ခရီးသည်နဲ့ လေယာဉ် အမှုထမ်း ၁၈၉ ယောက် လိုက်ပါသွားတဲ့ Lion Air လေကြောင်းလိုင်း လေယာဉ် တစင်း အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျကာတာကနေ ပျံတက်ပြီး ၁၃ မိနစ် အကြာမှာ ပင်လယ်ထဲကို ပျက်ကျသွားခဲ့တယ်လို့ အင်ဒိုနီးရှား ဘေးဒုက္ခစီမံခန့်ခွဲမှု ဌာနက ပြောပါတယ်။
ဌာနရဲ့ ပြောခွင့်ရ Sutopo Purwo Nugroho က အပျက်အစီး ဓာတ်ပုံတွေကို တွစ်တာ လူမှုကွန်ယက်မှာ တင်ထားတာမှာတော့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့က ဆယ်ယူထားတဲ့ ပျက်စီးနေတဲ့ စမတ်ဖုန်း တလုံး၊ စာအုပ်တွေ၊ ခရီးဆောင်အိတ်တွေ၊ လေယာဉ် အပျက်အစီး အပိုင်းအစတွေကို တွေ့ရပါတယ်။
ခရီးသည်တွေထဲမှာ ကလေးငယ်တဦး၊ မွေးစကလေးငယ် ၂ ဦး လည်း ပါဝင်ကြောင်း ပြောခွင့်ရ Nugroho က ပြောပါတယ်။ ဂျာဗားကျွန်း မြောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ ကိုယ်ထည်ကို ရှာဖွေရေး အတွက် ရှာဖွေကယ်ဆယ်ရေး ဌာနက ရေငုပ်သမားတွေနဲ့ ရှာဖွေနေပါတယ်။ အသက်ရှင် ကျန်ရစ်သူ မရှိလောက်ဘူးလို့လည်း ဌာန တာဝန်ရှိသူ တဦးက ပြောဆိုပါတယ်။
လေယာဉ်က ရေအောက် မီတာ ၃၀ - ၃၅ မီတာ အနက်ထိ ထိုးဆင်းသွားခဲ့တာပါ။ ကမ်းရိုးတန်းနဲ့ ၁၅ ကီလိုမီတာ အကွာလောက်မှာ ရုပ်အလောင်း တချို့ကို ရှာဖွေတွေ့ရှိထားကြောင်းလည်း ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသ စံတော်ချိန် မနက် ၆ နာရီ မိနစ် ၂၀ လောက်က စတင်ထွက်ခွာခဲ့တဲ့ Lion Air ရဲ့ လေယာဉ်အမှတ် JT610 က သံသတ္တုတူးဖော်ရေး ဒေသ Bangka-Belitung ကို မနက် ၇ နာရီ မိနစ် ၂၀ မှာ ဆင်းသက်ရမှာ ဖြစ်တယ်လို့ Flightradar 24 ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဆီကုန်သက်သာပြီး အဝယ်များတဲ့ Boeing 737 MAX လေယာဉ်တစင်း ပထမဆုံး ပျက်ကျတာလည်း ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုကို သိရှိထားပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်လို့ လေယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီကလည်း တွစ်တာလူမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။