သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS မောင်းထုတ်ရေးပြီးဆုံးကြောင်း Iraq ကြေညာ


စနေနေ့ကကျင်းပတဲ့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi ရဲ့ သတင်းစာရှင်းလင်းပွဲ
စနေနေ့ကကျင်းပတဲ့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi ရဲ့ သတင်းစာရှင်းလင်းပွဲ

အီရတ်နိုင်ငံမှာ ရှိတဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို တိုက်ထုတ်တဲ့ ၃ နှစ်ကြာ စစ်ပွဲဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီလို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က စနေနေ့မှာ ကြေညာလိုက်ပါတယ်။

အီရတ်- ဆီးရီးယား နယ်စပ်ဒေသကို အီရတ်တပ်တွေက လုံးဝ ထိမ်းချုပ် ထားနိုင်ပြီဖြစ်တဲ့အတွက် အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်နေတဲ့ စစ်ပွဲ အဆုံးသတ်သွားပြီလို့ ကြေညာလိုက်ကြောင်း ဝန်ကြီးချုပ် Abadi က ဘက်ဂဒက်မှာ ပြုလုပ်တဲ့ အီရတ် သတင်းသမားများ သမဂ္ဂက စီစဉ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

ဆီးရီးယား စစ်တပ်ကို ကူညီပံ့ပိုးပေးနေတဲ့ ရုရှားက ဆီးရီးယားမှာ ရှိတဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို ချေမှုန်းနိုင်ပြီလို့ ကြေညာလိုက်ပြီး နောက် ၂ ရက်မှာပဲ အခုလို အီရတ်က ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလို တိုက်ပွဲအောင်မြင်ကြောင်း ကြေညာခဲ့တာဟာ အီရတ်တပ်တွေက အီရတ်- ဆီးရီးယား နယ်စပ် ကိုသာမက အနောက်ပိုင်းသဲကန္တာရ ကိုပါ ထိမ်းချုပ်ထားနိုင်တာကို ဆိုလိုကြောင်း အီရတ်အစိုးရက ပြောပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေဟာ ၂၀၁၄ နွေကာလ လောက်က အီရတ်တနိုင်ငံလုံးရဲ့ သုံးပုံ တပုံလောက်ကို သိမ်းပိုက်ခဲ့ပြီး အီရတ်နိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနယ်မြေတွေ အားလုံးကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ အကူအညီနဲ့ အီရတ်တပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာပါ။

အိုင်အက်စ် စစ်သွေးကြွတွေ သူတို့ရဲ့ ကာလီဖိတ်နိုင်ငံအဖြစ် ကြေညာခဲ့တဲ့ အီရတ်က နေရာတွေထဲမှာ နောက်ဆုံးကျန်နေတဲ့ နေရာတွေကို ဖယ်ရှားရှင်းလင်း နိုင်ခဲ့ပြီး၊ အဲဒီက ဒေသခံတွေ အိုင်အက်စ်တွေရဲ့ ရက်စက်တဲ့ ထိမ်းချုပ်မှု အောက်က လွတ်မြောက်အောင် လုပ်နိုင်ပြီ ဆိုတာ ကို အခု အီရတ်ရဲ့ ကြေညာချက်ကနေ သိလာရတဲ့ အတွက် အီရတ်ပြည်သူတွေနဲ့ အီရတ်တပ်ဖွဲ့တွေကို ချီးကြူး ဂုဏ်ပြုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

အီရတ်ဝန်ကြီးချုပ် Abadi က ဒီဇင်ဘာ ၁၀ ရက်နေ့ကို အမျိုးသား အားလပ်ရက်အဖြစ် နှစ်စဉ် ကျင်းပမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG