သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ရွေးကောက်ပွဲကာလ မွတ်ဆလင် အမုန်းပွားမှု မြင့်တက်


India Hate Speech Protest
India Hate Speech Protest

အိန္ဒိယနိုင်ငံမှာ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကားပြောတဲ့ ဖြစ်ရပ်တွေဟာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း (၁) ရက်မှာ ပျမ်းမျှ တခုနဲ့ ဖြစ်နေပြီး အထူးသဖြင့် ရွေးကောက်ပွဲကျင်းပမယ့် ပြည်နယ်တွေမှာ အများဆုံး မြင်တွေ့ရကြောင်း ဝါရှင်တန်အခြေစိုက် လူနည်းစုများအပေါ် တိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ Hindutva Watch ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်တွေရဲ့ ၇၀% လောက်ဟာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တယ် ဆိုပါတယ်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားပွားမှု ဖြစ်ရပ်ပေါင်း ၂၅၅ ခု မှတ်တမ်းတင်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီ ဖြစ်ရပ်တွေအနက် ၈၀% လောက်ဟာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရတဲ့ ဒေသတွေမှာ ဖြစ်ပျက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း BJP ပဲ အနိုင်ရမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။

မဟာရက်ရှထရာ (Maharashtra)၊ ကာနာတက (Karnataka)၊ မဒ္ဒရာပရာဒက်ရှ် (Madhya Pradesh)၊ ရာဂျာစသန် (Rajasthan) နဲ့ ဂူဂျာရတ် (Gujarat) ပြည်နယ်တွေမှာ အမုန်းစကား အများဆုံး အရေအတွက်ကို မြင်တွေ့ခဲ့ရပြီး မဟာရက်ရှထရာ ပြည်နယ်မှာ ဆိုရင် ဖြစ်ရပ်တွေရဲ့ ၂၉ ရာခိုင်နှုန်းအထိ ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမုန်းစကား အများစုဟာ မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး စွပ်စွဲ ပြောဆိုကြကာ အကြမ်းဖက်မှုနဲ့ လူမှုစီးပွား ဆက်ဆံတာမျိုး မလုပ်ဘဲ သပိတ်မှောက်ဖို့ တောင်းဆိုကြတာပါ။ ဟိန္ဒူအမျိုးသားရေးဝါဒီ အဖွဲ့တွေရဲ့ အွန်လိုင်းလှုပ်ရှားမှုကို ခြေရာခံခဲ့ကြောင်း၊ ဆိုရှယ်မီဒီယာပေါ်တွေမှာ တင်ထားတဲ့ အမုန်းစကားဗီဒီယိုတွေနဲ့ မီဒီယာဖော်ပြချက်တွေက တဆင့် အချက်အလက်တွေကို ပြုစုထားကြောင်း သုတေသန ပြုခဲ့တဲ့ Hindutva Watch က ပြောပါတယ်။

မိုဒီအစိုးရဘက်ကတော့ လူနည်းစုတွေအပေါ် စော်ကား ဖိနှိပ်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဝါရှင်တန်က အိန္ဒိယသံရုံးကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိပါဘူး။

မိုဒီ အာဏာစရလာခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက လူနည်းစု မွတ်ဆလင်တွေ အပေါ် မတရားပြုကျင့်တာတွေ ဖြစ်နေတယ် ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေဘက်ကတော့ စွပ်စွဲလေ့ရှိပါတယ်။

မွတ်ဆလင် ရွှေ့ပြောင်းနေထိုင်သူတွေ မပါဝင်တဲ့ ၂၀၁၉ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို အဓိက ထောက်ပြကြပြီး ဒါကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း "အခြေခံကျကျ ခွဲခြားဆက်ဆံခြင်း" လို့ ဖော်ပြပါတယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကာအကွယ်ပေးထားတဲ့ လွတ်လပ်စွာယုံကြည်ခွင့်ကို ဆန့်ကျင်တာလို့ ထောက်ပြလေ့ရှိပါတယ်။ ဒါ့အပြင် မွတ်စလင်အများစုနေထိုင်တဲ့ ကက်ရှ်မီးယားပြည်နယ် အထူးအဆင့်အတန်းကိုလည်း ၂၀၁၉ ခုနှစ်မှာ ရုပ်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် BJP အာဏာရချိန် ကာနာတက (Karnataka) ပြည်နယ်က စာသင်ခန်းတွေမှ မွတ်ဆလင် ဟီဂျဘ် ခေါင်းဆောင်း ဝတ်ဆင်ခြင်းကို တားမြစ်ခဲ့သလို တရားမဝင် ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားတာဆိုပြီးလည်း မွတ်ဆလင် ပိုင် အိမ်ရာတွေကို ဖြိုဖျက်တာတွေ ဖြစ်ခဲ့ပါတယ်။

ကုလသမဂ္ဂ ကတော့ အမုန်းစကားဆိုတာကို အသားအရောင်၊ မျိုးရိုး၊ အမျိုးအနွယ်၊ ကျား၊ မ စတာတွေကို အခြေခံပြီး လူတဦးချင်း ဒါမှမဟုတ် အုပ်စု တခုခုကို မလိုမုန်းထား ခွဲခြားဆက်ဆံတဲ့ အသုံးအနှုန်းတွေကို ပြောဆိုတာ ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG