်းထဲမှာပါ။ ဒါတွေကတော့ တကယ့်ကို ပကတိ အခြေအနေပဲပေါ့နော်။ ဒါတွေကို အမှန်အတိုင်းပြောတာကို လက်မခံနိုင်တော့ အခု ဒီတရားစွဲတာတွေ ဖြစ်လာတာပေါ့။”

ဒေါက်တာ ခါလမ်ဆမ်ဆွန်က သမ္မတဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာ ဇူလိုင် ၁၈ ရက်နေ့တွေ့ဆုံစဉ် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါဝင် အဆင်မြင့်အရာရှိကြီး ၃ဦးတို့ကို အမေရိကန်က အရေးယူခဲ့တာအတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။

ကချင်ပြည်နယ်မှာသာမက အခြား တိုင်းရင်းသားဒေသတွေမှာပါ စစ်တပ်က ဖိနှိပ်ချုပ်ချယ်ဖို့ ဆက်လက်ကြိုးပမ်းနေသေးကြောင်း အမေရိကန် ကယ်လီဖိုးနီးယားအခြေစိုက် ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ထောက်ပြပါတယ်။

“အခုလို ဆရာကြီး ဒေါက်တာ ခါလမ်ဆမ်ဆွန်က အမေရိကန်မှာလာပြီးတော့ ပြောသွားတာတွေက အရှိကို အရှိအတိုင်းပြောသွားတာ။ အခုလို ဖိနှိပ်ချုပ်ချယ်တယ်ဆိုတာက ကျနော်တို့ တိုင်းရင်းသားတွေ ငြိမ်သွားအောင် မပြောရဲအောင် သူတို့ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် အခုခေတ် ဒီအခြေအနေမှာ ဒီလိုခြိမ်းခြောက်လို့ မရတော့ဘူး။အခုလို ဖိနှိပ်ချုပ်ချယ်လို့လည်းမရတော့ဘူး ။အမှန်တရားက အကုန်လုံး ဆက်ပြီးတော့ ပေါ်လာမှာပဲ ထွက်လာမှာပဲ။”

မြန်မာစစ်တပ်က တိုင်းရင်းသားတွေအပါအဝင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို အခုလို ခြိမ်းခြောက် တရားစွဲဆိုနေတာတွေ ရပ်တန်းက ရပ်ဖို့ WKC က တောင်းဆိုသလို၊ NLD အစိုးရနဲ့ နိုင်ငံတကာကိုပါ တိုက်တွန်း တောင်းဆိုတာတွေရှိကြောင်း ဦးဂွမ်ဆန်က ပြောပါတယ်။

“NLD အစိုးရက အခုတကယ့်ကို နှုတ်ဆိတ်နေတယ်။ အဲဒါ ဆရာကြီး ဒေါက်တာ ခါလမ်ဆမ်ဆွန်ရဲ့ case မှာ ရဲရဲဝံ့ဝံ့ ဝန်းရံပေးဖို့တောင်းဆိုပါတယ်။ နောက်တခုကတော့ အရပ်ဘက်ကနေပြီးတော့ အုပ်ချုပ်တဲ့ တပ်မတော်ဖြစ်လာဖို့ NLD အစိုးရကို အဲဒါဖော်ဆောင်ဖို့အတွက် တိုက်တွန်းပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ နိုင်ငံတကာကနေပြီးတော့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့အတွက် နဲ့ Mytel တို့ ဦးပိုင်ကုမ္ပဏီတို့ကို စီးပွားရေးအရ ဒဏ်ခတ်ဖို့အတွက် ကျနော်တို့ တောင်းဆိုထားတယ်။”

မြန်မာ့တပ်မတော်အနေနဲ့ တရားစွဲဆိုမှုကို ပြန်လည်မရုပ်သိမ်းပေးဘူးဆိုရင် ပြည်တွင်းပြည်ပ ကချင်တိုင်းရင်းသားတွေအနေနဲ့ ပိုပြီးလှုပ်ရှား ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း WKC ကချင်ကွန်ဂရက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG