ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေတာ ကြောင့် သူပုန်တွေနဲ့ ဒုက္ခသည်တွေ အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာမယ့်အရေးကို ထိန်းသိမ်းနိုင်ဖို့ အိန္ဒိယတပ်ဖွဲ့ တွေကို နယ်စပ်ကိုထပ်ပြီးစေလွှတ်ထားတယ်လို့ မတ်လ ၁၅ရက်နေ့ထုတ် The Diplomat သတင်းမှာ ဖေါ်ပြထားပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေ အိန္ဒိယနဲ့မြန်မာနယ်စပ်မှာ စောင့်ကျပ်နေတာ ဆယ်စုနှစ်တွေနဲ့ချီပြီးရှိပါပြီ။ အခုတော့ မီဇိုရမ် ပြည်နယ်က Parva နယ်စပ်ရွာမှာ တိုးချဲ့တပ်ဖွဲ့တချို့ရောက်ရှိနေတယ်လို့ဆိုပါတယ်။
ဗုဒ္ဓဘာသာ ရခိုင်တချို့ မီဇိုရမ် ပြည်နယ်ထဲကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေထိုင်နေကြပြီး ရခိုင့်တပ်မတော် AA အဖွဲ့ဝင်တွေကလည်း မြန်မာစစ်တပ် နဲ့တိုက်ပွဲတွေဖြစ်ရင် နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယဘက်က မကြာခဏဝင်ရောက်ခဲ့တာတွေအရင်က ရှိခဲ့ဖူးပါတယ်။ ၂၀၁၇ခု နှစ်ကုန်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ မြန်မာတပ်တို့ရဲ့ ပလက်ဝဒေသက တိုက်ပွဲတွေ အတွင်း မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ ဝင် ၁၁ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်း အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲကို မြန်မာနိုင်ငံက လူတထောင့် လေးရာကျော် ဝင်ရောက် လာခဲ့ကြပြီး တော်တော်များများပြန်သွားခဲ့ကြတယ်ဆိုပေမယ့်လည်း နယ်စပ်က အိန္ဒိယကျေးရွာ တွေမှာ မြန်မာနိုင်ငံဘက်က လူငါးရာလောက် ဆက်ပြီး ရှိနေတုန်းပဲလို့ဆိုပါတယ်။