သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ မြန်မာလူကုန်ကူးခံရသူတွေ ဒုက္ခရောက်


(ဓာတ်ပုံ - ကိုဘွမ်ဆီ)
(ဓာတ်ပုံ - ကိုဘွမ်ဆီ)

နေရပ်ရင်းပြန်ခွင့်မရသေးတဲ့ လူကုန်ကူးခံထားရတဲ့ မြန်မာရေလုပ်သား ၂၀ ကျော် အင်ဒိုနီးရှားကျွန်းတွေမှာ မြန်မာနိုင်ငံပြန်ဖို့ စောင့်ရင်း စားဝတ်နေရေး အခက်အခဲနဲ့ လုံခြုံရေးစိုးရိမ်ရပြီး အတိဒုက္ခရောက်နေကြတဲ့အတွက် အမြန်ဆုံး လာရောက် ကယ်တင်ပေးဖို့ အမ်ဘုံကျွန်းက အလုပ်သမားတွေ အကူညီတောင်းခံလိုက်ပါတယ်။

မြန်မာနိုင်ငံသား မှန်ကန်ကြောင်း နေရပ်လိပ်စာ စိစစ်နေတဲ့အတွက် ကြန့်ကြာနေတာဖြစ်ကြောင်း တာဝန်ရှိသူတွေဘက်က အကြောင်းပြန်ပေမဲ့ လနဲ့ချီ စောင့်ဆိုင်းနေရလို့ မျှော်လင့်ချက် မရှိသလို ဖြစ်နေတယ်လို့ ကျွန်းက အလုပ်သမားတွေက ပြောပါတယ်။ ကျွန်းပေါ်မှာ ကျန်နေသေးတဲ့ အလုပ်သမားတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ထိုင်းငါးဖမ်းစက်လှေတွေပေါ် လူကုန်ကူးခံရပြီး အင်ဒိုနီးရှားနိုင်ငံပိုင် ကျွန်းတွေမှာ အလုပ်လုပ်ရင်း နှစ်နဲ့ချီ အတင်း အဓမ္မ ကျေးကျွန်တွေလို ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမားအများစု နေရပ်ရင်း ပြန်ရောက် သွားကြပေမဲ့လို့ နေရပ်ရင်း မပြန်နိုင်သေးတဲ့ မြန်မာအလုပ်သမား ၂၀ ကျော် ကျွန်းတွေထဲ ကျန်နေသေးပြီး အတိဒုက္ခ ရောက်နေကြတယ်လို့ ကျွန်းပေါ်မှာ ကျန်နေခဲ့တဲ့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။ ကျန်ရှိနေသေးတဲ့ အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး ကျွန်းတွေပေါ်မှာ ဖြစ်သလို ရှာဖွေ စားသောက်နေရတယ်လို့ အင်ဒိုနီးရှား အမ်ဘုံကျွန်းပေါ်မှာ ကျန်ခဲ့တဲ့ ကိုဇော်က အခြေအနေကို ပြောပြပါတယ်။

