သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ


အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က ကြိုတင် ကြေညာထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ကို ကြာသပတေးနေ့က ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ လျှို့ဝှက် ဆက်သွယ် လုပ်ဆောင်နေကြောင်း လတ်တလော ပေါ်ထွက်လာတဲ့ သတင်းအပြင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ဝယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကြောင့်ပါ ဒီခရီးစဉ်ကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရှင်းလင်း ပြောကြားချက်တွေအကြောင်း ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြထားပါတယ်။

နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီကို ရယူနေတယ်ဆိုတဲ့ သတင်းဟာ အခုမှ ထွက်ပေါ်လာတဲ့ သတင်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တတိယ အာဏာအရှိဆုံး စစ်ခေါင်းဆောင်လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယားနိုင်ငံ လျှို့ဝှက်ခရီးစဉ်အကြောင်း မှတ်တမ်း အစီရင်ခံစာတခု မနှစ်က အင်တာနက်မှာ ပေါက်ကြား ထွက်ပေါ်ခဲ့တဲ့အပြင် ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေးနဲ့ သိပ္ပံနည်းပညာ အသင်းကြီးကလည်း မြန်မာ၊ မြောက်ကိုရီးယား နျူကလီးယား ပူးပေါင်း လုပ်ဆောင်မှုတွေ အကြောင်း သုံးသပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဇန်နဝါရီလကတည်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက မြန်မာစစ်တပ်ရဲ့ နျူကလီးယား ရည်မှန်းချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှတ်တမ်း အစီအစဉ်တခု ဇွန်လ ၄ ရက်နေ့က စတင်ပြီး ပြသမယ်လို့ ကြေညာလိုက်တော့မှ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းမယ်လို့ ပြောကြားခဲ့တာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ အယ်လ်ဂျာဇီးယားက ပြသမယ့် ရုပ်မြင်သံကြား အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူဆီက ရရှိတဲ့ နျူကလီးယား တည်ဆောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ မှတ်တမ်းတွေကို ကိုးကား တင်ပြထားတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ကြေညာထားပါတယ်။

ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ မြိုင်မြို့မှာရှိတဲ့ စစ်တပ် လျှို့ဝှက်စက်ရုံတခုရဲ့ ဒုတိယ တာဝန်ခံဟောင်း ဖြစ်ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ …

“ကျနော်တို့ဆီမှာ ရှိနေတာက လူတယောက်က သယ်လာတယ်ဆိုတဲ့ မှတ်တမ်း အထောက်အထားတွေပဲ ဖြစ်တယ်ဆိုတော့ ဒီကိစ္စကို အသေအချာ စိစစ် ကြည့်ရှုဖို့ လိုနေပါသေးတယ်။” လို့ ပြောသွားပါတယ်။

အလားတူပဲ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ဝယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ မေလဆန်းပိုင်း မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက ပြုလုပ်ထားခဲ့တာပါ။ ဒီကိစ္စကိုလည်း အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က အတိအကျ ယုံကြည်တယ်လို့ မပြောပါဘူး။

“မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ခဲ့တယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့တော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိ တော်တော်များများနဲ့ ကျနော် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အခုလို လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အဲဒီနိုင်ငံအပေါ် ထားရှိတဲ့ ရပ်တည်ချက် သဘောထားနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို ပိုပြီး ရှင်းလင်းအောင် ထုတ်ဖော်ပေးပါလို့ ကျနော်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ရှင်းလင်းချက်တွေက သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။”

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ တင်သွင်းခဲ့တယ်ဆိုတဲ့ ကိစ္စမှာ မြန်မာနိုင်ငံဆီကို တိုက်ရိုက် ရောက်ရှိမသွားဘဲ အရှေ့အလယ်ပိုင်းနဲ့ UAE ကို ရောက်ရှိသွားခဲ့တဲ့ ကိစ္စ၊ ပင်လယ်ပြင်ကနေ လှည့်ပြန်ခဲ့တဲ့ကိစ္စ၊ ဘန်ကောက်မှာ လေကြောင်းက ဟန့်တားခဲ့ရတဲ့ကိစ္စ စတာတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံကနေတဆင့် ကုန်းကြောင်းကနေ မြန်မာနိုင်ငံအထိ ရောက်သွားခဲ့တဲ့ ကိစ္စတခု ရှိတယ်လို့လည်း သိရကြောင်း၊ အသေးစိတ်ကို နိုင်ငံခြားရေးဌာနကပဲ ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။

ဒါတွေဟာ ရှင်းလင်းဖို့ လိုနေသေးတဲ့ ကိစ္စတွေ ဖြစ်ပေမဲ့ သူသွားမယ့် ခရီးစဉ်အတွင်း ရည်မှန်းချက်တွေအတိုင်း ဆွေးနွေး တွေ့ဆုံပွဲ ကိစ္စတွေကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့တော့ သူယုံကြည်ကြောင်း မစ္စတာဝက်ဘ်က ဆိုပါတယ်။

“ဒီကိစ္စနှစ်ရပ်လုံးမှာ အချက်အလက်တွေ ဘယ်လောက် မှန်ကန်တယ်ဆိုတာ မသိနိုင်သေးပေမဲ့ ဒီအကြောင်းချက်တွေက ၂ ခုတောင် ဖြစ်နေတော့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းထားတာပဲ ကောင်းတယ်လို့ ကျနော်က ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန် ပြောဆို ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားဖို့ အရေးကြီးတယ်လို့ ကျနော် ယုံကြည်ထားဆဲပဲ ဖြစ်ပါတယ်။”

ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်ကို မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူတွေ့ဆုံလိုသူတွေနဲ့ တွေ့ခွင့်ရမယ့် အလားအလာ မရှိတဲ့အတွက် ဂျင်မ်ဝက်ဘ်က ခရီးစဉ် ဖျက်သိမ်းတာ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို မစ္စတာဂျင်မ်ဝက်ဘ်က…

“မြန်မာနိုင်ငံအတွင်း ကျနော့်ရဲ့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကတော့ တင်ပြ တောင်းဆိုထားဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျနော်ရောက်သွားမှ ရှင်းလင်း အတည်ပြုပေးမှာပါ။” လို့ ဖြေသွားပါတယ်။

အဲဒီတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် အနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင် တရက်အလိုအထိ အရေးပါဆုံး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမရ မသိရသေးဘူး ဆိုတာတော့ ထင်ရှားနေပါတယ်။

တဘက်မှာလည်း မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ စစ်အစိုးရဘက်ကို ပိုအလေးပေးပြီး သူ့ရဲ့ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ယူဆ ဝေဖန်နေကြတဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ မစ္စတာ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပွဲလုပ်ဖို့ အသိပေး အကြောင်းကြားထားတာ မရှိသေးဘူးလို့လည်း ဒေါ်စုနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရရင် အမေရိကန် အဆင့်မြင့်ခေါင်းဆောင်တဦး အနေနဲ့ မြန်မာနိုင်ငံကို သွားစရာ မလိုဘူးဆိုတဲ့ အစဉ်အလာကို အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ချိုးဖောက်လိုဟန်လည်း မရှိပါဘူး။

XS
SM
MD
LG