မြန်မာနိုင်ငံမှာ ဒီလ ဒုတိယပတ်အတွင်းကျင်းပမယ့် အိန္ဒိယ၊ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်မယ့် အိန္ဒိယဝန်ကြီးချုပ်က ကုန်သွယ်ဘက်နိုင်ငံတွေကြား ချိတ်ဆက် ဆောင်ရွက်ရေးနဲ့ ယဉ်ကျေးမှုရေးရာကိစ္စတွေကို အဓိကထားဆွေးနွေးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးရာ မဟာဗျူဟာအရေးကိုလည်း အလေးထားဆွေးနွေးကြမှာ ဖြစ်ပါတယ်။ Reuters သတင်းတပုဒ်ကိုအခြေခံပြီး မသိင်္ဂ ီထိုက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာကျင်းပမယ့် အာဆီယံအစည်းအဝေး တက်ရောက်မယ့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi အနေနဲ့ မဟာဗျူဟာနဲ့ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တယ်လို့ မနေ့ကပဲ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Syed Akbaruddin က ညီလာခံမှာ အိန္ဒိယဘက်က ဆွေးနွေးမယ့်ကိစ္စတွေကို သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ဆွေးနွေးမယ့်အကြောင်းအရာ သုံးခု ရှိပါတယ်။ အဲဒါတွေကတော့ ကူးသန်းရောင်းဝယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ယဉ်ကျေးမှုတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် အနေနဲ့ မဟာဗျူဟာကိစ္စရပ်တွေကိုလည်း အာရုံစိုက် ဆွေးနွေးဖို့ ရှိပါတယ်။ အိန္ဒိယနဲ့ မြန်မာတို့ဟာ နယ်စပ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းတွေဖြစ်တာမို့ ဗျူဟာကျ စီမံခန့်ခွဲမှု ကလည်း အဓိကထား ဆွေးနွေးရမယ့် ကိစ္စတရပ်ဖြစ်ပါတယ်။”
အိန္ဒိယ-အာဆီယံညီလာခံကိုတော့ ဒီလ ၁၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ နောက်တနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကျင်းပမယ့် အရှေ့အာရှ ညီလာခံကိုလည်း မစ္စတာ မိုဒီ တက်ရောက်မှာ ဖြစ်ပါတယ်။ အိန္ဒိယ-အာဆီယံ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာတော့ အတွင်းဝန် Anil Wadhwa က ၂၀၁၅ - ၂၀၂၀ အာဆီယံ လုပ်ငန်း အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဆောင်ရွက်မယ့်ကိစ္စတွေကို အခုလို ပြောခဲ့ပါတယ်။
“လူထု အချင်းချင်း ဆက်နွှယ်မှုကို အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အရပ်ဘက်ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုတွေ တိုးမြှင့်ပြီး အာဆီယံနိုင်ငံတွေနဲ့ ဘာသာစကား၊ ဘာသာရေး၊ ရိုးရာဓလေ့ထုံးတမ်း၊ ဝတ်စားဆင်ယင်မှုနဲ့ ရိုးရာ လက်မှုပညာတွေနဲ့ ဆက်စပ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာမှုတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။”
အာဆီယံအစည်းအဝေးတွေနဲ့ အရှေ့အာရှ ထိပ်သီး ညီလာခံကိုတော့ မြန်မာနိုင်ငံ နေပြည်တော်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့က စပြီး ကျင်းပတာမှာတော့ အာဆီယံ ဒေသတွင်း ခေါင်းဆောင်တွေ၊ နောက် သြစတြေးလျ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ဝန်ကြီးချုပ်တွေအပြင် အမေရိကန်သမ္မတလည်း တက်ရောက်မှာ ဖြစ်ပါတယ်ရှင်။