နိုင်ငံပိုင် မီဒီယာတွေအနေနဲ့ အစိုးရရဲ့မူဝါဒနဲ့သတင်းတွေ ထုတ်ပြန်ပေးရုံတင် မဟုတ်ပဲနဲ့၊ အများပြည်သူရဲ့ တုန့်ပြန်သဘောထားတွေကိုလည်း အစိုးရနဲ့ သဘောထား မတူညီလည်း အခါအားလျော်စွာ ဖော်ပြနိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ ကိုယ်တိုင်တွေ့ဆုံ မေးမြန်းထားတာ နားဆင်ကြည့်ပါ။
ဒေါ်ခင်စိုးဝင်း။ ။အခု အများပြောကြတာပေါ့နော်။ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ အခု ဒီမိုကရေစီ အစိုးရ တစ်ရပ် တက်လာရင် မရှိသင့်တော့ဘူး။ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ တကယ်တော့ စစ်အာဏာရှင် အစိုးရတွေပဲ ဖြစ်ဖြစ်၊ ဆိုရှယ်လစ် အစိုးရ တွေပဲ ဖြစ်ဖြစ်ပေါ့ အဲဒီ လက်ထက်မှာ ထားခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီး ဌာနပေါ့နော်။ အခုလိုမျိုး လူထုက ရွေးခြယ်လိုက်တဲ့ ပြည်သူ့ အစိုးရ တက်လာတဲ့ အခါမှာ ပြန်ကြားရေး ဝန်ကြီးဌာနကို ဆက်ပြီး ထားရှိဖို့ ဘယ်လို ရည်ရွယ်ချက်နဲ့ များ ဆက်ပြီးတော့ ဆုံးဖြတ်ချက် ချခဲ့တာလဲ။
ဒေါက်တာဖေမြင့်။ ။ဆုံးဖြတ်ချက် ချတာကတော့ ကျွန်တော် မဟုတ်ဘူး။ ကျွန်တော် ထင်တာကတော့ ဆုံးဖြတ်ချက် ချတဲ့ ပုဂ္ဂိုလ်တွေက အခု ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကာလက အသွင်ကူးပြောင်းရေး ကာလ မှာပဲ ရှိနေသေးတယ်။ ဒီအချိန်ကာလမှာ အစိုးရတစ်ရပ်အတွက် သူ့ရဲ့ လုပ်ငန်းကိုင်ငန်းတွေကို အများပြည်သူတွေကို အသိပေးဖို့ အတွက်ကို ပြန်ကြားရေး ဌာနတစ်ရပ် လိုအပ်နေသေးတယ်လို့ယူဆတဲ့အတွက် ဆက်ထားတယ်လို့ပဲ ယူဆပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။အများပြည်သူ လူထု ဝန်ဆောင်မှု မီဒီယာဆိုပြီးတော့ ခေါ်တာ ရှိပါတယ်။ အဲဒီ အများပြည်သူ ဝန်ဆောင်မှု မီဒီယာကိုရော ဝန်ကြီးအနေနဲ့ ဆက်ပြီး အကောင်အထည် ဖော်ဖို့ ရှိပါသလားရှင့်။
ဒေါက်တာဖေမြင့်။ ။ အရင်တုန်းကပြောတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုတာက သူက ဥပဒေတွေ ဘာတွေ ပြဒါန်းပြီးတော့ ဘယ်လို ပုံစံ လုပ်မယ်ဆိုတာ အတိအကျတွေ ရှိတယ်။ တကယ်လက်တွေ့တော့ မလုပ်ဖြစ်ခဲ့သေးဘူးပေါ့။ အခုလည်း ဒီအစိုးရသစ်ရဲ့ မူဝါဒ သဘောထားက ပြည်သူကို မျက်နှာမူတယ်ဆိုတဲ့ သဘောထားပေါ့နော်။ စောစောက ပြောသလို အစိုးရတစ်ရပ်အနေနဲ့ သူ့ရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေကို အများ သိအောင်လို့ ပြန်ကြားပေးဖို့ ပြောဆိုဖို့အတွက် ဒီဌာန လိုတယ် ဆိုတာကို