လက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့ရဲ့ လက်နက်တိုက်တွေကို ညဖက်မှာ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံတောင်ဘက် အတွင်းပိုင်းက လက်နက်တိုက်တခုကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရကြောင်း အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပြီးနောက် အစ္စရေးက အတည်ပြုခဲ့တာပါ။
လက်ဘနွန်တောင်ပိုင်းက ရော့ကတ်ဒုံးတွေနဲ့ လက်နက်တွေ သိုလှောင်ထားတဲ့ Hezbollah အဖွဲ့ရဲ့ လက်နက်တိုက် ၂ ခုကို အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ပါလက်စတိုင်း စစ်သွေးကြွအုပ်စု Hamas က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက ဂါဇာစစ်ပွဲ စတင်ချိန်ကတည်းက အစ္စရေးနဲ့ Hezbollah တို့ကြား နယ်စပ်မှာ အပြန်အလှန် တိုက်ခိုက်နေတာပါ။
အစ္စရေးနယ်စပ်နဲ့ ကီလိုမီတာ ၃၀ လောက်အကွာ Adloun မြို့မှာ လက်နက်တိုက်တခုကို အစ္စရေးလေတပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် NNA သတင်းက ဖော်ပြခဲ့ပြီး၊ အရပ်သား ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ၁ နာရီလောက် ရော့ကတ်ဒုံး ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်းလည်း အွန်လိုင်း ဗွီဒီယိုတွေနဲ့အတူ ဖော်ပြခဲ့ပါတယ်။
Forum