မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်လှည့်ဖွယ် ရှိတယ်ဆိုတဲ့ ဝေဖန်ချက်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိအနေအထားကို လေ့လာအကဲခတ်ဖို့ တံခါးဖွင့်ထားတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ရော အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိုရော သဟဇာတ မျှတစွာ ဆက်ဆံသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး အကြိုအဖြစ် ဒေါ်ခင်စိုးဝင်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို သီးသန့်တွေ့ဆုံမေးမြန်းရာမှာ သူက အခုလို စဖြေပါတယ်။
ဖြေ။ ။ “မြန်မာနိုင်ငံအနေနဲ့ တနိုင်ငံချင်းရဲ့ သဘောထားကို ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံက ပြဿနာအရပ်ရပ်တွေ၊ အငြင်းပွားမှု ကိစ္စရပ်တွေ ပေါ်ပေါက်လာလို့ရှိရင် ငြိမ်းချမ်းစွာ အဖြေရှာရေးကိုပဲ ထောက်ခံပါတယ်။ အဲ့ဒါကိုလည်း အားပေးပါတယ်။ အလှည့်ကျ ဥက္ကဌအနေနဲ့ကတော့ ဒီအဖွဲ့ဝင် အာဆီယံနိုင်ငံတွေ အများလိုလားတဲ့ အနေအထားကတော့ ဒီ six principles ဆိုတာ အာဆီယံက အတိအလင်း ကြေညာထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလမှာလည်းပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒါ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲ့ဒီမူဘောင်တွေ အတွင်းကနေပြီးတော့ ဒါ ဦးတည်ဆွေးနွေးသွားဖို့ ရှိပါတယ်။ အဓိကကတော့ ငြိမ်းချမ်းစွာ အဖြေရှာရေး၊ အင်အားအသုံးမပြုရေး၊ အင်အားအသုံးပြုဖို့ မခြိမ်းခြောက်ရေးပေါ့။ ဒါတွေကို မူတည်ပြီးတော့ ပြေပြေလည်လည်နဲ့ ဆွေးနွေးသွားဖို့၊ ဒီလိုဆွေးနွေးသွားတဲ့အခါမှာလည်း စတင်ပြီးသားဖြစ်နေတဲ့ process ကြီးဖြစ်တဲ့ implementation of the DOC – DOC တခုကို ဘယ်လို အကောင်အထည်ဖော်ဖို့ formal negotiation တွေ၊ formal meeting တွေ ဘယ်လို ပြန်လည်စတင်ကြမလဲ။ အဲ့လို မြန်မြန် စတင်နိုင်မှပဲ ဒါ COC – Code of Conduct တခု ပေါ်ထွက်လာမယ်။ ဒီ Code of Conduct တခု ပေါ်ထွက်လာရေးဟာ ဒါ ဒေသတွင်း တည်ငြိမ်းရေးအတွက် အရေးကြီးတယ်။ ဒီ Code of Conduct ပေါ်ပေါက်လာရေးသည် DOC ကို ဘယ်လို implement လုပ်မလဲ ဆိုတာရှိတဲ့အတွက်ကြောင့် ဒီအဆင့်ဆင့်တွေကို ဒါ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖု့ိအတွက်ကို အလှည့်ကျဥက္ကဌအနေနဲ့ တိုက်တွန်းအားပေးသွားမှာပါ။”
မေး။ ။ တကယ်လို့များ တရုတ်ဘက်ကနေပြီးတော့ မလိုက်နာခဲ့ဘူးဆိုလို့ရှိရင်ကော ဒီကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဆိုင်ရာ သဘောတူညီမှုစာချုပ် Law of Sea နဲ့ အရေးယူဖို့များ ရှိပါသလားရှင့်။
ဖြေ။ ။ “ဒါကတော့ သက်ဆိုင်တဲ့နိုင်ငံ တနိုင်ငံချင်းစီရဲ့ သဘောထားပဲဖြစ်ပါတယ်။ အာဆီယံအနေနဲ့ကတော့ collectively ဒီအပေါ်မှာ position လုံး၀ ယူထားတာ မရှိသေးပါဘူး။ မယူထားသေးဘူးဆိုတာကလည်း အာဆီယံရဲ့ ရပ်တည်ချက်ကိုက ဒီဥစ္စာတွေဟာ အငြင်းပွားနေတဲ့ နိုင်ငံတွေအချင်းချင်း ပြေလည်စွာ ဖြေရှင်းကြဖို့ဆိုတဲ့ သဘောပဲ ရပ်တည်ထားတာဖြစ်ပါတယ်။”
