ရုရှားရေနံစိမ်း လျှော့ဈေးနဲ့ဝယ်ဖို့ အိန္ဒိယညှိနှိုင်း
{{Zawgyi/Unicode}}
ယူကရိန်းကို ကျုးကျော်မှုကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားကနေ ရေနံစိမ်းတွေ ဝယ်ယူနိုင်ဖို့ အိန္ဒိယက နည်းလမ်းတွေ ရှာဖွေနေပါတယ်။ ရေနံစိမ်းတွေ ဝယ်ယူဖို့ ရုရှားနဲ့ ဆွေးနွေးနေကြောင်း အိန္ဒိယ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ဝန်ကြီး Hardeep Singh Puri က အင်္ဂါနေ့မှာ ပါလီမန်ကို ပြောကြားလိုက်တာပါ။
ရုရှားအစိုးရက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သူကိုယ်တိုင် ဆွေးနွေးတာတွေ ရှိကြောင်းလည်း လွှတ်တော်အမတ်တွေကို ပြောပါတယ်။ ရေနံစိမ်းဝယ်ယူမယ့် အစီအစဉ်အတွက် ရနိုင်မယ့် ပမာဏ၊ ပေးချေရမယ့် ပုံစံတွေနဲ့ ပတ်သက်လို့ အစိုးရက နည်းလမ်းရှာနေတယ်လို့လည်း ပြောခဲ့တာပါ။
အိန္ဒိယသတင်းစာ Times of India ကတော့ ရုရှားကနေ ရေနံစိမ်း စည်ပေပါ ၃ သန်းခွဲကို အိန္ဒိယက အကြီးအကျယ် ဈေးလျှော့ပြီး ဝယ်ယူဖို့ သဘောတူညီချက် ရတော့မယ်လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
အိန္ဒိယဟာ ကမ္ဘာမှာ ရေနံတင်သွင်းမှု တတိယအများဆုံး နိုင်ငံတခုဖြစ်ပြီး၊ တိုင်းပြည်အတွက် ရေနံစိမ်းလိုအပ်ချက် ၈ဝ ရာခိုင်နှုန်းကျော်ကိုလည်း ပြည်ပက တင်သွင်းနေရတာပါ။ ရေနံစိမ်းတွေကို အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ကနေ အဓိက တင်သွင်းနေပြီး၊ ရုရှားက တင်သွင်းတဲ့ ပမာဏကတော့ ၃ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။
ဒါပေမဲ့လည်း ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်မှုကြောင့် ရေနံဈေးတွေ အဆမတန် တက်လာတာကြောင့် စီးပွားရေး ပြန်လည်နာလန်ထူဖို့ ကြိုးပမ်းနေရတဲ့ အိန္ဒိယမှာ ရေနံအတွက် ကုန်ကျစရိတ်တွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။
ရုရှားက ရေနံစိမ်း တင်ပို့ဖို့ အိန္ဒိယက ဆွေးနွေးနေတာကြောင့် ကုန်သွယ်မှုတွေအတွက်လည်း လမ်းဖွင့်ထားလိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။
...............................................................
{{Zawgyi/Unicode}}