အင်ဒိုနီးရှားနိုင်ငံက Lombok ကျွန်းမှာ ပြင်းအား ၆.၄ မက်ဂနီကျူရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် ၁၄ယောက်ထက်မနည်းသေဆုံးပြီး ၁၆၂ ကျော် ဒဏ်ရာရသွားပါတယ်။
ငလျင်ကြောင့် အိမ်ခြေထောင်နဲ့ချီ ထိခိုက်ပျက်စီးခဲ့ပြ့ီး အရှေ့ Lombock ခရိုင်ကတော့ အပြင်းထန်ဆုံးခံခဲ့ရတာဖြစ်ပါတယ်။ သတင်းတခုမှာတော့ အဲဒီဒေသမှာ အိမ်ခြေ ၁ ထောင်ကျော် ထိခိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ မနက်အစောပိုင်းက ကမ္ဘာ့လှည့်ခရီးသွားတွေ အသွားအလာများတဲ့ Lombok ကျွန်းရဲ့ မြေအောက် ၇ ကီလိုမီတာ အကွာမှာ လှုပ်ခဲ့တာဖြစ်ပြီး၊ ငလျင်ကြောင့် လူတွေဟာ လမ်းတွေပေါ် နဲ့ ကွင်းပြင်တွေထဲကို ထွက်ပြေးခဲ့ကြပါတယ်။
Lombock ကျွန်းကျ Rinjani တောင်ကို တက်နေတဲ့ တောင်တက်သမား ၈၂၆ ယောက်ကို ရှာဖွေကယ်ဆယ်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နေကြပြီး၊ အဲဒီထဲမှာ နိုင်ငံခြားသား ရာနဲ့ချီ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားနဲ့ တောင်တက်သမား ၁၁၅ ယောက်ကိုလည်းကယ်ဆယ်ထားပြီဖြစ်တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေ ဆက်ပြီး စုံစမ်းနေဆဲဖြစ်တာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ အင်ဒိုနီးရှားဘေးဒုက္ခကယ်ဆယ်ရေးဌာနရဲ့ ပြောခွင့်ရက ပြောပါတယ်။
ဒီငလျင်က အဲဒီကျွန်းနားက ဘာလီကျွန်းအထိပါ ရိုက်ခတ်မှုတွေရှိတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးတောင်ရပ်ဝန်းပေါ်မှာရှိတာကြောင့် မကြာခဏ ငလျင်လှုပ်လေ့ရှိပါတယ်။