သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ ဆက်သွယ်မေးမြန်းချက်


ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဦးဇော်ဌေးရဲ့ ပြောကြားချက်တွေဟာ ရခိုင်လူ့အဖွဲ့အစည်းတည်ရှိမှုကို ခြိမ်းခြောက်တယ်လို့ မြင်ကြောင်း ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်မတော် AA ပြောခွင့်ရ ဦးခိုင်သုခက ဗွီအိုအေကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် လမ်းဖွင့်ထားတယ်ဆိုတဲ့ အပေါ်မှာ AA ရက္ခိုင့်တပ်မတော်ရဲ့ သဘောထား ကို မအင်ကြင်းနိုင်က မေးမြန်းရာမှာ ဦးခိုင်သုခက အခုလိုစပြောပါတယ်။

ဦးခိုင်သုခ ။ ။ အဲဒီလိုပြောတဲ့ကိစ္စက ရိုးသားဖို့တော့လိုတယ်။ သူတို့ဘက်ကနေပြီး ဆွေးနွေးဖို့ ကိစ္စ တံခါးဖွင့်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့်လို့ တဖက်မှာနေပြီးတော့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို စစ်ရပ်နားထားပြီးတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဧရိယာမှာ အထူးသဖြင့် ကျနော်တို့ ရက္ခိုင့်တပ်မတော်ကို အင်အားအလွန်အကျွံသုံးပြီးတော့မှ သူတို့ ထိုးစစ်ဆင်နေတာ။ အခုဆိုရင် တလကျော်သွားပြီ။ ဘယ်သမ္မတရုံးကမှ တားဆီးခဲ့တာမရှိဘူး။ အခု ကျနော်တို့ လိုအပ်ချက်အရ ပြန်လည်ပြီး တိုက်ခိုက်ရတဲ့အခါကျတော့မှ သမ္မတရုံးက အသံတွေ ထွက်လာတယ်။ အထူးသဖြင့် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးတို့က ဒါ ကမ္ဘာကို ကြေညာပြတာပဲ။

ရခိုင်လူ့အဖွဲ့အစည်းတခုလုံးတည်ရှိမှုကို ခြိမ်းခြောက်နေတာပဲ။ အဲဒီလိုမျိုး ခြိမ်းခြောက်တဲ့ ကိစ္စကိုတော့ ကျနော်တို့ သည်းခံမှာ မဟုတ်ဘူး။ လိုအပ်သလို ပြန်လည် တုန့်ပြန်တိုက်ခိုက်သွားမှာ ဖြစ်တယ်။

အင်ကြင်းနိုင်။ ။ ဦးဇော်ဌေး သတင်းစာရှင်းလင်းပွဲမှာ နောက်တချက်က AA နဲ့ ARSA ဆက်သွယ်မှုတွေရှိတယ်ဆိုပြီး ထောက်လှမ်းရေး သတင်းတွေအရ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လမှာပဲ နှစ်ဖွဲ့တွေ့ဆုံပြီး စကားပြောကြတယ်။ နောက် အခုလို ဝင်တိုက်တဲ့ ကိစ္စတွေမှာလည်း နှစ်ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်တဲ့ အလားအလာတွေ ရှိနေတယ်ဆိုပြီး ပြောသွားပါတယ်။ အဲဒီအပေါ် မှာ AA တုန့်ပြန်ချက် ဘယ်လိုရှိပါလဲ။

ဦးခိုင်သုခ။ ။ ဒါကတော့ သူတို့ဘက်က အခြေအမြစ်မရှိတဲ့ လုပ်ကြံလီဆယ်ပြီးတော့မှ ကျနော်တို့ ရက္ခိုင့်တပ်မတော်ရဲ့ ပုံရိပ်ကို ကျဆင်းအောင် တမင်သတ်သတ် လုပ်ကြံတဲ့ နိုင်ငံရေး ညစ်လုံးတွေပဲဖြစ်တယ်လို့ ပြောချင်တယ်ဗျ။

အင်ကြင်းနိုင်။ ။ အဲတော့ ARSA အဖွဲ့အပေါ်မှာ AA ရဲ့ သဘောထား ဘယ်လိုရှိလဲ။ သူတို့ရဲ့ လှုပ်ရှားမှုတွေအပေါ်မှာရော AA က ဘယ်လို မြင်ပါသလဲရှင့်။

ဦးခိုင်သုခ။ ။ ကျနော်တို့ကတော့ ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရှိဘူးခင်ဗျ။ ဘယ်တော့မှလဲ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း သေသေချာချာ ရေးထားပြီးပြီ။ မိတ်ဆွေလား၊ ရန်သူလား၊ အကြမ်းဖက်သမားလား ဒါကို ကျနော်တို့ ရက္ခိုင့်တပ်မတော် ခေါင်းဆောင်တွေ ခွဲခွဲခြားခြား အသေအခြာကို နားလည်တယ်။ ရခိုင်ပြည်သူ တရပ်လုံးကလည်း နားလည်ပြီးသာ။ ဘယ်သူက ရန်သူလည်း၊ ဘယ်သူက မိတ်ဆွေလဲ။ ဘယ်သူက အကြမ်းဖက်သမားလဲ ဒါကို ကျနော်တို့ ရခိုင်တွေ အားလုံးသိတယ်ဗျ။ အခုချိန်မှာ ဒီလောက်ပဲ ကျနော်ပြောချင်တယ်။

အင်ကြင်းနိုင်။ ။ နောက်တချက်က ဦးဇော်ဌေးသတင်းစာရှင်းလင်းပွဲမှာ အထူးသဖြင့် AA ကရတဲ့ ဝင်ငွေဟာ မူးယစ်ဆေးဝါးကနေ ရနေတယ်လို့ ပြောသွားပါတယ်။ ဒီအပေါ်မှာ AA ရဲ့သဘောထား သိပါရစေရှင့်။

ဦးခိုင်သုခ။ ။ ကျနော်တို့ကတော့ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ လုံးဝပတ်သက်မှုမရှိဘူးခင်ဗျ။ ကျနော်တို့မှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း တင်းတင်းကြပ်ကြပ်ကို တားမြစ်ထားတာ။အဲဒါကြောင့်မို့လို့ ကျနော်တို့ လုံးဝပတ်သက်မှုမရှိဘူးခင်ဗျ။ ဒါပေမယ့် ကျနော်တို့ဘက်က တခုပြောနိုင်တာက ရခိုင်ပြည်နယ်အတွင်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက ပိုင်ရှင်ရှိတာရော၊ ပိုင်ရှင်မရှိတာရော အကုန်လုံးက မြန်မာစစ်တပ်က ဟာတွေကြီးပဲ။ ဟိုတခေါက်တုန်းက မောင်တောမှာ ဖမ်းမိတဲ့ဥစ္စာ၊ ဘူးသီးတောင်မှာလို့ထင်တယ်။ အဲဒီမှာလည်း မူးယစ်ဆေးဝါးတွေ ဖမ်းမိတာတွေက NLD အဖွဲ့ဝင်တွေဆီက ဖမ်းမိတာ။ သာမန်ရခိုင်ပြည်သူတွေဆီက အဲလိုမျိုးဖမ်းရသွားတယ်ဆိုတာ တခါမှမရှိဘူး။ ဆိုတော့ ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ အခု မူးယစ်ဆေးဝါးတွေ ဖြတ်သန်းသွားလာနေတာက အဲဒီ လမ်းကြောင်းတခုလုံးကို ထိန်းချုပ်ထားတာက မြန်မာစစ်တပ်က ထိန်းချုပ်ထားတာဆိုတာ အကုန်လုံးသိတဲ့ ကိစ္စခင်ဗျ။

အင်ကြင်းနိုင်။ ။ အခုလက်ရှိ AA တပ်မတော်မှာ အင်အားဘယ်လောက်ရှိပါသလဲ။ နောက်ပြီးတော့ AA တပ်မတော်ကို ရခိုင်လူထု ထောက်ခံမှု ဘယ်လောက်ရှိပါသလဲ။

ဦးခိုင်သုခ။ ။ ကျနော်တို့ ဒီတပ်မတော်ရဲ့ အင်အားနဲ့ ပတ်သက်လို့တော့ ဒါကတော့ သူ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော့်အနေနဲ့ ပြောလို့မရဘူး။ ဒါပေမယ့် ပြည်သူလူထုထောက်ခံမှုနဲ့ ပတ်သက်ရင်တော့ ပြောလို့ရတယ်ခင်ဗျ ။ ရခိုင်တွေအကုန်လုံးဟာ AA ကိုထောက်ခံတာပဲ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်လူမျိုးတွေက လိုအပ်ချက်အရ ကျနော်တို့ AA ကို ဖွဲ့စည်းလိုက်တာ ဆိုတော့ အဲဒါကြောင့်မို့လို့ ရခိုင်တွေအကုန်လုံးဟာ AA ကိုထောက်ခံတယ်။

အင်ကြင်းနိုင်။ ။ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ AA မှာလည်း တာဝန်ရှိတယ်လို့ ပြောလာရင် AA ဘက်က ဘယ်လို တုံ့ပြန်နိုင်မလဲရှင့်။

ဦးခိုင်သုခ။ ။ စစ်ပွဲဖြစ်လို့ရှိရင်တော့ စစ်ဘေးဒုက္ခသည်ကတော့ ဖြစ်ကြတာပဲခင်ဗျ။ ဘယ်နိုင်ငံမှာမဆိုနော်။ ဒါကတော့ ၂ ဖက် စစ်ဖြစ်တဲ့နေရာမှာ စစ်ရှောင်ဒုက္ခသည်ကတော့ ရှိကြမှာပဲ။ ဒါပေမယ့်လို့ အဲဒီ စစ်ရှောင်ဒုက္ခသည်တွေကို ကျနော်တို့ ဒုက္ခမပေးဖို့ပဲ လိုတယ်။ သာမန်ပြည်သူတွေကို ကာကွယ်ပေးရမယ့်တာဝန်က စစ်တပ်တွေရဲ့ တာဝန်ဖြစ်တယ်။ အခုက မြန်မာစစ်တပ်က အဲလိုမဟုတ်ဘူး သူတို့ကနေပြီးတော့ အရပ်ဖက်ပြည်သူတွေကို ရခိုင်တပ်မတော်ဘက်က လုံးဝမထောက်ခံရဲအောင် ၊ မပတ်သက်ရဲအောင် လက်နက်ကြီးတွေနဲ့ လှမ်းပစ် ၊ နောက်ပြီးတော့ ရိက္ခာတွေဖြတ်တောက်၊ ရိုက်နှက်ညှင်းပမ်းတာတွေ အဲလိုမျိုးတွေလုပ်တယ်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ AA တပ်မတော်အနေနဲ့ ရှေ့ဆက်ဘာလုပ်ဖို့ ရှိပါသလဲ။

ဦးခိုင်သုခ။ ။ ကျနော်တို့ကတော့ ရခိုင်ဒေသရဲ့ လုံခြုံရေး၊ ရခိုင်အမျိုးသားတွေရဲ့ လုံခြုံရေးအတွက် ရခိုင့်တပ်မတော်ကို ဖွဲ့စည်းလာတာ။ အဲဒါကြောင့် ကျနော်တို့ရဲ့ ပင်မ တာဝန်ဖြစ်တဲ့ ရခိုင်ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စကိုတော့ ကျနော်တို့ကတော့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်။

ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်မတော် AA ပြောခွင့်ရ ဦးခိုင်သုခကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားတာပါ။

AA နဲ့ ဆက်သွယ်မေးမြန်းချက်
please wait

No media source currently available

0:00 0:05:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG