အီရန်နိုင်ငံ အပေါ် စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုက ပြန်လည် ချမှတ်လိုက်ပါတယ်။ အီရန်နိုင်ငံရဲ့ နျူးကလီးယား အစီအစဉ်တွေကို ကန့်သတ်နိုင်ရေး ဖိအားပေးတဲ့ အနေနဲ့ အမေရိကန်ဘက်က ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်နဲ့ ဖယ်ရှားပေးခဲ့ပြီးနောက် အခုလို ပြန်ပြီး ဒဏ်ခတ်တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ဘက်က ထပ်ခါတလဲလဲ ဝေဖန်ခဲ့တဲ့ အီရန် နျူးကလီးယား အရေး နိုင်ငံတကာ သဘောတူညီချက်ကနေ အမေရိကန်တို့ နုထ်ထွက်ခဲ့တာ အခုဆိုရင် သုံးလတာ ရှိခဲ့ပြီ ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လည် ချမှတ်မှုက မနေ့ တနလာၤနေ့ သန်းခေါင်က စလို့ အသက်ဝင်ပါတယ်။ အီရန် အပေါ် ဒဏ်ခတ်မှုက တရားဝင် စတင်ပြီလို့ ဒီနေ့ အင်္ဂါနေ့မှာ အမေရိကန် သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးပါတယ်။
အရင်က ဒဏ်ခတ်မှုတွေထက် ပိုပြီး ပြင်းထန်ပြီး လာမယ့် နိုဝင်ဘာလမှာ နောက်ထပ် အဆင့်တိုးမြှင့်သွားမှာ ဖြစ်တယ်၊ အီရန်နဲ့ စီးပွားရေး လုပ်သူတွေ အမေရိကန်နဲ့ စီးပွားရေး လုပ်လို့ရမှာ မဟုတ်ဘူး။ သူ့အနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ပြောဆိုနေတာ ဖြစ်ပြီး တပြားသားမှ မလျှော့နိုင်ဘူးလို့ အမေရိကန် သမ္မတ Donald Trump က တွစ်တာမှာ ဒီကနေ့ ရေးခဲ့တာပါ။
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်က အီရန်နိုင်ငံရဲ့ ကားထုတ်လုပ်မှု ကဏ္ဍ၊ ရွှေနဲ့ အဖိုးတန် သတ္တု ကုန်သွယ်ရေး၊ အီရန် ငွေကြေးနဲ့ တခြား ငွေကြေး လွှဲပြောင်းမှုတွေကို ပစ်မှတ်ထားကြောင်း အမေရိကန် သမ္မတ Trump က ပြောပါတယ်။ အီရန် ဗဟိုဘဏ်နဲ့ အလုပ်လုပ်နေတဲ့ နိုင်ငံခြား ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ နောက် အီရန်ရဲ့ စွမ်းအင် ဆိုင်ရာ ဆက်စပ် လွှဲပြောင်းမှုတွေ အပေါ် ဒဏ်ခတ်မှုတွေကို နိုဝင်ဘာလ ၅ ရက်နေ့မှာ အမေရိကန် ဘက်က ပြန်လည် စတင်မယ့် အကြောင်းလည်း သမ္မတ Trum က ပြောဆိုပါတယ်။