အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညနေပိုင်းမှာ အစောဆုံးထားပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီး တရက်အကြာမှာ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ စစ်ရေးလေ့ကျင့်မယ့်အကြောင်း ဖူဂျီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံအနီးမှာ ပြုလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်တိုက်လေယာဉ်တွေ၊ အမေရိကန် ဗုံးကျဲလေယာဉ်တွေပါဝင်မှာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှု ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ အချိန်အတိအကျကတော့ မိုးလေဝသအခြေအနေအပေါ်မှာ မူတည်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေကို ကိုးကားပြီး ဖူဂျီသတင်းမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့တုန်းကလည်း ဂျပန်လေထီးတပ်ဟာ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနိုင်ငံတို့က စစ်တပ်တွေနဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက တခုတည်းသော လေထီးခုန် တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ တပ်မဟာ ၁ က တပ်ဖွဲ့ဝင် ၁,၀၀၀ လောက်ဟာ နှစ်စဉ် ဇန်နဝါရီလအတွင်း ကျင်းပလေ့ရှိတဲ့ လေထီးခုန် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြတာပါ။
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့ ရေပိုင်နက်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း မကြာခင်မှာ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။
==== Unicode ====