(Zawgyi/Unicode)
အီရန်နျူကလီးယားဆိုင်ရာ ၂၀၁၅ နိုင်ငံတကာ စာချုပ်ပါ သဘောတူညီချက်တွေကို မလိုက်နာတော့တဲ့ နောက်ဆုံး လုပ်ရပ်တခုအနေနဲ့ Fordo နျူကလီးယား စက်ရုံက ဗဟိုခွာစက်တွေထဲ ဓာတ်ငွေ့တွေ ဖြည့်သွင်းတော့မှာဖြစ်ကြောင်း အီရန်နိုင်ငံက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
ဗဟိုခွာစက် ၁,၀၄၄ ခုကို ယူရေနီယံဓာတ်ငွေ့တွေ မနက်ဖြန်စတင် ဖြည့်သွင်းမှာဖြစ်ကြောင်း သမ္မတ Hassan Rouhani က ပြောလိုက်တာပါ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ၊ တရုတ်နိုင်ငံတို့နဲ့ အီရန်နိုင်ငံကြား သဘောတူညီချက်အရ Fordo နျူကလီးယား စက်ရုံကို သုတေသန လုပ်ငန်းအဖြစ်သာ ပြောင်းလဲ အသုံးပြုဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံကတော့ သဘောတူညီချက်အရ သန့်စင်ထားတဲ့ ယူရေနီယံတွေ သိမ်းဆည်းခွင့် ပမာဏကို မကြာသေးခင်ကပဲ ကျော်လွန်စုဆောင်းခဲ့သလို သန့်စင်မှု အဆင့်အတန်းကိုလည်း ကျော်လွန်ထုတ်လုပ်ခဲ့တာပါ။
စာချုပ်ပါ ကျန်နိုင်ငံတွေ အနေနဲ့ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျှော့ဖို့ သဘောတူညီချက်အတိုင်း လိုက်နာမယ်ဆိုရင် သူလုပ်နေတာတွေကို ပြန်လည်ရုပ်သိမ်းပေးမှာဖြစ်ကြောင်းလည်း အီရန်သမ္မတက ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။
တီဟီရန်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးကို သိမ်းပိုက်ခဲ့တဲ့ အနှစ် ၄၀ ပြည့်အပြီး နောက်တရက်မှာပဲ ယူရေနီယံ ထုတ်လုပ်မှုတွေ တိုးမြှင့်မယ့်အကြောင်း အီရန်အစိုးရက ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၅ သဘောတူညီချက်ကို မလိုက်နာတော့ပဲ ဗဟိုခွာစက်တွေကို ယူရေနီယံတွေသုံးပြီး ပြန်လည် လည်ပတ်တော့မှာဖြစ်ကြောင်း အီရန်က မနေ့တုန်းက ကြေညာခဲ့တဲ့ အပေါ်မှာတော့ နျူကလီးယားနဲ့ အကျပ်ကိုင်တဲ့လုပ်ရပ်အဖြစ် အမေရိကန် အဆင့်မြင့် အရာရှိတယောက်က တုံ့ပြန်ခဲ့တာပါ။
၂၀၁၅ သဘောတူညီချက်မှာ ပါဝင်ကြတဲ့ ဥရောပနိုင်ငံတွေ စိုးရိမ်အောင် အီရန်က ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။
အီရန်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ သမ္မတ Donald Trump ကို ဗွီအိုအေက မေးမြန်းရာမှာတော့ စောင့်ကြည့်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
[Unicode Version]