သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတသစ် ဦးဝင်းမြင့်နဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာ မျှော်လင့်


သမ္မတသစ် ဦးဝင်းမြင့်
သမ္မတသစ် ဦးဝင်းမြင့်

NLD အရပ်သားအစိုးရရဲ့ သမ္မတသစ်အဖြစ် ဒုတိယသမ္မတ ဦးဝင်းမြင့် ကို လွှတ်တော်က ဗုဒ္ဓဟူးနေ့က ရွေးချယ်တင်မြှောက်လိုက်တဲ့အပေါ် အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆိုလိုက်ပြီး သမ္မတသစ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိနေကြောင်း မနေ့ က ထုတ်ပြန်တဲ့ ကြေညာချက်အသီးသီးမှာ ဖေါ်ပြထားပါတယ်။

အခုလို သမ္မတသစ် အပြောင်းအလဲနဲ့အတူ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် NLD အစိုးရအနေနဲ့ ပိုမိုဆောင်ရွက်လာမယ်လို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေကလည်း မျှော်လင့်နေကြပါတယ်။

မအင်းကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ကျင်းပတဲ့ သမ္မတသစ်ရွေးချယ်တင်မြှောက်တဲ့ ရလာဒ်ကို လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အခု လိုကြေညာသွားပါတယ်။

“ထောက်ခံဆန္ဒမဲ အများဆုံးရရှိတဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ကြောင်း ကြေညာပါတယ်။”

နိုင်ငံတော်သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်က ထောက်ခံမဲ ၄၀၃ မဲနဲ့ အများဆုံးရရှိပြီး၊ လက်ရှိဒုသမ္မတ ဦးမြင့်ဆွေက ထောက်ခံမဲ ၂၁၁ မဲနဲ့ နောက်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ၁၈ မဲ ရရှိခဲ့ကြပါတယ်။

ရာထူးကနေ အနားယူသွားတဲ့ သမ္မတဟောင်း ဦးထင်ကျော်နေရာမှာ အခုလို NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးလည်းဖြစ်သူ ဦးဝင်းမြင့် သမ္မတ သစ်အဖြစ် ရွေးချယ်ခံခဲ့ရတာကို မြန်မာပြည်သူတွေနဲ့အတူ နိုင်ငံတကာအသိုင်းအဝိုင်းကလဲ ကြိုဆိုခဲ့ကြပါတယ်။

နှစ်နိုင်ငံအကျိုးအတွက် အမေရိကန်အစိုးရအနေနဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ဗျူရို ပြောခွင့်ရ အမျိုးသမီး Katina Adams က ဗွီအိုအေကိုပြောပါတယ်။

“သမ္မတသစ် ရွေးကောက်တင်မြှောက်မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ချီးကျူးဂုဏ်ပြုပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေး၊ လူမှုရေး တရားမျှတမှု၊ လူ့အခွင့်အရေး ရိုသေလေးစားမှု၊ အုပ်စုအားလုံးတို့ပါဝင်တဲ့ ဖွံဖြိုးတိုးတက်မှုအတွက် ထောက်ခံအားပေးဖို့အတွက် အမေရိကန်ပြည်ထောင်စုက သမ္မတသစ် ဦးဝင်းမြင့်နဲ့အတူ လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။”

အလားတူ သမ္မတသစ် ဦးဝင်းမြင့်ကို တရုတ်သမ္မတ ရှီကျင်းပင် အနေနဲ့ ကြိုဆိုကြောင်းနဲ့ နည်းဗျူဟာမြောက် နှစ်နိုင်ငံ မိတ်ဖက်ပူးပေါင်းဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်လိုကြောင်း တရုတ်အစိုးရရဲ့ မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနဲ့ အစဉ်အလာမပျက် ဆွေမျိုးပေါက်ဖော်နိုင်ငံအဖြစ် ဆက်ဆံခဲ့သလို မကြာသေးခင်နှစ်တွေအတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အဆင့်မြင့်ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့တယ်လို့ သမ္မတရှီက ဆိုပါတယ်။ ဒါအပြင် နှစ်နိုင်ငံဆက်ဆံရေးမှာ ဒီထက်မက ပိုပြီးတိုးတက်ကောင်းမွန်လာဖို့ တရုတ်နိုင်ငံအနေနဲ့ အလေးထားကြောင်း သမ္မတရှီကျင်းပင်က ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့တဲ့ သမ္မတသစ် ဦးဝင်းမြင့်ကို ကုလသမဂ္ဂကကြိုဆိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ဗွီအိုအေကို အီးမေးလ်ကနေ တုန့်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ ဌာနေကိုယ်စားလှယ် Knut Osby ကိုယ်တိုင်လည်း သမ္မတသစ်ကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီစနစ်နဲ့ စီပွားရေးအသွင်ကူးပြောင်းရေးကာလမှာ ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာ ကျင့်ဝတ်နဲ့အတူ အကောင်းဆုံးလိုက်နာဆောင်ရွက်ချက်တွေနဲ့ ဆက်လက်ပြီးတော့ ကူညီပံပိုးပေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း အဲဒီအီးမေးလ်မှာ ရေးသားထားပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ သမ္မတ အပြောင်းအလဲဖြစ်ခဲ့တဲ့အပေါ် လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင် NLD အရပ်သားအစိုးရက ပိုမိုဆောင်ရွက်လာလိမ့်မယ်လို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက မျှော်လင့်နေကြပါတယ်။ သမ္မတအသစ် ခန့်အပ်လိုက်တာကို အဆိုးထဲကနေ ပြန်ပြီးရုန်းကန်ထွက်လာနိုင်တဲ့အခွင့်အရေးအဖြစ် မြန်မာအာဏာပိုင်တွေ အသုံးပြုသင့်ကြောင်း AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ မနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အလားတူ နယူးရောက်အခြေစိုက် HRW နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကတော့-

“သမ္မတသစ်ဆီကနေ ကျနော်တို့ မျှော်လင့်လို့ရတဲ့ အချက်တခုတော့ရှိပါတယ်။ အဲဒါကတော့ သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်နေတာပါ။ သူရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေး လိမ့်မယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ တကယ်ပဲ အပြုသဘောဆောင်တဲ့ အချက်ဖြစ်ပြီး မြန်မာပြည်သူတွေကလည်း လှိုက်လှိုက်လဲလဲကြိုဆိုကြမှာပါ။”

ဒါပေမဲ့လည်း သမ္မတသစ်အနေနဲ့ အပြောင်းအလဲတွေကို ထူးထူးခြားခြားလုပ်နိုင်လိမ့်မယ်လို့ မမြင်မိဘူးလို့ ဆိုပါတယ်။

"အဓိကအချက်ကတော့ အရပ်သားအစိုးရဟာ စစ်တပ်ရဲ့ လက်အောက်မှာပဲရှိနေသေးတာပါ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ရဲ့ လက်ထဲမှာ နယ်စပ်လုံခြုံရေးတပ်တွေရှိနေတာ၊ နောက်ပြီး ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရပ်သားအစိုးရကို အချိန်မရွေး ဖျက်သိမ်းနိုင်တဲ့အချက်တွေပါ။ နောက် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ အကျပ်အတည်းအပါအဝင် အခြား ဖိနှိပ်မှု ကိစ္စရပ်တွေမှာ စစ်တပ်က အဓိကလုပ်နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါကြောင့် သမ္မတအသစ်အနေနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒရေးရာပိုင်းမှာရော၊ အခြား အခြေအနေတွေ ပြောင်းလဲအောင် ထိထိရောက်ရောက် လုပ်နိုင်မှာ မဟုတ်ဘူးလို့ မြင်မိပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်ဟာ NLD ရဲ့ ဝါရင့် ခေါင်းဆောင်ပိုင်းတဦးဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း သစ္စာစောင့်သိသူဖြစ်ပါတယ်။ ဒါအပြင် သူ့ကို သမ္မတအဖြစ် တရားဝင် လုပ်ပိုင်ခွင့်ပေးထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ညွန်ကြားတဲ့အတိုင်းပဲ ဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်အတော်များများက သုံးသပ်ထားပါတယ်။ ဒါကြောင့် သမ္မတသစ် ဦးဝင်းမြင့် လက်ထက်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေဟာလည်း သိပ်ပြီး အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်းလည်းဖြစ်တဲ့ Priscilla Clapp ကဗွီအိုအေကိုပြောပါတယ်။

“စိန်ခေါ်မှုတွေကတော့ အရင်အတိုင်းပဲ လို့ ကျမ မြင်ပါတယ်။ သူတို့မှာ ဘယ်လို အခက်အခဲတွေ အများကြီး ရှိနေသလဲဆိုတာ ကျမတို့ သိနေပြီသားဖြစ်ပါတယ်။ ဒါတွေကို NLD အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်နေသလဲဆိုတော့ ရလဒ်တွေကိုတော့သမ္မတသစ်အနေနဲ့ ရှောင်လွဲှလို့မရဘူးလို့ ကျမ ထင်ပါတယ်။ သူ့မှာ နိုင်ငံရေးအရအတွေ့အကြုံ အလုံအလောက်ရှိပြီသာလို့ ပြောလို့ရပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌအနေနဲ့ ဆောင်ရွက်ခဲ့တာ၊ နောက်လွှတ်တော်အမတ်တဦးအနေနဲ့ ၂၀၁၂ခုနှစ်ထဲက ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အရင်သမ္မတဟောင်းထက်စာရင်ပိုပြီးတက်တက်ကြွကြွ တာဝန်ယူဆောင်ရွက်လိမ့်မယ်လို့ မြင်ပါတယ်။ သမ္မတဟောင်း ဦးထင်ကျော်ဟာ နူးညံပြီး နှစ်လိုဖွယ်ရာကောင်းပေမယ့် သူ့မှာ ဦးဝင်းမြင့်လို နိုင်ငံရေး အတွေ့အကြုံမျိုး မရှိဘူးလေ။”

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်ပြီးခဲ့တဲ့နှစ်က လူ့အခွင့်အရေးအခြေအနေတွေ အတော်လေး ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တွေ့မြင်ခဲ့ကြရပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာ မွတ်စလင်အသိုင်းအဝိုင်း အပေါ်ပစ်မှတ်ထားပြီး ပြင်းထန်တဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအပါအဝင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

အခုလို နိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတအဖြစ် တင်မြှောက်ခြင်းခံရတဲ့ ဦးဝင်းမြင့်အနေနဲ့ မတ်လ (၃၀) ရက်သောကြာနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်သလို သမ္မတသစ်ရဲ့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားဖို့ ရှိမယ်လို့ လည်း အများက မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG