သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် စက်မှုဇုန် အလုပ်သမားတွေ ဆန္ဒပြ


ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်မှာ စက်ရုံပေါင်း ၃၂ ရုံက အလုပ်သမားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား၊ လယ်သမားများ သမဂ္ဂကွန်ယက်က ဦးဆောင်ပြီး မနေ့က တနင်္ဂနွေနေ့မှာ တရားဝင် ဆန္ဒပြခဲ့ကြပါတယ်။ ဘယ်လို အချက်တွေကို ရည်ရွယ်တောင်းဆိုပြီး ဆန္ဒပြခဲ့ကြသလဲဆိုတာကို မခွာညိုက ပြောပြပေးပါမယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ စက်ရုံအလုပ်သမား ၁၅၀၀ နဲ့ ဆန္ဒပြခဲ့ကြရာမှာ အချက် ၁၄ ချက်ကို အဓိကထား တောင်းဆိုခဲ့ကြတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ တောင်းဆိုတဲ့ အချက်တွေထဲမှာတော့ အားနည်းချက်တွေ ရှိနေတဲ့ အလုပ်သမား ဥပဒေတွေကို ပြင်ဆင်ပေးဖို့၊ အလုပ်ရှင် အလုပ်သမား မခွဲခြားဘဲ ဥပဒေအရ အရေးယူပေးဖို့၊ လုပ်အားခ နိမ့်ကျ နည်းပါးမှု၊ တရက်လုပ်ခ လစာကို အတည်ပြုပေးဖို့ အပါအဝင် အချက်ပေါင်း ၁၄ ချက် ကို ဦးတည်တောင်းဆိုခဲ့ကြတာ ဖြစ်တဲ့အကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“လစာ တနေ့ကျပ်သုံးထောင်ယာယီ ရရှိရေး၊ ခုံသမာဓိဆုံးဖြတ်ချက်ကို လုပ်ငန်းရှင်က မလိုက်နာတာကို အရေးယူပေးရေး၊ နောက်တစ်ခုက အလုပ်ရှင် အလုပ်သမား မခွဲခြားဘဲ ဥပဒေအရ အရေးယူပေးရေး- အဲလို အားနည်းချက်တွေ အပေါ်မှာထောက်ပြီးတော့ တရားဥပဒေစိုးမိုးရေးပေါ့နော်- အဲဒါတွေကို စာတင်ထားတာ၊ အဲဒါတွေကို ကျနော်တို့ အော်ခွင့်ရခဲ့တယ်။”

ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာဘူးဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်ကိုလည်း သူက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“စည်းမျဉ်းစည်းကမ်းကို ဆိုတာထက် ပြောရလို့ရှိရင် ခုံသမာဓိကောင်စီကနေပြီး အမိန့်ချလိုက်တယ်၊ အလုပ်သမားတစ်ယောက် အလုပ်ဖြုတ်ခံ ရတယ်ဆိုရင် အဲဒီအလုပ်သမားတစ်ယောက်ကို အလုပ် ပြန်ခန့်စေ-ပေါ့။ အဲလိုဆိုလို့ရှိရင် လုပ်ငန်းရှင်က အဲဒီအလုပ်သမားကို လုပ်ငန်းခွင်ထဲ ပြန်အဝင်မခံဘူးခင်ဗျ။ အဲဒါဆိုရင် သူက ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘူးလို့ ပြောတာပါခင်ဗျ။ ဒါဟာ ဥပဒေစိုးမိုးရေး မရှိဘူးပေါ့နော်။ ကျနော်တို့ အလုပ်သမားတွေအတွက်ဆိုရင်။”

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အလုပ်သမားတွေဟာ ရပိုင်ခွင့်၊ အကျိုးခံစားခွင့်တွေ ပြည့်မီမှု မရှိတာကြောင့် ဆန္ဒပြ တောင်းဆိုတဲ့ အခါမှာ အလုပ်သမားတွေကို အလုပ်ဖြုတ်ပစ်တာလို အရေးယူမှုမျိုးကိုသာ တွေ့ရပြီး အလုပ်ရှင်တွေဘက်က အလုပ်သမားအခွင့်အရေးကို ချိုးဖောက်မှုတွေနဲ့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာမှု အပေါ်မှာတော့ တိကျတဲ့ ဥပဒေနဲ့ အရေးယူတာမျိုး မတွေ့ရသေး ကြောင်းနဲ့ အလုပ်သမားတွေရဲ့ ဥပဒေရေးရာ နားလည်တတ်ကျွမ်းမှု အားနည်းချက်အပေါ်မှာ လှည့်ဖျားဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ပြောရလို့ရှိရင် အောက်ခြေမှာအမှန်တကယ် ခံစားခွင့်တွေ ထုတ်ပေးထားတာ အများကြီးပဲ၊ ဥပဒေ ထုတ်ပြန် ပေးထားတယ်။ ဘာမှ မရရှိတာ အများကြီးပဲ၊ ပြောရလို့ရှိရင် ဥပဒေ အားနည်းချက်လည်းပါတယ်။ ဥပဒေကို သိတဲ့သူတွေက အလုပ်သမားတွေအပေါ် လှည့်ဖျားခြင်းကိုပဲ ခံနေရတယ်။ တကယ့်တကယ်ကျ လုပ်ငန်း ရှင်တွေက ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘူး။ သူတို့ ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်တယ်။ အဲဒါတွေကို အကုန်လုံးသိဖို့အတွက် ဆန္ဒထုတ်ဖော်တာခင်ဗျ။”

ဒီတခါ ဆန္ဒပြပွဲကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ တရားဝင် ဆန္ဒပြခွင့်တင်ခဲ့ပြီး ခွင့်ပြုချက်နဲ့အညီ လုံခြံရေးအစောင့်အရှောက်နဲ့ ဆန္ဒပြခဲ့ကြတာပါ။ စက်ရုံအလုပ်သမားပေါင်း ၃ ထောင် ဆန္ဒပြဖို့ စာရင်းတင်ပေမဲ့ ၁၅၀၀ ကိုသာ ဆန္ဒပြဖို့ ခွင့်ပြုခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ တရားဝင် ဆန္ဒပြခွင့်တောင်းခံပြီး စည်းကမ်းနဲ့အညီ ဆန္ဒပြခဲ့တဲ့ ပွဲမှာ ဆန္ဒပြသူ အရေအတွက်ကို ကန့်သတ် လျှော့ချ ထားခဲ့ပေမဲ့ ဆန္ဒပြပွဲတလျှောက်မှာတော့ သက်ဆိုင်ရာမြို့နယ် ရဲစခန်းက ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လုံခြုံရေးလိုက်ပေးခဲ့ကြောင်း သိရပါတယ်ရှင်။
XS
SM
MD
LG