မေး။ ။ နောက် ဟုတ်ကဲ့ပါ အခုလာမယ့် ARF အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry လည်း တက်ရောက်ဖို့ရှိပါတယ်။ အဲ့ဒီအခါမှာ ဒီ John Kerry မလာခင်မှာပဲ အမေရိကန် အထက်လွှတ်တော်အမတ်တွေ၊ အောက်လွှတ်တော်အမတ်တွေ စုစုပေါင်း ၇၀ ကျော်လောက်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ တန့်နေတယ်။ နောက်ကြောင်းများ ပြန်လှည့်သွားမလား။ အဲ့ဒီတော့ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ အချိန်ကျပြီလား။ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ပြီးတော့ ရှေ့ဆက်ပြီးတော့ တားဆီးပိတ်ဆို့မှုတွေ ဆက်ထားဦးမလားပေါ့။ သူတို့ အဲ့လိုမျိုး အမျိုးမျိုး သံသယတွေလည်း မြင်နေကြတယ်ပေါ့။ ဝန်ကြီး Kerry အနေနဲ့လည်း ဝန်ကြီးနဲ့တွေ့တဲ့အခါမှာ ဒီကိစ္စတွေ ပြောကောင်းပြောပါလိမ့်မယ်။ အဲ့ဒီအခါကျရင် ဝန်ကြီးအနေနဲ့ ဘယ်လိုများ တုံ့ပြန်ဖို့ စဉ်းစားထားပါသလဲ။
ဖြေ။ ။ “အသွင်ကူးပြောင်းရေးဟာ အရှိန်တန့်နေတယ်။ နောက်ကြောင်းပြန်လှည့်မလားဆိုတဲ့ဟာက speculation တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့သွားနေတဲ့ အရှိန်အဟုန်ကိုကြည့်လို့ရှိရင် အခုအချိန်မှာ third wave ပြုပြင်ပြောင်းလဲရေး third wave ကို အရှိန်မြှင့်တင်ပြီးသွားနေတာ ဖြစ်တဲ့အတွက် ဒီဥစ္စာက ရပ်တန့်နေတယ်လို့ ပြောလို့မရပါဘူး။ ရှေ့လည်းတိုးတက် ပြည်သူလူထုတွေရဲ့ နေ့တဓူ၀ လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင်လည်း ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူလူထုတွေအနေနဲ့ ဒီ Democracy Values တွေကို သိမြင်လာပြီးတဲ့အခါမှာ ဒီအခွင့်အရေးတွေကိုလည်း လက်တွေ့ကျကျ ကျင့်သုံးလာနိုင်လားဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီသက်တမ်း နုနယ်သေးတဲ့အချိန်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေရှိတယ်။ အခက်အခဲတွေရှိတယ်။ အဲ့ဒီအခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့ ပြည်သူလူထုတွေရဲ့ ဆန္ဒတွေနဲ့အညီ ဘယ်လိုဆက်သွားမလဲဆိုတာ နိုင်ငံတော်အစိုးရအနေနဲ့ကတော့ ဒါ ချမှတ်ပြီးသား ရည်မှန်းချက်ပန်းတိုင် တခုချထားပြီးပြီ။ ဒီမိုကရေစီစနစ်တခု၊ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းတခုကို ကျနော်တို့က အောင်မြင်စွာ တည်ဆောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်တယ်။ ဒါကို ဆက်သွားနေမှာပါ။ အဲ့ဒီအတွက်ကြောင့်မို့လို့ နောက်ကြောင်းပြန်လှည့်တယ်တို့၊ ရပ်တန့်သွားတယ်တို့ ဒီ speculation တွေကတော့ ကျနော့်အနေနဲ့ကတော့ သူတို့ပြောတာတွေနဲ့ သိပ်သဘောမတူပါဘူး။”
မေး။ ။ နောက် မြန်မာနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေး၊ နောက် မြန်မာနဲ့ အမေရိကန်ပြည်ထောင်စု ဆက်ဆံရေး အဲ့ဒီနှစ်ခု သဟဇာတဖြစ်အောင် နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ ဘယ်လိုများ စီစဉ်ဆောင်ရွက်ထားပါသလဲရှင့်။
