သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်လူသတ်မှု ဥပဒေပညာရှင်များ အမြင်


အင်းဒင်သုသာန်အလောင်းတွေ့မှုနှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်သုသာန်အလောင်းတွေ့မှုနှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ ဒေသခံ ၁၀ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား တချို့က သတ်ဖြတ် မြုပ်နှံခဲ့ကြောင်း တပ်မတော်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ သတ်ဖြတ်မှု ကျူးလွန်ကြောင်း ဝန်ခံထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေကို တရားဥပဒေ အရ အရေးယူမယ့်အပြင် ကွပ်ကဲရန် တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ် အရေးယူမယ်လို့ မြန်မာ စစ်တပ်က ပြောဆိုထားပါတယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးကြရတာက မြန်မာ စစ်တပ်ရဲ့ အလွန်အကျွံ အင်အားသုံး နှိမ်နင်းမှုတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာရဲ့ စွပ်စွဲ ပြောဆိုမှုတွေကို ခိုင်ခိုင်မာမာ ငြင်းဆိုထားတဲ့ မြန်မာ့ တပ်မတော်ဘက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တဲ့ သတ်ဖြတ်မှု အဖြစ် ပထမဆုံး ထုတ်ပြန်ချက်လည်း ဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဘက်က အရပ်သားတွေကို သတ်ဖြတ်မှု အပေါ် ဥပဒေရေးရာ ကျွမ်းကျင်သူတွေရဲ့ တုံ့ပြန်ချက်တွေကို မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

မူဆလင်တွေ အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက လုံခြုံရေး စခန်း ၃၀ တို့ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ တချိန်တည်း တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှု အတွင်း ဖမ်းဆီးရမိသူ ၁၀ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေက သတ်ဖြတ် မြုပ်နှံခဲ့ကြတာလို့ တပ်မတော်က ဒီကနေ့ သတင်းထုတ်ပါတယ်။ဖမ်းဆီးရမိသူတွေကို ရဲစခန်းကို အပ်နှံရမယ့် အစား ဒေသခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက သတ်ဖြတ်လိုက်ကြရတဲ့ အကြောင်းရင်းကိုတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လွှဲပြောင်းရေး အခက်အခဲကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒေသတွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့် နိုင်ငံကို ရိုဟင်ဂျာ မူဆလင် ၆ သိန်းခွဲကျော် ထွက်ပြေးရတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး ဒီကိစ္စက လူမျိုးစုအလိုက်ရှင်းလင်းမှု အဖြစ် အမေရိကန် က သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဝေဖန်မှုတွေ ခံနေရချိန်မှာ အခုလို ဖမ်းမိသူတွေကို တရားစီရင်ခြင်း မရှိဘဲ သတ်ဖြတ်လိုက်တာကြောင့် သက်ရောက်မှုနဲ့ ပတ်သက်လို့တော့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေကြီး ဦးမင်းလွင်ဦးက အခုလို သုံးသပ်ပါတယ်။

" နိုင်ငံတကာ ဥပဒေတွေ အရ ကြည့်မယ်ဆိုရင်တော့ ဒါက ဒီ တပ်မတော်ကနေ ပြီးတော့ ပြည်တွင်း လုံခြုံရေး အတွက် ဆောင်ရွက်နေတဲ့ ကိစ္စရပ် ဖြစ်တဲ့ အတွက် ဒီလိုမျိုး ဆောင်ရွက်ပါတယ်လို့ အကြောင်းပြတယ် ဆိုရင်တော့ နိုင်ငံတကာက ဆက်ပြီး ဘာမှ လုပ်နိုင်မယ့် အလားအလာ မရှိဘူး။ တကယ်တော့ အဲလို ဥပဒေမဲ့ သတ်ဖြတ်တယ်ဆိုတဲ့ ကိစ္စရပ်မျိုးမှာ တပ်မတော် စည်းမျဉ်းစည်းကမ်း ဥပဒေ အရ ဘယ်လို အရေးယူမလဲပေါ့နော်။ ဒါတွေကတော့ ကျနော်တို့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စရပ်တွေ ဖြစ်တယ်။ ဒီလိုမျိုး တိုင်းရင်းသား ဒေသတွေမှာ အများကြီး ကျူးလွန်ခဲ့တာတွေ ရှိတယ်။ သို့ပေမယ့်လည်း ထိထိရောက်ရောက် အပြစ်ပေးခဲ့တာတွေ မရှိခဲ့ပါဘူး။ ကျနော်တိ့ု သိရသလောက်။ "

ရိုဟင်ဂျာ ဒေသတွေ အတွင်း မြန်မာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို မြန်မာ စစ်တပ်ဘက်က ပယ်ချထားပြီး မကြာခင် လပိုင်းက ထွက်ရှိခဲ့တဲ့ စစ်တပ်ရဲ့ အစီရင်ခံစာမှာလည်း နယ်မြေရှင်းလင်းရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ကြောင်း ဖော်ပြခဲ့တာပါ။ ဒီနောက်ပိုင်း သိပ်မကြာခင်မှာဘဲ အရပ်သားတွေကို သတ်ဖြတ်မြှပ်နှံတဲ့ အပေါ် စုံစမ်းနေကြောင်း တပ်မတော်ကဘဲ သတင်းထုတ်ခဲ့တာပါ။ ဒီအပေါ် ရှေ့နေကြီး ဦးမင်းလွင်ဦးရဲ့ ရှုမြင်ချက်ကတော့

" ယခင်ကတော့ ဒီလိုမျိုး ကိစ္စရပ်တွေမှာ တပ်မတော်က အစဉ်တစိုက် ငြင်းဆိုခဲ့တာတွေဘဲ ကျနော်တို့ တွေ့ရတယ်။ စသဖြင့်ပေါ့နော် နိုင်ငံတကာကို အတိအလင်း ငြင်းဆိုခဲ့တာတွေ ရှိပါတယ်။ အဲတော့ ကျနော်တို့ ဒီ ရိုက်တာ သတင်းထောက် နှစ်ဦး အဖမ်းခံရပြီးတဲ့ အချိန်မှာ ဖမ်းခံရပြီးတော့ မကြာခင်မှာဘဲ အလောင်းဆယ်လောင်း တွေ့ရှိခဲ့တယ်ဆို ကိစ္စရပ်တွေ၊ နောက်ပြီးတော့ ဒီကိစ္စက လွန်ခဲ့တဲ့ တနှစ် နီးပါးလာက်က မြှုပ်နှံထားတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာတွေ ပေါ်ပေါက်လာတဲ့ အခါမှာတော့ ဒါက မဖြစ်မနေ အရေးယူရမယ့် အခြေအနေမျိုး ဖြစ်လို့ အခုလိုမျိုး အရေးယူတယ်လို့ ကျနော်တို့ မြင်ပါတယ်။ "

လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်က သတ်ဖြတ်မှု ကျူးလွန်ပါတယ်လို့ ဝန်ခံ ပြောဆိုထားတဲ့ ကိစ္စ အပေါ် မြန်မာ ဥပဒေ အရ ဘယ်လို အရေးယူ ဆောင်ရွက်နိုင်ပါသလဲ။ လူ့အခွင့်အရေး ရှေ့နေကြီး ဦးသိန်းသန်းဦးကတော့ အခုလို ပြောပါတယ်။

“ရာဇဝတ်ပြစ်မှုတွေမှာ ပြစ်မှုကြီးတွေဆိုရင် အရပ်ဖက်တရားရုံးမှာပဲ စစ်ဆေးတာပေါ့နော်။ သို့ရာတွင် နိုင်ငံတော်သံမ္မတရဲ့ ခွင့်ပြုချက်နဲ့ စစ်ခုံရုံးမှာလည်း စစ်လို့ရတာပေါ့နော်။ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ စစ်ဖက်ဆိုင်ရာတရားရုံးတွေက အကုန်ကြားနာခွင့်ရှိပြီးတော့ အဲဒီအပေါ်မှာမှ ဦးစီးချုပ်က နောက်ဆုံးအမြင့်ဆုံးအယူခံရုံးဖြစ်နေတာပေါ့နော်။ လူသတ်မှုကတော့ ၃၀၁ (ခ) ဆိုတာရှိတယ် တင်ကူးကြံရွယ်ချက်ပေါ့နော် Intentional Murder ပေါ့နော် တင်ကူးကြံရွယ်ချက်နဲ့ သတ်တယ်ဆိုရင်တော့ သေဒဏ်နဲ့ ကျွန်းဒဏ် ၂ ခုပဲ ရှိတယ်။”

အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်တုန်းက စစ်ခုံရုံးက စစ်သားတွေကို အရေးယူခဲ့တဲ့ ဖြစ်စဉ် တခုလည်း ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် မိုင်းယော် ရွာသား ၅ ဦး သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး တပ်မမှူး တဦးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးကို အရေးယူတာပါ။ ပြစ်မှုကျူးလွန်တဲ့ စစ်တပ် အရာရှိ ၄ ဦးကို အလုပ်ထုတ်၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တခြားအဆင့် စစ်သည် ၃ ဦးကိုလည်း တပ်သားအဆင့် လျှော့ချပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ စစ်တရားရုံးက စီရင်ဆုံးဖြတ်ကြောင်း အဲဒီအချိန်က ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG