ကရင်ပြည်နယ် အစိုးရဟာ အများဝေဖန်နေတဲ့ ကြားကပဲ ပတ်ဝန်းကျင်ညစ်ညမ်းမှု များတဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကနေ စွမ်းအင်ကို ရယူဖို့ ကြိုးစားနေပါတယ်။ ဘာ့ကြောင့်ပါလဲ၊ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒေါ်ခင်မျိုးသက်က သွားရောက်တွေ့ဆုံ မေးမြန်းတဲ့ အခါ ဝန်ကြီးချုပ်က အခုလို စပြောပါတယ်။
ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ ။ကျမကလေ နဂို စလာကတည်းက ကျမတို့ဆီမှာ စွမ်းအင်က သိတဲ့အတိုင်းပဲလေ မီးမရတဲ့နေရာတွေကများတယ်။ မီးလေးလာရင် လူတွေက တခါတည်းဝမ်းသာပြီးအော်တယ်၊ ဒီမှာဆို သိပ်သိသာတာပဲ မီးလာတယ်ဆိုပြီးအော်တယ်။ အဲဒီတော့ ကျမတို့အရင်ကတည်းက ကြိုးစားတယ်။ ကျမတို့ ပြည်နယ်အစိုးရဖွဲ့တော့မယ်ဆိုတဲ့အချိန် လျှပ်စစ်နဲ့ ပတ်သတ်ပြီး ပညာရှင်ကို ကျမတို့ရှာတယ်။ ဒီပြင့်ဟာတွေကို ကျမ သိပ်ပြီးတော့ ဦးစားမပေးဘူး။ လျှပ်စစ် ကိုဦးစားပေးပြီး ဖိတ်ခေါ်လိုက်တဲ့အခါကျတော့ လာပြီးတော့ လျှောက်တဲ့လူတွေ ရှိပါတယ်။ အဲဒီအထဲကမှ ကျမ ရေအားလျှပ်စစ်ကိုဦးစားပေးလိုက်တယ်လေ။ ကျမသိထားတာကတော့ ရေအားလျှပ်စစ် သံလွှင်မြစ်ကြီးရှိတယ်ပေါ့နော် ၊ ရေအားလျှပ်စစ် ဈေးလည်းတော်တယ်ပေါ့နော် ။အဲဒီတော့ ကျမ ရေအားမှာ တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တယောက်ကို ကျမ ရွေးပြီးခန့်လိုက်တာ တကယ်လက်တွေ့ကျတော့ ရေအား က သိပ်ပြီးတော့ အဆင်မပြေဘူး။
ဒေါ်ခင်မျိုးသက်။ ။ဘာဖြစ်လို့ပါလဲ။
ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ ။ ရေအား က အဆင်မပြေဘူးဆိုတာက နဂိုကတည်းက ဟတ်ကြီးတို့ဘာတို့ ရှိတဲ့ လုပ်ငန်းတွေကလည်း ရေအားကို လုပ်လိုက်ခြင်းအားဖြင့် ကျမတို့က ဒီအတိုင်းအတာအရဆိုရင် ၇ နှစ် ၈ နှစ်လောက်က ကြာမယ်။ ရွာကလည်း ၇ ရွာ ၈ ရွာတောင်မကဘူး ကျမတို့က ရေမြုပ်သွားမယ်ဆိုတော့ ဒီဟာတွေက ရှောင်နေရသလိုဖြစ်တာပေါ့နော် ရွာသားတွေ အတွက်လည်း အခက်အခဲရှိတာပေါ့နော်။ လက်တလောဖြစ်လာနိုင်တဲ့ဟာတွေ နောက်တော့မှ သူ့ဟာသူ မီးရလို့အဆင်ပြေတာထက် အခုလောလောဆည် ရွှေ့ပေးရမယ် ပြောင်းပေးရမယ် ဆိုတော့ သိပ်ပြီးတော့ အဆင်မပြေတော့ လူထုကလည်း ဒီဟာကို နားလည်အောင် ဒီအချိန်ပြောရမှာ ခက်ခဲတာပေါ့နော်။
ဒေါ်ခင်မျိုးသက်။ ။ ဟတ်ကြီးရပြီးတဲ့နောက်လည်း ပြည်တွင်းထက်ကို ပြည်ပကိုပေးတာ များတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ ။ဟုတ်တယ် နောက်လုပ်တဲ့ ကုမ္ပဏီတွေကလည်း စကားမပြောခဲ့ရတော့ ခိုင်ခိုင်မာမာ ကျမတို့မသိရတော့ ကျမတို့ဒါကို စိတ်လျှော့လိုက်ရတာပေါ့ ။ solar လည်းလုပ်ကြည့်ပါတယ် Solar လုပ်တော့လည်း ကျမတို့ ရာသီဥတုနဲ့ solar လည်း ၇ လ လောက်ပဲရမယ်။ ၅ နာရီလောက်ပဲရမယ်။ နေ့ပိုင်းပဲရမယ်၊ ညလည်းမရဘူး။ တခါ ညကိုရဖို့ကလည်း သူတို့ ဘတ်ထရီလား ဘာလားတနည်းတော့ရှိတယ်။ ဈေးတော့ကြီးတယ်၊ တခါရပြန်ရင်လည်း တညလုံးနေမှ TV လေးပဲကြည့်တယ်ဆိုရင် တယူနစ်၊ ၂ ယူနစ်လောက်နဲ့ဆိုရင် လာမည့် ကုမ္ပဏီတွေက တယောက်မှ ရင်းနှီးမြှပ်နှံဖို့ စိတ်မကူးတော့ဘူး။ ကျမလည်း ဈေးကို သတ်မှတ်လိုက်တယ်၊ ၁၅၀နဲ့ မကျော်နဲ့ဆိုပြီးတော့ ခုနတုန်းကတော့ ကိုယ်က အဟုတ်ကြီးထင်ပြီးတော့ ၁၅၀၊ အခုအကုန်လုံးပြန်ပြောင်းပြီးတော့ ၂၀၀ ။ ၂၀၀ ကလည်း သိပ်ပြီးတော့ မအီမလည်နဲ့ပြေးကုန်တော့ ဒါလည်းမဖြစ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀ ဆိုလည်း သူက တော်တော်လေးကို ဝန်ထုတ်ဝန်ပိုးဖြစ်ပါတယ်။ ဒါနဲ့ကျမတို့က နောက်ဆုံး စိတ်ကူးပြောင်းသွားတယ် အရင်တုန်းကတော့ ကျောက်မီးသွေးကို စိတ်မကူးခဲ့ပါဘူး။ နောက်ကျတော့ ကျမ ကျောက်မီးသွေးကို ဘက်ကိုပြောင်းသွားပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ ဝန်ကြီးချုပ်က ကျောက်မီးသွေးကိုအားပေး တယ်ဆိုပြီးတော့ အကုန်လုံးက ပြောနေကြပါတယ်။ ဘာကြောင့်ပါလဲ အကြောင်းအရင်းသိချင်ပါတယ်။
ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ ။ ကျောက်မီးသွေးကိုအားပေးတာတော့ မဟုတ်ပါဘူး လိုအပ်လို့ပါ။ လိုအပ်တယ် ဆိုတာကတော့ ကျမတို့ အခြေအနေအရပေါ့နော် ။ သူများတွေနဲ့ ကျမတို့နဲ့ကတော့၊နီးနီးနားနား မွန်ပြည်နယ်မှာဆိုရင် ကျမတို့ပြောရင် သူတို့ပြည်နယ်က ကျမတို့ ကရင်ပြည်နယ်နောက်မှ ရတာ ၊ ကျမတို့ ကရင်ပြည်နယ်က အရင်ရတာပေါ့နော်၊ ငြိမ်းချမ်းရေးကတော့ ထည့်မပြောတော့ပါဘူး။ ဒါပေမယ့် သူတို့ဆီမှာ မီးရထားတွေ လေယာဉ်ကွင်းတွေ ၊ သင်္ဘောဆိပ်တွေ အခုလည်း ၁၀ မြို့နယ်မှာဆိုရင် ၉ မြို့နယ်ကတော့ မီးရတယ်၊ ၁ မြို့နယ်ပဲကျန်တာ။ ကျမတု့ိက ၇ မြို့နယ်မှာ ၃ မြို့နယ် ၊ အဲဒီ ၃ မြို့နယ်မှာတောင်မှ ကျန်တဲ့ မြို့နယ်ငယ်လေးတွေက ၂ နာရီတို့ နည်းနည်းပဲ ၊ ကော့ကရိတ်တို့ဘာတို့ဆိုရင် အဲဒီလောက်ပဲရတာ။
ဆိုတော့ တော်တော်လေးကိုအဆင်မပြေဘူး နောက်ပြီးတော့ ကျမလည်း နဂိုကတည်းက သိထားတာ နည်းရှိရင်တော့ ခွင့်ပြုမယ်ပေါ့နော် ၊ ဒါကသာမန်အသိပဲ။ အခု တကယ် ကိုယ်လုပ်လိုက်တဲ့အခါကျတော့ စက်မှုဇုံလုပ်ဖို့လူတွေ၊ ရင်းနှီးမြှပ်နှံဖို့ လာတဲ့လူတွေက အဲလိုမျိုး နိုင်ငံခြား ရင်းနှီးမြှပ်နှံဖို့ လာတဲ့လူတွေလာရင် မီးအားမရ တော့ ဘယ်သူမှ စိတ်ဝင်စားမှုမရှိဘူး။ ကျမတို့မှာ ကုန်စည်စီးဆင်းမှုလမ်းတွေ ၊ ကုန်းလမ်းဆိုရင်လည်း အာရှလမ်းမကြီးရှိတယ်၊ သံလွှင်မြစ်ကြီးလည်းရှိတယ်။ ကျမတို့ဆီမှာလည်း စက်မှုဇုံလုပ်ဖို့နေရာ မြေကလည်းကောင်းတယ်။ အကုန်လုံးက အဆင်ပြေနေရဲ့သားနဲ့ ဒီမီးနဲ့ပဲ ခဏနေကျတော့ တယောက်က ပြန်သွား လိုက်ဖြစ်နေတယ်။ ကျမကစဉ်းစားတယ်၊ စိုက်ပျိုးရေးမွေးမြူရေး လုပ်တဲ့အခါကျရင် သူတို့က တခုတည်းနဲ့ တချိန်တည်းနဲ့ ကြီးကြီးမားမား အများအားဖြင့် တဖက်နိုင်ငံကိုရောက်နေတာ ကျမတို့ ကရင်တွေ အများစုပဲလေ၊ အလုပ်ပေးနိုင်တဲ့အလုပ်က ဘာလဲဆိုတော့ မီးရှိလို့ရှိရင် ကျမတို့ စက်ရုံတွေထောင်မယ်။ဒီစက်ရုံတွေ ထောင်တာအားဖြင့် ဟိုဘက်မှာလည်း သူတို့တွေ စက်ရုံတွေမှာပဲလုပ်ရတယ်လေ၊ ဒီဘက်မှာလည်း စက်ရုံတွေမှာ ပြန်လုပ်ရရင် ဒီဒေသမှာလည်း ပြန်လုပ်ရရင် သူတို့အတွက် ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။
နောက်ပြီးတော့လည်း အဲဒီနိုင်ငံမှာရှိတဲ့ ကုမ္ပဏီမှာပဲ လာပြီးပြန်လုပ်မှာဆိုတော့ သူတို့အတွက်က ဘာမှ အခက်အခဲမရှိဘူး အဲဒီတော့ သူတို့ ထောင်၊ သောင်း နဲ့ သိန်းနဲ့ ချီပြီး ကျမ ဒီတနှစ်၊ ၂ နှစ်အတွင်းမှာ အလုပ်ပေးနိုင်ပြီဆိုတော့ ကျမစိတ်ကူးလိုက်တယ် မီးကတော့ ကျမ ပြည်ထောင်စုအစိုးရကိုတော့ စောင့်လို့မဖြစ်ဘူးလေ။ ပြည်ထောင်စုက ကျမတို့ကို ၁ နာရီလေးတိုးပေးဖို့ လုပ်ဖို့ကို မလုပ်နိုင်သေးတဲ့အခြေအနေမှာဆိုတော့ အဲဒီတော့ ကျမတို့တောင်းနေတဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ က ကိုယ်ကြမ္မာကိုယ်ဖန်တီးဖို့က ကိုယ့်ကိုပဲစပြီးကြိုးစားရမယ်ဆိုတော့ ကျမသိတယ်လူထုက ဒီဟာကိုလက်မခံဘူး ၊ ဒါပေမယ့် မုန်းရင်မုန်းပါစေ ဆေးကခါးရင် ခါးပါစေ ၊ ရောဂါပျောက်ဖို့အတွက် တိုက်ရမှာပဲနော်။”
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံ မေးမြန်း ထားတာဖြစ်ပါတယ်။