ပြောခဲ့တယ်။ သို့သော် တချိန်တည်းမှာ ပြည်သူကို မျက်နှာမူတဲ့ သဘောကြောင့် ကျွန်တော်တို့သည် အစိုးရဘက် ကနေပြီးတော့ တဖက်သတ် သူ ပြောချင်တာတွေပဲ ပြောနေတယ်။ သူသိစေချင်တဲ့ အချက်အလက်တွေကိုပဲ ပေးတယ်။ သူ့မူဝါဒတွေကိုပဲ ဖြန့်ချီနေတယ် ဆိုတဲ့ သဘောမဟုတ်ပဲနဲ့ အများပြည်သူဘက်ကနေ ပြန်လှန်ပြောဆိုချင်တဲ့ ကိစ္စတွေ ဒီပြန်ကြားရေး ဝန်ကြီးဌာန အောက်မှာ ရှိတဲ့ မီဒီယာတွေက ဖော်ပြပေးမယ်ဆိုတဲ့ သဘောထား။ ဒါက ကျွန်တော်တို့ ပြည်သူကို မျက်နှာမူတယ်ဆိုတဲ့ သဘောထား။ နောက်တစ်ခုက ပြည်သူတွေ ကြားမှာရှိတဲ့ အသိအမြင် ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ပုဂ္ဂိုလ်တွေသည် အစိုးရနဲ့ သဘောထားတူချင်မှ တူမယ်။ မတူညီတဲ့ အယူအဆ အမျိုးမျိုုးရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့ အယူအဆတွေ ပြောတာ၊ ဆိုတာ ဝေဖန်တာ၊ ထောက်ပြတာတွေရှိရင်လည်း ဖော်ပြပေးမယ်။ ဒီနည်းအားဖြင့် ကျွန်တော် တို့သည် နဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုတဲ့ ဟာမျိုးနဲက တစ်ထပ်တည်း မတူသည့်တိုင်အောင် ပြည်သူကို မျက်နှာမူတဲ့အနေအထားနဲ့ အဲဒီလို ပြောင်းလဲသွားဖို့ ရှိပါတယ် ခင်ဗျ။
ဒေါ်ခင်စိုးဝင်း။ ။ Broadcast Media Law က ပြီးခဲ့တဲ့ သြဂုတ်လကနေပြီးတော့ လွှတ်တော်တွေကနေ အတည်ပြု ပြဒါန်းပြီးပါပြီ။ ဒါပေမယ့် ဒီ နည်းဥပဒေတွေကတော့ မထွက်သေးဘူးပေါ့နော်။ အဲဒီတော့ နည်းဥပဒေတွေနဲ့ ပက်သက်တဲ့ အခြေအနေတွေပေါ့ ဆရာသိသလောက် ပြောပြပေးပါရှင့်။
ဒေါက်တာဖေမြင့်။ ။ အခု အစိုးရအဖွဲ့ ပြောင်းလဲတဲ့ အခါမှာ တစ်ချက်ကတော့ပေါ့နော်။ ဒီဝန်ကြီးဌာနတွေ ပြောင်းလဲမှုတွေလဲ ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါကျတော့ ဒီဥပဒေထဲမှာ ပြဒါန်းထားတဲ့ Broadcast Council လိုမျိုး ဖွဲ့စည်းပုံတွေ ဘာတွေ ကျတော့လည်း အနေအထားတွေ ပြောင်းလဲသွားတာရှိတယ်။ နောက်တစ်ခုက အဲဒီထဲမှာ ဖော်ပြထားတဲ့ အချို့အချက်အလက်တွေ နဲ့ ပက်သက်ပြီးတော့ ဝေဖန်ထောက်ပြတာတွေလည်း အများကြီးရှိတယ်။ ဆရာမတို့လည်း သိမှာပဲ။ ပိုင်ဆိုင်မှုနဲ့ ပက်သက်တဲ့အကြောင်း စသဖြင့်ပေါ့နော်။ အဲဒီ ဝေဖန်ထောက်ပြတာတွေလည်း ရှိတဲ့အခါကျတော့ ဒါတွေလည်းပဲ ပြန်ပြီးတော့ စဉ်းစားသုံးသပ်ဖို့ လိုတယ်လို့ မြင်ကြတယ်။ ခြုံပြောလို့ရှိရင်တော့ ဒီဥပဒေက ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်ဖို့ လိုနေတယ်လို့ အများက မြင်နေတာပေါ့နော်။ မြင်တော့ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ သုံးသပ်တဲ့ ပြင်ဆင်တဲ့ ဆွေးနွေးဝိုင်းတစ်ခု၊ အရင်ဆုံးပြုလုပ်ရမယ်။ ပြုလုြပ်ပီးတဲ့ အခါမှ အဲဒီအပါ်မှာ ရရှိလာတဲ့ အကြံပြုချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဒီဥပဒေမှာ ဘယ်လို အချက်အလက်တွေ ဘယ်လို ပြင်မယ်ဆိုတာ လုပ်ရလိမ့်မယ်။ လုပ်ကိုင်ပြီးတဲ့အခါမှ နည်းဥပဒေ ဆက်ပြီးတော့ ထွက်လာမယ်။ ထွက်လာပြီးရင် ဒီဥပဒေနဲ့ အညီ ကျင့်သုံးဆောင်ရွက်သွားဖို့ ရှိတယ်။ ဟေဘူယျအားဖြင့် ဒီလိုတော့ နားလည်ထားပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ဒီအစိုးရလက်ထက်မှာလည်း အားလုံးက မျှော်လင့်ထားတာက ပိုပြီးတော့လည်း ပွင့်လင်း မြင်သာမှု လည်း ရှိလာမယ်။ ပိုပြီးတော့လည်း သတင်းအချက်အလက်တွေကိုလည်း ထဲထဲဝင်ဝင်နဲ့ ပိုပြီးတော့ လက်လှမ်းမှီအောင် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန်ထိတော့လည်း အစိုးရတက်တာလည်း သိပ်တော့ မကြာသေးပါဘူး။ အချို့ ဝန်ကြီးဌာနတွေကတော့ ရပါတယ်။ ပြောရေးဆိုခွင့် ဝန်ကြီးတွေ ကိုယ်တိုင်က လိုလိုလားလားပဲ လက်ခံပြီး ဖုန်းဖြေတဲ့ လူလည်း ရှိပါတယ်။ ဒါပေမယ့်လည်း ခက်ခဲတဲ့ ဝန်ကြီးဌာနတွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒါနဲ့ ပက်သက်လို့လည်း ပြောရေးဆိုခွင့်ရှိသူတွေ ထားပေးဖို့ အခြေအနေကော စဉ်းစားထားတာ ရှိပါသလားရှင့်။
ဒေါက်တာဖေမြင့်။ ။ ဝန်ကြီးဌာနတွေ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ သူတို့ကလည်း သူတို့တွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဟာတွေကို ပြောချင် ဆိုချင်စိတ် ရှိတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဒါကြောင့်မို့လည်း အခု အင်တာဗျူးတွေကို လက်ခံပြီးတော့ ဖြေနေကြတယ်။ ဒါပေမယ့်လည်း ဝန်ကြီးဌာနတိုင်းမှာ ပြောရေးဆိုခွင့်ရှိသူတွေ စသည့်ဖြင့် ထားပြီးတော့ ပုံမှန် ပြောဆိုဆက်ဆံနိုင်ဖို့၊ တခါတရံ ဝန်ကြီးကိုယ်တိုင်ပြောဖို့ဆိုတာတွေကတော့ ဆက်ပြီးတော့ ညှိနှိုင်းပြီးဆောင်ရွက်ရ ဦးမယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီကြားထဲမှာ ကျွန်တော် ဆွေးနွေးဖူးတာ တစ်ခုကတော့ ပုံမှန် သတင်းစာရှင်းလင်းပွဲ လိုဟာမျိုးတွေ ဌာနတွေ အနေနဲ့ လုပ်ကြမယ်။ လုပ်မယ်ဆိုရင် ဘယ်မှာ ဘယ်လို လုပ်မလဲ ဆိုတာ တိုင်ပင်တော့ အကြမ်းဖျင်းအားဖြင့် နားလည်ကြတာတော့၊ ကျွန်တော်တို့ ပြန်ကြားရေး ဝန်ကြီးဌာနမှာပဲ သတင်းစာရှင်းလင်းပွဲ တစ်လတစ်ကြိမ်စသဖြင့် ပေါ့ လုပ်မယ်။လုပ်တဲ့အခါ အဲဒီအချိန်ကာလမှာ လူစိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်ပေါ်နေတဲ့ ဝန်ကြီးဌာန နှစ်ခု သုံးခုကို ဖိတ်ခေါ်ပြီး၊ ဝန်ကြီးဖြစ်စေ၊ အတွင်းဝန်ဖြစ်စေ အဲဒီလို ဖြေကြားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတွေ့ဆုံပြီး သတင်းသမားတွေ မေးသမျှကို ဖြေမယ့် အစီအစဉ်မျိုး လုပ်သင့်တယ်လို့ ကျွန်တော်က အကြံပေးတော့ ယေဘူယျအားဖြင့်တော့ လက်ခံထားတာရှိပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။အခု အရမ်းနာမည်ကြီးခဲ့တာပေါ့လေ။ ပြီးခဲ့တဲ့ သင်္ကြန်တွင်းမှာ ဖြစ်ခဲ့တာက ဒီ မီဒီယာကြီး တစ်ခုကနေပြီးတော့ လက်ဆောင် ပဏ္ဍာပေးတဲ့နေရာမှာ သတ်မှတ်ချက်ထက်ကျော်လွန်တဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ ပညာပေးကာလဖြစ်တဲ့အတွက်ကြောင့် အရေးမယူပဲ သတိပေးရုံလောက်ပဲလို့ ပြောပါတယ်။ အဲဒီတော့ အားလုံးက သိချင်နေကြတာက ပညာပေးကာလဆိုတာ အတိုင်းအတာက ဘယ်လောက် အထိ ရှိမလဲပေါ့။
ဒေါက်တာဖေမြင့်။ ။ စောစောက ပြောတဲ့ ပညာပေးကာလာတို့ ဘာတို့ ဆိုတာကတော့ ဆုံးဖြတ်ပြောဆို လုပ်ကိုင်တဲ့ အစိတ်အပိုင်းထဲမှာတော့ မပါဘူးပေါ့။ အဲတော့ အခုမှ စတင်လာတာဖြစ်တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပေါ့နော်။ ဒါကို ထိထိရောက်ရောက်လုပ်မယ်ဆိုပြီးတော့ ပြောဆိုထားတာလည်း ရှိတယ်။ တကယ်စလုပ်မယ့် အချိန်မှာ ဒီလိုအကြောင်းအရာတစ်ခု ပေါ်ပေါက်လာတဲ့အခါကျတော့ ဒါကိုတော့ ထိထိရောက်ရောက်နဲ့ လုပ်မယ်၊ လုပ်တယ်ဆိုတဲ့ သဘောနဲ့ အများပြည်သူလဲ သိအောင်ပေါ့နော်။ နောက်ဒါမျိုးတွေ မလုပ်ကြပါနဲ့ ဆိုတဲ့ သဘောနဲ့ တားဆီးချင်တဲ့အတွက်ကြောင့် ဒီကိစ္စကြီးကို ဖော်ထုတ်ပြီးတော့ ပြောဆိုလိုက်တာလို့ ကျွန်တော်ကတော့ မြင်တယ်။
ဒေါ်ခင်စိုးဝင်း။ ။နိုင်ငံတကာမှာပေါ့နော်။ စာနယ်ဇင်း လွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့်နဲ့ ပက်သက်ပြီး အဆင့်သတ်မှတ်တာ လွန်ခဲ့တဲ့ ရက်ပိုင်းလေးမှာတင်ပဲ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ အခုထက်ထိ ကောင်းလာတဲ့ အဆင့်မရှိသေးဘူးပေါ့။ ၁၄၀ ကျော်မှာပဲ ရှိနေသေးတယ် ဆိုပြီးတော့ ဖော်ပြထားတာရှိပါတယ် ဆရာ။ အဲဒါနဲ့ ပက်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လောကပေါ့။ အခုဆိုလို့ရှိရင် အတိုင်းအတာ တစ်ခုအထိ လွတ်လပ်ခွင်ရှိနေပါပြီ။ စာပေ လွတ်လပ်ခွင့်လဲ ရှိပါပြီ။ ဆင်ဆာလဲ မရှိတော့ဘူးပေါ့။ ဘာဖြစ်လို့ နိုင်ငံတကာကနေပြီးတော့ စာပေလွတ်လပ်ခွင့် မရှိဘူးလို့ သတ်မှတ်တယ်လို့များ ဆရာ သုံးသပ်လို့ ရပါသလဲရှင့်။
ဒေါက်တာဖေမြင့်။ ။ ဒီကျွန်တော်တို့ တိုင်းပြည်မှာ ဒီ ဂဏန်းသဘောအရ ပြောရရင်တော့ သိုးကာ သီကာပေါ့။ အရင်တုန်းကနေတော့ ဟိုးအောက်ခြေမှာပဲ ရှိတာပေါ့၊ အောက်ခြေ အောက်ဆုံး ၁၀လောက်ထဲမှာပဲ ရှိတာပေါ့။အဲဒီလောက်ကနေပြီး ဒီအဆင့်လောက်က်ို ခုန်တက်လာတာကတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းက လုပ်ဆောင်ခဲ့တာတွေကြောင့်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အတားအဆီးတွေက ဘာတွေ ရှိနေသေးလဲ ဆိုတော့ သတင်းသမားတွေကို အရေးယူလို့ရတဲ့ တည်ဆဲ ဥပဒေတွေ ရှိနေသေးတယ်။ အချို့ တည်ဆဲ ဥပဒေတွေက အခြားတိုင်းပြည်တွေနဲ့ ယှဉ်ရင် တင်းကြပ်တယ်ပေါ့နော်။၊ ကြမ်းတမ်းနေသေးတဲ့ ဥပဒေတွေရှိတယ်။ ကျွန်တော်တို့ ပြောဆိုရေးသားခွင့်ကတော့ ရှိနေတယ်။ သို့သော် ပေးထားလိုက်ပြီးနောက်မှာ စောစောက ပြောတဲ့ ဥပဒေတွေနဲ့ လိုက်ပြီးတော့ အရေးယူတော့ ချုပ်လိုက်လို့ ရှိရင်၊ လွတ်လပ်ခွင့်က အကန့်အသတ်ဖြစ်သွားတာပေါ့နော်။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးရေးပေါ့နော်။ တရားဥပဒေ စိုးမိုးရေးမှာလဲ အဆင့်မြင့်တက်လာဖို့ လိုသေးတယ်။ တရားဥပဒေ စိုးမိုးရေး နဲ့ ဆက်စပ်နေတာကိုး။ တရားစီရင်ရေး အပိုင်းမှာလည်း သတင်းသမားရဲ့ လုပ်ငန်း သဘောကို ပိုပြီးတော့ နားလည်သိမြင်ပြီးတော့ သတင်းသမားရဲ့ အနေအထားလဲ စဉ်းသားပေးတတ်တဲ့ တရားစီရင်ရေးမျိုး ဖြစ်ဖို့ လိုသေးတယ်လို့ မြင်တယ်။ တချို့ ဥပဒေတွေက နိုင်ငံတကာ ဥပဒေတွေနဲ့ အတူတူလောက်ပဲ ဖြစ်နေတာလဲရှိတယ်။ သို့သော် ဒီဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုတာ သုံးစွဲတာ။ အဲဒီနေရာမှာ တရားသူကြီးတွေရဲ့ အလေ့အကျင့်ပေါ်မှာ၊ အစဉ်အလာ လုပ်ကိုင်ခဲ့တာတွေအပေါ်မှာ မူတည်ပြီး၊ တင်းကြပ်နေတာလဲ ရှိတယ်။ ဒါတွေလည်း လျော့ပါးသွားအောင် လုပ်ဖို့ တော့ လိုတယ်။ အဲဒါတွေ လျော့သွားရင်တော့ ကျွန်တော်တို့ နိုင်ငံတကာ စာရင်းထဲမှာ၊ စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့်မှာ ဒီထက် ဒီထက် ပိုပြီး တက်လာလိမ့်မယ်လို့ ကျွန်တော်လဲ ထင်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
ဒေါက်တာဖေမြင့်။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်ကလဲ ကျေးဇူး အထူးတင်ပါတယ် ခင်ဗျ။