သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီ၏ မြန်မာ့အရေး ကနဦးအမြင်


မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် မစ္စ် ယန်ဟီးလီ ရဲ့ ရန်ကုန်သတင်းစာရှင်းလင်းပွဲ။ (ဂျူလိုင် ၂၆၊ ၂၀၁၄၊ ဓာတ်ပုံ/စည်သူ-ဗွီအိုအေ)
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် မစ္စ် ယန်ဟီးလီ ရဲ့ ရန်ကုန်သတင်းစာရှင်းလင်းပွဲ။ (ဂျူလိုင် ၂၆၊ ၂၀၁၄၊ ဓာတ်ပုံ/စည်သူ-ဗွီအိုအေ)

မြန်မာနိုင်ငံကို ၁၀ ရက်ကြာခရီးရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee (ယန်ဟီလီ) က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများအရေး၊ ဒုက္ခသည်အရေးနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေကအစ လယ်ယာမြေအသိမ်းခံရတဲ့ ကိစ္စတွေအပါအဝင် အကဲခတ်လေ့လာခွင့်ရခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေတွေဟာလည်း ဒီနေ့ခေတ်နဲ့ မကိုက်ညီတာတွေ ရှိတယ်လို့ သုံးသပ်လိုက်ပါတယ်။ ကိုစည်သူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမယ့်လို့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရဆဲပဲလို့ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စ် Yanghee Lee (ယန်ဟီလီ) ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကိုလေးစားတဲ့၊ အကာအကွယ်ပေးတဲ့၊ နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်သိတဲ့နိုင်ငံတနိုင်ငံအနေနဲ့ ပါဝင်ဖို့ ကြိုးစားတဲ့နေရာမှာ နောက်ကြောင်းပြန်လှည့်ချင်တဲ့ လက္ခဏာတွေ တွေ့နေရပါတယ်။ ဒါ့ကြောင့် အများက ပြောသလိုပါပဲ။ မြန်မာနိုင်ငံကို နားလည်ဖို့၊ အားပေးဖို့ အများကြီး လိုပါတယ်။ ဒါမှသာ စိန်ခေါ်အကဲစမ်းမှုတွေကို ဖြတ်သန်းပြီး ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျမရဲ့ လေ့လာ အကဲခတ်ချက်တွေက ဒါတွေကို မီးမောင်းထိုးပြနိုင်ပါလိမ့်မယ်။”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် မကျေနပ်လို့ ဆန္ဒထုတ်ဖော်တဲ့သူတွေကို ဖမ်းဆီးနေတာတွေအပေါ် မစ္စ် Yanghee Lee (ယန်ဟီလီ) က ဝေဖန်ခဲ့ပါတယ်။

“ဆန္ဒထုတ်ဖော်တဲ့သူတွေကို နှိပ်ကွပ်နေတာတွေဟာ လူထု အခြေပြု အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေကို သိမ်ငယ်အောင်လုပ်သလို ဖြစ်နေပါတယ်။ လူမှုအသိုင်းအဝိုင်းကို ခြိမ်းခြောက်အကျပ်ကိုင်တဲ့ သဘောလည်း သက်ရောက်ပါတယ်။ အစိုးရအနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေအတွက် စိတ်ချလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးရမှာပါ။ ဒါမှသာ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး တိုးတက်ရေး အကာအကွယ်ပေးရေးတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ဖို့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ပါမောက္ခ လီ က ထောက်ပြသွားပါတယ်။

“မြန်မာ့ဒီမိုကရေစီရေးမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ စုရုံးခွင့်ဟာ တကယ့်ကို လိုအပ်ပြီး အချက်အခြာကျပါတယ်။ ဒါမှသာ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေး အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ ဒီလိုလွတ်လပ်ခွင့်တွေ ပေးဖို့ လိုပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီစနစ်မှာ အရေးပါတဲ့ လုပ်ငန်းစဉ် တရပ်လည်း ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ်တိုးမြှင့်တာ ကြားရတဲ့အတွက် အားတက်မိတယ်လို့ ပြောခဲ့ပါတယ်။ ဒီကဏ္ဍတွေမှာ အသုံးစရိတ်ကို အခုထက်မက တိုးတက်စေလိုတယ်လို့လည်း တိုက်တွန်းခဲ့သေးတယ်။

မစ္စ် Yanghee Lee (ယန်ဟီလီ) ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဗုဒ္စဘာသာနဲ့ မွတ်ဆလင် အသိုင်းအဝိုင်း နှစ်ခုစလုံးရဲ့ ခံစားချက်တွေ အသံတွေကိုလည်း နားထောင်ပေးနိုင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် ကို သွားရောက်ခဲ့စဉ် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံ မိတ်ဆက်ခဲ့သလို ပဋိပက္ခတွေကြောင့် ဒုက္ခသည်ဘ၀ ရောက်နေကြရသူတွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။ မကြာသေးခင်က ကောလာဟလ အမုန်းစကားပြန့်ပွားမှုကြောင့် လူ ၂ ယောက်သေဆုံးရတဲ့အထိ မတည်မငြိမ်ဖြစ်ခဲ့လို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့သလို ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေကိုလည်း ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။

ပါမောက္ခလီဟာ မနေ့က ဇူလိုင်လ (၂၅) ရက်နေ့မှာ နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအပြင် ဖွဲ့စည်းအခြေခံဥပဒေ ခုံရုံးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စ် Yanghee Lee (ယန်ဟီလီ) ရဲ့ ဆယ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေ အကဲခတ် လေ့လာခဲ့တာတွေကို အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းမှာဖြစ်ပါတယ်။

XS
SM
MD
LG