သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IRI စစ်တမ်း လူ့အခွင့်အရေးလှုပ်ရှားသူတွေ မေးခွန်းထုတ်


အမေရိကန်ပြည်ထောင်စုအခြေစိုက် IRI လို့ခေါ်တဲ့ International Republic Institute အဖွဲ့ကြီးကနေ လက်ရှိနိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ လူထု သဘောထား စစ်တမ်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီစစ်တမ်းဟာ လူထုတရပ်လုံးအပေါ် ကိုယ်စားမပြုဘူးဆိုပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားမပြုတဲ့အတွက် ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ဆက်တိုက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ထုတ်ပြန်ခဲ့တဲ့ IRI ရဲ့ မြန်မာနိုင်ငံအပေါ် ပထမဆုံး ကောက်ခံခဲ့တဲ့ စစ်တမ်းဟာ နယ်မြေဒေသအများအပြားကို လွှမ်းခြုံနိုင်မှုမရှိတာအပါအဝင် မေးခွန်းတွေဟာလည်း ယေဘုယျဆန်လွန်းနေခဲ့တယ်လို့ ဝေဖန်ထောက်ပြခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

IRI အဖွဲ့ရဲ့ မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲမှုနဲ့ စီးပွားရေးအလားအလာတွေအကြောင်း စိစစ်ကောက်ခံခဲ့တဲ့ လူထုစစ်တမ်းတစ်ရပ်ဟာ မြန်မာလူထုတစ်ရပ်လုံးကို ကိုယ်စားမပြုတဲ့အတွက် ဆန့်ကျင်သွားမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ လူထုဆက်ဆံရေးတာဝန်ခံ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“သူတို့ရဲ့စစ်တမ်းကို ဖတ်ကြည့်လိုက်တဲ့အခါကျတော့ဗျာ တချို့ ကျနော်တို့ရဲ့အမြင်နဲ့- ကျနော်တို့ရဲ့ အမြင်ဆိုတာထက် လက်ရှိ နိုင်ငံတွင်းမှာရှိနေတဲ့ ပကတိအခြေအနေတွေနဲ့ ကွဲလွဲနေတယ်လို့ ယူဆတယ်။”

IRI ရဲ့ အစီအစဉ်နဲ့ ကောက်ခံခဲ့တဲ့ အခုစစ်တမ်းဟာ လက်ရှိ ဒီမိုကရေစီဖော်ဆောင်နေတဲ့ အစိုးရကို အကောင်းမြင်လွန်းနေတာသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကလူကြိုက်ပိုများတယ်ဆိုတဲ့ အချက်အလက်တွေ ပါဝင်နေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက သုံးသပ်နေကြတာပါ။

“ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများတယ် ဆိုတဲ့ဟာပေါ့နော်၊ အဲဒီဟာကို ကျနော်တို့က အဓိက မကျေမနပ်ဖြစ်ပြီးတော့ ဒီ စစ်တမ်းကို တုံ့ပြန်တာတော့ မဟုတ်ပါဘူး။ စစ်တမ်းမှာ တခြား လက်မခံနိုင်တဲ့အချက်တွေ များနေတဲ့ဟာလည်း ပါပါတယ်။”

စစ်တမ်းရဲ့ ဖော်ပြချက်အရ လက်ရှိဒီမိုကရေစီစနစ်ဟာ အားနည်းချက်တွေ ရှိပေမယ့် စစ်အုပ်ချုပ်ရေးအပါအဝင် အခြားစနစ်တွေထက် သာလွန်တယ်ဆိုတာကို မြန်မာပြည်သူတွေ ထောက်ခံခဲ့ကြတယ်လို့ IRI ရဲ့ စစ်တမ်းမှာ ဖော်ပြထားတာပါ။ ဖြေဆိုသူ(၈၅) ရာခိုင်နှုန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာဟာ အကောင်းဖက်ကို ဦးတည်းနေတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တမ်းဖြေဆိုသူရဲ့ (၁၉) ရာခိုင်နှုန်းကတော့ အလုပ်လက်မဲ့ ပြဿနာဟာ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဖြစ်ကြောင်း ဖြေဆိုကြတယ်လို့ IRI ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

IRI စစ်တမ်းကို ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာရှိတဲ့ မြို့ရွာနဲ့ ကျေးလက်ဒေသ ၃၀၀ က လူပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့တာ ဖြစ်တယ်လို့ IRI ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းမှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံကို သုံးရက်ကြာရောက်ရှိနေတဲ့ IRI ရဲ့ ဒုဥက္ကဋ္ဌ သောမတ် ဂါရက် (Thomas Garrett) ကတော့ အခုစစ်တမ်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်တဲ့ ပြည်သူလူထုရဲ့ အတွေးအမြင်တွေကို စနစ်တကျ ကောက်ခံခဲ့တာဖြစ်တယ်လို့ ဗွီအိုအေနဲ့တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

"ဒီရက်ပိုင်းအတွင်းမှာ ကျနော် မွန်ပြည်နယ်ကို ခရီးထွက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပါအဝင် IRI စစ်တမ်းပါ အချက်တချို့အပေါ် မကျေနပ်ကြတဲ့ ဝေဖန်နေကြတဲ့ သူတွေနဲ့ လည်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီစစ်တမ်းကို ဘယ်လိုပုံစံနဲ့ ကောက်ဖို့ စီစဉ်ခဲ့တာကအစ တနိုင်ငံလုံးအတိုင်းအတာကို ပြည်နယ်အလိုက်၊ ဒေသအလိုက် အခြေခံပြီး စစ်တမ်းကောက်ယူပုံ တွက်ချက်ပုံကို ရှင်းပြခဲ့တော့ သူတို့နားလည်းသွားကြပုံရပါတယ်။ ဒီစစ်တမ်းရဲ့ တွေ့ရှိချက်ဟာ တစုံတယောက်ရဲ့ အကြိုက်နဲ့ ကိုက်ချင်မှ ကိုက်မယ် ဆိုတာကိုလည်း သဘောပေါက်ကြပါတယ်။ စိတ်ဝင်းစားဖို့ကောင်းတာက ဒီစစ်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် အရွေးခံနိုင်အောင် ဖွဲ့စည်းပုံကို ပြင်ဖို့ ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်ဆိုတာကို အများစုကလက်ခံကြတာ တွေ့ရပါတယ်။ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့လည်း အတော်များများက စိတ်ဝင်စားပြီး ရွေးကောက်ပွဲရှိရင် မဲပေးကြဖို့ ဆန္ဒရှိတာတွေ့ရပါတယ်။ ဒီလူထုထင်မြင်ချက် စစ်တမ်းအရ ဒီမိုကရေစီစနစ်ကသာ နိုင်ငံတိုးတက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကိုတော့ လူထုက တခဲနက် ထောက်ခံကြတာ တွေ့ရပါတယ်။ "

IRI ရဲ့ စစ်တမ်းမှာပါဝင်တဲ့ အချက်တွေဟာ မှားယွင်းတဲ့အကြောင်း နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ ဆွေးနွေးပွဲတစ်ခုကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီရဲ့ အကူအညီနဲ့ကောက်ခံခဲ့တဲ့ IRI ရဲ့ အခုစစ်တမ်းကို ၂၀၁၃၊ ဒီဇင်ဘာ (၂၄) ရက်နေ့ကနေ ၂၀၁၄ ဖေဖော်ဝါရီလ (၁) နေ့အထိ ကောက်ခံခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကတော့ IRI ရဲ့ တာဝန်ရှိသူတွေအပါအဝင် ကွင်းဆင်းကောက်ခံခဲ့တဲ့ Myanmar Survey Research အဖွဲ့တွေကို ဖိတ်ခေါ်ပြီး စစ်တမ်းပါ အချက်အလက်မှားယွင်းမှုတွေကို ရုပ်မြင်သံကြားအစီအစဉ်တွေကနေလည်း တိုက်ရိုက်ထုတ်လွှင့် သွားဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်ခင်ဗျာ။
XS
SM
MD
LG