တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးတိုးတက်လာတဲ့အတွက် တောင်ကိုရီးယား နဲ့ မဟာမိတ်အနေအထား အားပျော့သွားလေမလား ဆိုတာ အမေရိကန်အတွက် စိုးရိမ်စရာတွေရှိနေပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဘက်က လောလောဆယ် သဘောထားပျော့ပျောင်းလာတာဟာ သူတို့အပေါ် ဖိအားပေးဒဏ်ခတ်မှုတွေ လျော့နည်းသွားအောင် ပရိယာယ်သုံးနေခြင်းသာဖြစ်တယ်လို့ ယူဆသူတွေလဲရှိနေပါတယ်။ Seoul မြို့တော်က VOA သတင်းထောက် Brian Padden ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
နှစ်နိုင်ငံ နိုင်ငံရေးပါတီတွေ ပူူးတွဲစည်းဝေးပွဲအပြီးမှာ မြောက်ကိုရီးယား Kim Jong Un အစိုးရက ကြေညာချက်တစောင်ထုတ်ပြီး ပြည်တွင်းပြည်ပ ကိုရီးယားလူမျိုးတွေ အားလုံး နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အဆောတလျင် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကိုရီးယားကျွန်းဆွယ်ပေါ် စစ်ရေးတင်းမာမှု ပပျောက်ရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ထောက်ခံတင်ပြထားပါတယ်။ မြောက်ကိုရီးယားဘက်က ဒီလိုငြိမ်းချမ်းရေး စကားပြောလာတာဟာ တောင်ကိုရီးယား သမ္မတ Moon Jae-in ရဲ့ဆွဲဆောင်ကြိုးပမ်းမှုကြောင့် ဖြစ်ထွန်းလာရတဲ့တိုးတက်မှုပါ။
မြောက်ကိုရီးယား အားကစားအဖွဲ့ တောင်ကိုရီးယားကို စေလွှတ်ဖို့ သဘောတူညီမှု ရရှိခြင်းဟာ မြောက်ကိုရီးယားရဲ့ အမေရိကန်အထိ ရောက်အောင် ပစ်နိုင်တဲ့ ဒုံးကျည်အစီအစဉ်ကို ယာယီရပ်ဆိုင်း သွားစေပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီလိုလိုက်လျောတဲ့ သဘော ရုတ်တရက်ပေါ်ထွက်လာတော့ သုံးသပ်သူ အများအပြားက သံသယဝင်နေကြပါတယ်။
Daniel Pinkston ဟာ ဆိုးလ်မြို့တော် Troy တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး ကထိကတဦးဖြစ်ပါတယ်။
“ အိုလံပစ်ပွဲမှာ ပါဝင်တာက မြောက်ကိုရီးယားရဲ့ အပြုအမူကို တစုံတရာ ပြောင်းလဲသွားဖို့ ကျနော် လိုလားပါတယ်။၊ ဆိုလိုတာက ပိုပြီး ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံ ဖြစ်လာစေချင်တာပါ။ ဒါပေမယ့် ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။”
တောင်ကိုရီးယားအစိုးရရဲ့ ရည်ရွယ်ချက်ကတော့ မြောက်ကိုရီးယားကို နိုင်ငံတကာဆွေးနွေးပွဲ ပြန်ဝင်လာအောင် ဆွဲဆောင်ဖို့ နိုင်ငံတကာ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပြီး လုံခြုံရေး အာမခံချက် ပေးမယ်ဆိုရင် သူတို့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ဖျက်သိမ်းစေဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံကတော့ နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေးက တပြားမှ မလျော့ပါဘူး။ အမေရိကန်ကျူးကျော်မှုကို ခုခံဖို့ နျှူကလီးယားလက်နက် လိုတယ်လို့ အခိုင်အမာ ဆိုနေတာပါ။ အဲ့ အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားရဲ့ နျှူကလီးယား အစီအစဉ်ဟာ အဓိက ခြိမ်းခြောက်မှုကြီး တရပ်ဖြစ်ပြီး တရားဝင်ဆွေးနွေးပွဲကို မဝင်ခင်မှာ နျူကလီးယားထုတ်လုပ်ရေးအစီအစဉ်ကို သဘောတူဖို့ လိုအပ်တယ်လို့ပြောနေပါတယ်။
တကယ်လို့ ကိုရီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဆက်လက် ဖြစ်ထွန်းနေမယ်ဆိုရင် တောင်ကိုရီးယားဟာ အမေရိကန်နဲ့ပြုလုပ်မယ့် လာမယ့် နွေဦး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ် ဒါကို အမေရိကန်က သဘောတူပါ့မလား။ ဒါ့အပြင် တောင်ကိုရီးယားအနေနဲ့ အမေရိကန် ကမကထလုပ်နေတဲ့ မြောက်ကိုရီးယားအပေါ် အစွမ်းကုန်ဖိအားပေးရေးဆိုတာကို လျှော့ချပစ်လေမလား ဆိုတာကိုလည်း အမေရိကန်ဘက်က စိုးရိမ်နေပါတယ်။
Sue Mi Terry ဟာ ဝါရှင်တန် အခြေစိုက် CIA အကဲခတ်တဦး ဖြစ်ပါတယ်။
"တကယ်လို့ သူတို့က တခြားလမ်းကြောင်းအတိုင်း သွားဖို့ ဆုံးဖြတ်ပြီး မြောက်ကိုရီးယား တောင်းနေတာတွေ ထဲက တချို့ကို ပေးမယ်ဆိုရင် တော့၊ ကျမ အထင်ပြောရရင် ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယား Moon အစိုးရအဖွဲ့တို့ကြား တကယ့်ပြဿနာ ကို ဖန်တီးတာပါပဲ။ "
တောင်ကိုရီးယားအတိုက်အခံတွေကလည်း မြောက်ကိုရီးယားဟာ ဒဏ်ခတ်ပိတ်ဆို့မှု သက်သာအောင် ဝါဒဖြန့်နေတာသာဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယားအိုလံပစ်အဖွဲ့ ပါဝင်ရေးကိုတောင် ဝေဖန်နေကြတာပါ။ ဒါပေမဲ့ Sue Mi Terryကတော့ တောင်ကိုရီးယားအစိုးရဟာ Kim Jong Un နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ အနေအထားကို ထိခိုက်အောင် လုပ်လိမ့်မယ် မဟုတ်ဘူးလို့ သူကဆိုပါတယ်။
“မြောက်ကိုရီးယားတွေနဲ့ အပေးအယူလုပ်တဲ့အခါ သမိုင်းကြောင်းကနေ သင်ခန်းစာ ရပြီးသားမို့ တဖက်သတ် သဘောတူညီချက်နဲ့ လုပ်မှာ မဟုတ်ပါဘူးလို့ သူတို့က ပြောပါတယ်။"
တောင်ကိုရီးယားနိုင်ငံခြားဝန်ကြီး Kang Kyung-wha ကတော့ အိုလံပစ်ပွဲတော်ကိစ္စမှာ ပူးပေါင်းဆောင်ရွက်လာတာဟာ ကောင်းတဲ့ သဘောဖြစ်ပေမဲ့ မြောက်ကိုရီးယားဘက်က ထပ်ပြီး ရန်စလာမယ့်အရေးအတွက်လည်း သူတို့ဘက်က ပြင်ဆင်ထားတယ် ဆိုတဲ့အကြောင်း Switzerland နိုင်ငံDavos မြို့မှာ အလွတ် သဘောပြောကြားသွားပါတယ်ခင်ဗျာ။