ဖြေ။ ။ “လွယ်လွယ်ကူကူလေးနဲ့ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒထဲမှာ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ရင်းနှီးစွာဆက်ဆံတဲ့ မူဝါဒကိုလည်း ဆက်လက် ထိန်းသိမ်းသွားပါမယ်ဆိုတာကို ပြောပါတယ်။ ဒီလိုဆက်ဆံတဲ့အခါမှာလည်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ပေါ်မှာ အခြေခံမယ်။ ဒါ ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒပေါ့။ တရုတ်နဲ့ မြန်မာနိုင်ငံဟာ ကီလိုမီတာပေါင်း ၂,၀၀၀ ကျော်လောက် ထိစပ်နေတာ။ သမိုင်းကြောင်းအရလည်း ဒါ ရှေးအစဉ်အဆက်ထဲကနေပြီးတော့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်။ နှစ်နိုင်ငံ ပြည်သူလူထုတွေရဲ့ ကူးလူးဆက်ဆံမှုကလည်း ရှိနေတယ် ဆိုတဲ့အတွက်ကြောင့် ဒါဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ထားတယ်လို့ ပြောလို့ရပါတယ်။”
“တဘက်က အမေရိကန်ပြည်ထောင်စုကိုကြည့်ရင်လည်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးတောင် မရသေးဘူး။ ဆိုတော့ အစောဆုံး သံတမန်ထူထောင်ခဲ့တဲ့ နိုင်ငံထဲမှာ ပါပါတယ်။ ဆိုတဲ့အတွက် ကျနော်တို့ကလည်း အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကို ကောင်းမွန်ချင်ပါတယ်။ ဒီထက်ဒီထက် တိုးတက်အောင်လည်း တည်ဆောက်သွားချင်ပါတယ်။ US Administration အနေနဲ့ သူ့ရဲ့လုပ်နိုင်တဲ့ မူဘောင်ထဲကနေပြီးတော့ ကန့်သတ်ပိတ်ဆို့မှုတွေကို တတ်နိုင်သမျှ ဖြေလျှော့ပေးတာကို တွေ့ရတယ်။ သို့သော်လည်း ကျန်နေသေးတာ ကွန်ဂရက်ကနေ ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ တားမြစ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ဖို့ဆိုတာ - ဒါတွေသာ ပယ်ဖျက်နိုင်မယ်ဆိုရင်တော့ ဒါ ပိုပြီးတော့ ပွင့်လင်းတဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုရလာလိမ့်မယ်။”
မေး။ ။ အခု ဝန်ကြီးတို့ ဒီ မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဌတာဝန် စယူကတည်းကနေပြီးတော့ နိုင်ငံတကာအဆင့် အစည်းအဝေးတွေ ဦးဆောင်ပြီး ကျင်းပနေရတာ၊ ဒီလိုကျင်းပတဲ့အခါမှာ ဝန်ကြီးတို့ အခက်အခဲ စိန်ခေါ်မှုတွေရော ရှိပါသလား။ နောက်ပြီးတော့ နိုင်ငံခြားက အကူအညီတွေကိုရော ရယူတာ ရှိပါသလားရှင့်။ Technical နည်းပညာပိုင်းပေါ့။
ဖြေ။ ။ “နည်းပညာပိုင်းဆိုင်ရာတွေမှာတော့ ကျနော်တို့က အဓိကအားဖြင့်တော့ Capacity Building ပေ့ါ Human Resource Development တွေ အဲ့လူတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ Training တွေပေးတယ်။ သူတို့ဆီကလည်း Training တွေ လာပေးတယ်။ ဒါမျိုးတွေ ရှိပါတယ်။ နောက်တခါ ဒီ အစည်းအဝေးကြီးတွေ ကျင်းပရဖို့အတွက်ကို ကျနော်တို့က ကြိုတင်ပြီးတော့ အဓိကကတော့ logistic ပိုင်းပေါ့နော် logistic ပိုင်းတွေမှာလည်း ကျနော်တို့က နှစ်တွေနဲ့ချီပြီးတော့ ကျနော်တို့က ဒါ တာဝန်စယူတဲ့အချိန်ကစပြီးတော့ ဒါ ၂၀၁၄ ကို အာဆီယံကနေပြီးတော့ အလှည့်ကျဥက္ကဌအတွက် အားလုံး အတည်ပြု ဆုံးဖြတ်လိုက်တဲ့ အချိန်ကစပြီးတော့ ကြိုတင် prepare လုပ်လာတာပေါ့ ဆိုတဲ့အတွက်ကြောင့်မို့ ကြီးကြီးမားမား အခက်အခဲတွေတော့ မတွေ့ရပါဘူး။ သို့သော်လည်း ဒီ နိုင်ငံပေါင်းများစွာကို ပထမဦးဆုံးအနေနဲ့ အလှည့်ကျ ဥက္ကဌအနေနဲ့ ဦးဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ဘက်ကနေပြီးတော့ လစ်ဟင်းချက်တွေ မရှိအောင်၊ အားနည်းချက်တွေ မရှိအောင်၊ ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားရတဲ့ အနေအထားရှိပါတယ်။”