အစိုးရရဲ့လုပ်ရပ်ဟာ ဒေါသထွက်စရာ ဖြစ်သလို နေရပ်ပြန်ပို့မခံရရေး ကြိုးပမ်းနေတဲ့ သားအမိ ၂ ယောက်ကို လူမသိသူမသိ နှင်ထုတ်ရာရောက်တဲ့အကြောင်း တရားသူကြီး Emmet Sullivan က ပြောဆိုလိုက်တာပါ။ ဒီလုပ်ရပ်အပေါ် အလွန်အမင်း စိတ်ပျက်ဒေါသ ထွက်ရကြောင်း တရားသူကြီးက ထပ်တလဲလဲ ပြောခဲ့သလို လေယာဉ်ကို နောက်ကြောင်း ပြန် လှည့်လာဖို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် စိတ်မချမ်းမသာ ဖြစ်ရ သလို လက်ခံနိုင်စရာ မရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။
တရားရုံး မှတ်တမ်းတွေအရ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မိခင်ဖြစ်သူဟာ Carmen ဆိုသူဖြစ်ပြီး၊ အိမ်တွင်းအကြမ်းဖက်မှု၊ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရ သူတွေကို ခိုလှုံခွင့် မပေးတော့ဖို့ ဆုံးဖြတ်ထားတဲ့ အမေရိကန်ရှေ့နေချုပ် Sessions ကို အမေရိကန်အရပ်ဖက်လူမှုအခွင့်အရေး လှုပ်ရှားမှုသမဂ္ဂ (ACLU) ရဲ့ အကူအညီနဲ့ တရား လို လုပ် အမှုဖွင့်ထားသူလည်း ဖြစ်ပါတယ်။ အမှုမှာပါဝင်ပတ်သက်နေသူ ဘယ်သူ့ ကိုမဆို ကြာသပတေးနေ့မကုန်ခင် နေရပ်ပြန်မပို့ဖို့ ACLU နဲ့ အစိုးရကြား သဘောတူ ထားပေမဲ့လည်း တက္ကဆက်ပြည်နယ်က ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားတဲ့ သားအမိ ၂ ယောက်ကို နေရပ်ပြန်ပို့လိုက်ကြောင်း ကြားသိခဲ့ရတဲ့ ACLU ရှေ့နေ Jennifer Chang Newell က တရားရုံးကို အသိပေးခဲ့တာပါ။
အမိမြေလုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကတော့ သားအမိ ၂ ယောက်စလုံးကို El Salvador နိုင်ငံကနေ တက္ကဆက်ကို ချက်ခြင်းပြန်ခေါ်လာခဲ့ကြောင်း ပြောပါတယ်။ အမှု ရင်ဆိုင်နေတဲ့ မိခင်အမျိုးသမီးဟာ နှိပ်စက်လွန်းတဲ့ ခင်ပွန်းနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ရန်ကို စိုးရိမ်တဲ့အတွက် အမေရိကန်ကို ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။