“အရင်တုန်းကတော့ လူဦးရေက တော်တော်များတယ်ခင်ဗျ။ တော်တော်များတယ်ဆိုတော့ IOM ကနေပြီး ပြုစုစောင့်ရှောက်ပြီး ကျွေးမွေးတယ်ခင်ဗျ။ အခုတော့ IOM ကလည်း မကျွေးတော့ဘူး။ ကျနော်တို့ဘာသာ ကျနော်တို့ ရှာစားနေရတယ်ခင်ဗျ။ အရင်တုန်းကတော့ တာဝန်ယူပေးတယ်ခင်ဗျ။ နေဖို့စားဖို့ တာဝန်ယူပေးတယ်။ အခုကျတော့ ဘာတာဝန်မှ မယူတော့ဘူး။ ပြီးတော့ ဒီမှာက အရူးတွေ၊ အပေါတွေလည်းရှိတယ်။ ဂေါက်နေတဲ့သူတွေလည်း ရှိတယ်။ အဲ့လိုလူတွေကို ဟိုလူကထု၊ ဒီလူကထောင်းနဲ့ အဲ့လိုဖြစ်နေတယ်ခင်ဗျ။ ကျနော်တို့လည်း ရဲရဲတင်းတင်း မသွားရဲဘူး။ ရဲရဲတင်းတင်းသွားရင်း ဖမ်းမယ်၊ ဆီးမယ်၊ ထုမယ်၊ ထောင်းမယ်၊ အဲ့လိုဖြစ်နေတယ်ခင်ဗျ။ ဖုန်းကိုင်ရင်လည်း ဖုန်းလုတယ်ခင်ဗျ။ အဲလိုမျိုးလည်း ဖြစ်နေကြတယ်။ ကျနော်တို့ အခု ၂၁ က က အဲ့လိုဖြစ်နေကြတယ်ခင်ဗျ။ ဘယ်မှလည်း သွားမရဘူး။ သွားအဖမ်းခံတော့လည်း အဖမ်းမခံဘူး။ ဖုန်းတွေ သိမ်းပစ်လိုက်တယ်။ အဲ့လိုမျိုးဖြစ်နေတယ်ခင်ဗျ။ ဂေါက်ကြောင်တဲ့သူဆိုရင် ဒီက ကုလားတွေက ဟိုက ထုလိုက်၊ ဒီက ထောင်းလိုက်၊ ခိုင်းတာမလုပ်လို့ရှိရင် အဲ့လိုမျိုး ဖြစ်နေတာပေါ့။ ထမင်းတလုပ်စားဖို့အရေးကို ဒီမှာ အဲ့လိုဖြစ်နေရတယ်။ အဲ့လိုမျိုး ကြုံနေရတယ် ကျနော်တို့မှာ။”

ပြီးခဲ့တဲ့နှစ် ၂၀၁၅ ဧပြီလဆန်းမှာ အင်ဒိုကျွန်းတွေပေါ်မှာ လူကုန်ကူးခံထားရတဲ့ မြန်မာအများစု ပါဝင်တဲ့ နိုင်ငံခြားသား ရေလုပ်သားတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက သွားရောက် ကယ်တင်ပြီးတဲ့နောက် အင်ဒိုနီးရှားအစိုးရဘက်က အဲ့ဒီရေလုပ်သားတွေ နေရပ်ရင်းပြန်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံတာဝန်ရှိသူတွေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်သားတွေကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံသား မှန်ကန်ကြောင်းနဲ့ မြန်မာနိုင်ငံတွင်းက နေရပ်လိပ်စာတွေကို စုံစမ်းမေးမြန်းစစ်ဆေးခဲ့ပြီးနောက် အင်ဒိုရောက် လူကုန်ကူးခံရတဲ့ အလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီးတဲ့နောက် စိစစ်ဆဲရေလုပ်သားအချို့ ကျန်ရစ်နေဆဲဖြစ်နေပြီး အခက်တွေ့နေကြတာလည်း ဖြစ်ပါတယ်။

အဲ့အထဲက တချို့ နေရပ်ရင်းပြန်ရောက်သွားပေမဲ့လို့ မိသားစုနဲ့အဆက်အသွယ်မရသေးသူ၊ နေရပ်လိပ်စာ စုံစမ်းနိုင်ခြင်း မရှိသေးတဲ့ ရေလုပ်သားအယောက် ၂၀ ကျော် ကျန်ရှိခဲ့တာဖြစ်ပြီး နှစ်ရှည်ပိတ်လှောင်ခံထားရလို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းနေသူတွေပါ ပါဝင်တာကြောင့် ကျွန်းပေါ်မှာ ရန်ပြုမှုတွေရှလို့ လုံခြုံရေးအသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားဖြစ်လို့ အမြန်ဆုံး လာရောက်ကယ်တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ ကျန်ရှိနေတဲ့ အလုပ်သမားတွေက တောင်းဆိုပါတယ်။

“အရင် အခြေအနေတုန်းကတော့ သံရုံးကတော့ ကျနော်တို့ကို ပြန်ပို့ပေးမယ်ဆိုပြီး လိပ်စာတွေ တောင်းတယ်။ နေရပ်လိပ်စာတွေ ဘာတွေ တောင်းသွားတယ်။ ယူသွားတယ်။ ကျနော်ကမေးတယ်။ အိမ်မရှိ၊ အိုးမရှိ မိဘအိမ် ထမင်းစားချင်ရင် မရှိတဲ့သူကျတော့ မင်းတို့အတွက် မလာသေးဘူး မလာသေးဘူးဆိုပြီး ကျနော်တို့ကို အဲ့လိုပဲ ထားထားတယ်။ ထားထားတဲ့အခါကျတော့ ကျနော်က အဲ့လိုနဲ့ပဲ ကျန်ကျန်နေခဲ့တယ်။ နောက်ဆုံး အခုထက်ထိ မပြန်ရသေးတဲ့ဘဝမျိုးရောက်တယ်။ နေရပ်လိပ်စာ မသိဘူးပေါ့နော်။ မင်းတို့မိဘတွေရဲ့ နေရပ်လိပ်စာတွေ ငါတို့ သွားစုံစမ်း၊ စုံစမ်းလို့မရဘူးပေါ့။ အဲ့လိုမျိုး ပြောတာကိုးခင်ဗျ။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ပြန်ချင်တယ်လို့ပဲ ကျနော်တို့ ပြောချင်တယ်။ အဲ့လိုမျိုး ပြန်ချင်တယ် ပြန်ချင်ပြီး ကျနော်တို့ ဗမာပြည်ရောက်မှပဲ ဒီမှာ ဖြစ်တဲ့ အခက်အခဲတွေကို တွေ့ဆုံပြီးတော့ ပြောပြချင်တယ်။ ကျနော်တို့ ကိုယ့်မြန်မာပြည်ရောက်မှပဲ ကိုယ်ပြောပြချင်တယ်။ ဒီနိုင်ငံမှာကျတော့ အဲ့လိုပဲ ပြောပြ ပြောပြပြီး ထားခဲ့၊ ထားခဲ့ပြီး ကျနော်တို့က နေ့စဉ်ပဲ ကျန်နေခဲ့တာပဲ။”

အင်ဒိုနီးရှား အမ်ဘုံကျွန်းပေါ်မှာ ကျန်ခဲ့တဲ့ ကိုဇော်က အခြေအနေကို ပြောပြခဲ့တာပါ။ အခုလို ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေအရေး လက်ရှိမှာတော့ အင်ဒိုနီးရှားက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အကူညီတောင်းထားပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေ၊ လက်ရှိ မြန်မာအစိုးရ တာဝန်ရှိသူတွေ အမြန်ဆုံး သွားရောက် ကယ်တင်ပေးစေလိုပါတယ်လို့ ကျန်ရှိ အလုပ်သမားတွေအရေး ကူညီပေးနေတဲ့ ကိုဘွမ်က ပြောပါတယ်။

“ဒီကိစ္စက အာရုံစိုက်ခံရမှုပေါ့နော်။ မီဒီယာပေါ်မှာ အာရုံစိုက်ခံရမှုကလည်း နည်းသွားတဲ့အခါကျတော့ ထိရောက်တဲ့ အကူအညီတွေ မရရှိဘူးလို့ အဲ့လိုတော့ ကျနော် မြင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားဘက်က လူ့အခွင့်အရေးအဖွဲ့တခုနဲ့ ဆက်သွယ်ထားပါတယ်။ ဒီကိစ္စကို သူတို့က တွန်းအားပေးပေးမယ်လို့တော့ ကြားပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီကိစ္စကလည်း အစိုးရချင်း လုပ်ရမယ့်ကိစ္စဆိုတော့ အစိုးရဘက်ကနေ တောင်းဆိုပေးရင်တော့ သူတို့တွေအနေနဲ့လည်း မြန်မြန်လေး အိမ်ပြန်ဖို့ အဆင်ပြေမယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။”

အခုလက်ရှိ အခြေအနေမှာတော့ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးဘက်က သူတို့တွေဟာ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း နေရပ်လိပ်စာ စိစစ်နေတဲ့အတွက် ကြန့်ကြာနေတာ ဖြစ်တယ်ဆိုတာကို သူတို့ကို သံရုံးတာဝန်ရှိသူတွေက အကြောင်းပြန်ကြားပေမဲ့လို့ ကျွန်းတွေပေါ်မှာ လနဲ့ချီ စောင့်ဆိုင်းနေရလို့ သူတို့အတွက် မျှော်လင့်ချက်မရှိသလို ဖြစ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က လာရောက်ပြီးတော့ ကယ်တင်ပေးနိုင်ရေး ဆောင်ရွက်ပေးစေလိုပါတယ်လို့ ကျွန်းပေါ်မှာ ကျန်ခဲ့တဲ့ အလုပ်သမားတွေက ပြောပါတယ်။

XS
SM
MD
LG