စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ကန့်ဘလူနဲ့ ကောလင်းနယ်ထဲက ကျေးရွာ ၁၆ ရွာမှာ ဒီလ ၁၅ ရက်နေ့ကတည်းက လျှပ်စစ်မီးတွေ ဖြတ်တောက်ခံထားရပြီး၊ ရေသုံးစွဲဖို့တောင် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး တာဝါတိုင်တွေကိုပါ အသုံးပြုလို့ မရအောင် စစ်ကောင်စီဘက်က လုပ်ထားတာကြောင့် ဆက်သွယ်ရေးမှာပါ အခက်တွေ့နေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။ ကျွန်းလှမြို့နယ်ဘက်က နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းနယ်အစပ်မှာရှိတဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် ၄ ရက်မြောက်ရှိနေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လောလောဆယ် ရွာပေါင်း ၁၆ ရွာလောက် မီးမရဘူးလို့ ကျွန်းလှဒေသခံ ကိုချမ်းက VOA ကို အခုလိုပြောပါတယ်။
“ဒီနေ့ရောဆိုရင် ၄ ရက်မြောက် ရှိပါပြီဗျ။ ကျွန်းလှမြို့နယ်ကနေ မြောက်ဖက်ခြမ်းပေါ့။ ကံပေါက်ကနေ စဖြတ်တာလို့ ထင်ပါတယ်ဗျ။ ကံပေါက်ရွာကတော့ မီးလင်းပြီးတော့ ကံပေါက်ရွာရဲ့ မြောက်ဖက်ကနေစပြီးတော့ အကုန်ဖြတ်ထားတာပါ။ အဲ့တော့ ဒီဖက်က ရွာတွေက ကုက္ကိုကုန်း တပ်ကုန်းအုပ်စုပါတယ်။ လွတ်တိုက်၊ ဆွဲလဲပေါ့၊ လွတ်တိုက်အုပ်စု ရှိမယ်။ ပြီးတော့ ဟိုဖက် ကန့်ဘလူမြို့နယ်ဖက်ကဆိုရင် ကျွန်းတော်တို့ ပင့်သာတိုက်နယ်တခုလုံးပေါ့။ ပြီးတော့ ကောလင်းနယ် အောင်ချမ်းသာရဲ့ ဟိုဖက် အကုန်လုံးပေါ့၊ အဲ့ဒါက ဒီဖက်ကနေ လာတဲ့မီးဆိုတော့ အကုန်လုံးပြတ်နေတာပါ။ ပင့်သာတိုက်နယ်အပါအဝင်ဆိုရင် အားလုံးပေါင်း ၁၆ ရွာလောက် ရှိတယ်ဗျ။ မီးဖြတ်ထားတာက သူတို့ကို ဘယ်သူကမှ ခိုင်းတာမဟုတ်ဘူး။ ကျွန်တော်တို့ ကျွန်းလှမြို့နယ် လျှပ်စစ်ဦးစီးဌာနက ဦးစီးမှုးနဲ့ ပေါင်းပြီးတော့မှ ဒီလိုဖြတ်တယ်လို့ပဲ ကျွန်တော်တို့ ကြားထားတယ်ဗျ။ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ မကြားမိဘူးဗျ။ ကြိုးလိုင်းကိုဖြတ်ပြီးတော့မွ ပြန်ခေါက်ထားတာပေါ့။ ဒီဖက်ကို ကြိုးလိုင်းဖြုတ်ထားလိုက်တယ်လို့ပဲ ကြားပါတယ်ဗျ။”
မြန်မာစစ်တပ်နဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ ပျူစောထီးအဖွဲ့တွေက လျှပ်စစ်မီးဖြတ်တောက်တာလို့ ယူဆတဲ့အကြောင်း ဒေသခံတချို့က ပြောပါတယ်။ အကြောင်းရင်း သိရဖို့ ဒေသဆိုင်ရာ ဆက်သွယ်ရေးဌာနတွေနဲ့ တာဝန်ခံတွေကို ဗွီအိုအေက ဆက်သွယ်ပေမဲ့ အကြောင်းပြန်ကြားခြင်း မရှိပါဘူး။
အခု လျှပ်စစ်မီး ဖြတ်တောက်ခံထားရတဲ့ ဒေသတွေဟာ ရေရှားတဲ့အတွက် အဝီစိရေတွင်းသာ သုံးကြတဲ့ ဒေသတွေဖြစ်တာကြောင့် လျှပ်စစ်မီးမရတဲ့အခါ ရေသုံးစွဲဖို့်တောင် ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီသုံးပြီး မီးစက်နဲ့ ရေတင်ဖို့မှာလည်း စက်သုံးဆီရဖို့ နဲ့ စရိတ်စကကြီးတာကြောင့် အခက်အခဲတွေ ရှိတယ်လို့လည်း ပြောပြကြပါတယ်။
ဒါ့အပြင် ဖုန်း၊ ဆက်သွယ်ရေး တာဝါတိုင်တွေကလည်း လျှပ်စစ်မီးနဲ့ပဲ ချိတ်ဆက်ထားတာဖြစ်လို့ အခုလို လျှပ်စစ်မီး ဖြတ်လိုက်တဲ့အခါ ဆက်သွယ်ရေးတွေပါ ပြတ်ကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံခြုံရေးအန္တရာယ် စိုးရိမ်တဲ့အတွက် ဒေသခံ အတော်များများကတော့ သူတို့အခက်အခဲကို အသံနဲ့ မဖြေကြားလိုကြပါဘူး။
ဆက်သွယ်ရေးအတွက် လောလောဆယ် မီးစက်သုံးနေပေမဲ့ ရေရှည်မဖြစ်နိုင်တာကြောင့် ဆက်သွယ်ရေး လုံးဝပြတ်သွားနိုင်တယ်လို့ ကိုချမ်းက ပြောပါတယ်။
“ဒီလျှပ်စစ်မီးနဲ့ပဲ ဖုန်းလိုင်းတွေကစပြီးတော့မှ ဖုန်းတာဝါတိုင်တွေကလည်း လျှပ်စစ်မီးနဲ့ပဲ ချိတ်ထားတာဆိုတော့ အဲ့တာတွေ ပြတ်သွားလို့ရှိရင် ဖုန်းလိုင်းတွေက အစအကုန်ပြတ်ကုန်တာဗျ။ ခုလည်း ပြတ်တယ်ဗျ၊ ဒါကို ကျွန်တော်တို့က စုပေါင်းပြီးတော့ အတတ်နိုင်ဆုံးလေး ရှိတဲ့ဖုန်းတာဝါတိုင်တွေကို သူတို့ကလည်း လာပြိးတော့မှ ဆီဖြည့်တာမျိုး မရှိတော့ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် စုပြီးဝယ်ပြီးတော့မှ ဖုန်းတာဝါတိုင်လေး ဆီဖြည့်ထားပြီးတော့မှ သုံးနေရတာပါ။ ဒီဟာက ဘယ်လောက်မှ အကြာကြီးလည်း ခံနိုင်မှာမဟုတ်ဘူး၊ တရက်ကို ဆီဈေးကလည်း နည်းတာမှမဟုတ်တော့ အကြာကြီးလည်း ခံမှာမဟုတ်ပါဘူးဗျာ။ အဲ့တော့ ခဏတဖြုတ် အဆက်အသွယ်လေး လုပ်နိုင်ဖို့ကို ဆီလေးဖြည့်ပြီးတော့မှ လုပ်နေရတာပါ။”
ကျွန်းလှမြို့ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက မတ်လ ၁ ရက်နေ့ကစပြီး မြို့အဝင်အထွက်တွေကို ကန့်သတ်ပိတ်ဆို့ထားပြီး သွားလာသူတွေကို တားဆီးစစ်ဆေးတာတွေ ရှိတဲ့အကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ အကြောင်းရင်းမသိရဘဲ ကျွန်းလှမြို့ အဝင်အထွက်တွေကို ပိတ်ထားတာကြောင့်လဲ ကျွန်းလှမြို့ကို အားကိုးအားထားပြုပြီး ရောင်းဝယ် ဖောက်ကားလုပ်ကြရတဲ့ သူတွေ အခက်အခဲ ဖြစ်ကြရသလို ကုန်စည်စီးဆင်းမှုတွေပါ ရပ်တန့်ကုန်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ကျန်းမာရေး အရေးပေါ်ကိစ္စတွေမှာ ဒုက္ခရောက်ကြရသလို စားရေးသောက်ရေးလည်း ခက်ခဲနေကြရတယ်လို့ ပြောကြပါတယ်။
ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတချို့ကိုလည်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်သလို ကျေးရွာက နေအိမ်တွေကို မီးရှို့တာတွေလည်း ရှိတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာတွေလည်း ရှိပါတယ်။
======== Unicode ========