သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာကွဲလက်ထပ်မှု အင်ဒိုနီးရှားမှာ အခက်ကြုံ


ကိုးကွယ်ရာ ဘာသာမတူသူချင်း တရားဝင်လက်ထပ်ထိမ်းမြားပွဲ ကျင်းပနေစဉ် ( အင်ဒိုနီးရှားနိုင်ငံ၊ ဇူလိုင် ၁၉၊ ၂၀၁၁)
ကိုးကွယ်ရာ ဘာသာမတူသူချင်း တရားဝင်လက်ထပ်ထိမ်းမြားပွဲ ကျင်းပနေစဉ် ( အင်ဒိုနီးရှားနိုင်ငံ၊ ဇူလိုင် ၁၉၊ ၂၀၁၁)

အင်ဒိုနီးရှားနိုင်ငံမှာ ကိုးကွယ်ရာ ဘာသာမတူသူချင်း တရားဝင်လက်ထပ်ထိမ်းမြားနိုင်ပေမဲ့ ထုံးတမ်းစဉ်လာအရတော့ လက်မခံလိုကြပါဘူး၊၊ လူမှုပြသနာတွေရှိတဲ့ ကြားကပဲ အချို့ဘာသာရေးခေါင်းဆောင်တွေကတော့ ဘာသာမတူလက်ထပ်ထိမ်းမြား လိုသူတွေကို အကူအညီပေးဖို့ ရည်ရွယ်လုပ်ဆောင်လာတာတွေလည်း ရှိပါတယ်၊၊

ဒီအကြောင်း Krithika Varagur က VOA ကိုသတင်းပေးပို့လာတာကိုတင်ပြပေးပါမယ်၊၊

၁၉၇၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံလက်ထပ်ထိမ်းမြားခြင်းဥပဒေအရ ဘာသာမတူလက်ထပ် ထိမ်းမြား လိုသူနှစ်ဦးနှစ်ဘက် မိမိတို့ ကိုးကွယ်ရာ ဘာသာထုံးတမ်းစဉ်လာအရဆောင်ရွက်ရင် တရားဝင်တယ်လို့ ဆိုပါတယ်၊၊ ဒါပေမဲ့ ဒါကို ဘုန်းတော်ကြီးတွေ လက်ထပ်လိုသူ ၂ ဦးရဲ့ ဆွေမျိုးတွေနဲ့ ဗြုရိုကရက်တွေက လက်မခံလိုကြပါဘူး၊၊

လက်ထပ်လိုသူ ၂ ဦးထဲက တဦးဦး က ဘာသာပြောင်းလိုက်မယ်ဆိုရင်တော့ ဒီအတားအဆီးကိုအလွယ်တကူဖြေရှင်းနိုင်ပါလိမ့် မယ်၊၊ ဒါပေမဲ့ ၂ ဦးစလုံးက မိမိ ယုံကြည်ကိုးကွယ်ရာဘာသာကို မပြောင်းလဲလိုရင်တော့ ဘယ်လိုဖြေရှင်းကြပါမလဲ၊၊

တချို့ကတော့ ကိုးကွယ်ရာဘာသာမတူသူချင်း လက်ထပ်ထိမ်းမြားတာကို တားမြစ်ခြင်းမရှိတဲ့ စင်္ကာပူ ဒါမှမဟုတ် သြစတေးလျနိုင်ငံတို့မှာသွားလက်ထပ်ကြပါတယ်၊၊ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာပဲ တရားဝင်လက်ထပ်လိုသူတွေအတွက် ကတော့ အကူအညီလိုလာပါပြီ၊၊

ဒီလို ကိစ္စမှာ ကူညီပေးနေသူက အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဘာသာရေး နဲ့ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး အဖွဲ့ ညွန်ကြားရေးမှူး Mohammad Mobid ပဲဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ကိုးကွယ်ရာ ဘာသာမတူသူစုံတွဲ ၃၀၀ လောက်ကို သူက အကူညီပေးခဲ့ပါတယ်၊၊ နှစ်ဦး နှစ်ဘက် ကိုယ်ပိုင်အခွင့်အရေးတွေကို အလေးထားကြဖို့ နဲ့ စည်းမျဉ်းတွေကိုရှင်းပြပြီး လက်ထပ်နိုင်အောင်သူက ကူညီပေးပါတယ်၊၊

အစ္စလမ်ဘာသာဝင်တွေကြား မှာ ဘာသာမတူသူချင်း လက်ထပ်တာကို ၇ ရာစုကတည်းက စပြီးလက်မခံခဲ့တာပါ၊၊ ကျွန်တော့်ဆီ အကူညီလာတောင်းကြတဲ့ စုံတွဲတွေကို ကိုးကွယ်ရာ ဘာသာမတူသူချင်း လက်ထပ်ထိမ်းမြား တဲ့ အပေါ် အစ္စလမ်ဘာသာရေးအမြင် ကိုနားလည်အောင်ရှင်းပြပါတယ် ၊၊ ကိုရမ်ကျမ်းစာမှာ ဒါကိုတားမြစ်ထားတာမရှိပါဘူး လို့ Mohammad Mobid ကပြောပါတယ်၊၊

ကိုရမ်ကျမ်းအရ မူဆလင်တွေနဲ့ အေဘရာဟင်နွယ်ဘာသာတွေဖြစ်တဲ့ ဂျူးဘာသာ ဒါမှမဟုတ် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နဲ့ လက်ထပ်ထိမ်းမြားနိုင်တယ်လို့ဆိုပါတယ်၊၊ အင်ဒိုနီးရှား နိုင်ငံသဘောတရားဖြစ်တဲ့ ပဉ္စသီလ မူဝါဒအရ အစ္စလမ်ဘာသာ၊ ပရိုတက်စ်တန့် နဲ့ ကက်သလစ် ဘာသာဝင်တွေ ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ နဲ့ ကွန်ဖြူးရှပ်ဝါဒ ယုံကြည်သက်ဝင်သူတွေအားလုံး နဲ့ လက်ထပ်ခွင့်ရှိရမယ်လို့ လည်း Mohammad Mobid ကပြောပါတယ်၊၊ အင်ဒိုနီးရှားလူမျိုးတော်တော်များများကတော့ ဒါကိုလက်မခံကြပါဘူး၊၊

ကိုယ်နှစ်သက်တဲ့ သူကိုလက်ထပ်ဖို့ ရွေးချယ်နိုင်ခွင့် ရှိရမယ်လို့ ုအင်ဒိုနီးရှား ဖွဲ့စည်းပုံဥပဒေ နဲ့လူ့အခွင့်ရေးကော်မရှင်က ခွင့်ပြုပေးထားပေမဲ့ တရားဝင်လက်ထပ်လိုတဲ့ ဘာသာမတူကိုးကွယ်သူစုံတွဲတွေကို အရပ်သားဝန်ထမ်းတွေက တားမြစ်ကန့်သတ်တာတွေရှိပါတယ်၊၊ ဒါ့အပြင် မိမိတို့ နေထိုင်ရာဒေသအလိုက်လည်း အခက်အခဲအတားအဆီးတွေရှိနိုင်ပါတယ် လို့ မစ္စတာ Mobid ကဆိုပါတယ်၊၊

“မိမိတို့ နေထိုင်ရာဒေသမှာ မူဆလင်ဘာသာဝင်အများစုရှိနေပြီးဒေသအကြီးအကဲက မူဆလင်ဘာသာ သက်ဝင်ယုံကြည်သူဖြစ်ရင်တော့ ဘာသာကွဲ လက်ထပ်လိုသူ ၂ ဦး အတွက် အခက်အခဲတွေပိုကြုံရတတ်ပါတယ်၊၊”

Mohammad Mobid ကိုယ်တိုင်ကတော့ မူဆလင်ကိုးကွယ်သူဖြစ်ပြီး မူဆလင်အမျိုးူသမီး ကိုပဲ လက်ထပ်ထားတာဖြစ်လို့ ဘာသာကွဲလက်ထပ်တဲ့ အတွေ့အကြုံမရှိပေမဲ့ လူ့တိုင်း ကိုယ်ပိုင်ရွေးချယ်ခွင့်ရသင့်တယ်၊ ဒါဟာ အခြေခံလူ့အခွင့်အရေးပဲဖြစ်တယ်လို့ ပြောပါတယ်၊၊

“ကျွန်တော့်အမြင်ကတော့ဒါဟာ စိုးရိမ်စရာမလိုပါဘူး၊၊ တရားဝင်လက်ထပ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်၊၊”

Mohammad Mobid က ဖေ့ဘုတ်လူမှူကွန်ယက်မှာလည်း ၂၀၀၄ ခုနှစ်ကစပြီး လူတိုင်း မိမိနှစ်သက်ရာဘာသာဝင်နဲ့ လက်ထပ်ခွင့်ပြုသင့်ကြောင်း လှုံ့ဆော်ရေးသားခဲ့ပြီး အခုဆိုရင် လူငယ်တွေ ဒါကိုအရင်ကထက် ပိုပြီး ပွင့်ပွင့်လင်းလင်း နားလည်လက်ခံလာကြတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်၊၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG