အခုနှစ်စပါးစိုက်ရာသီမှာ အတိုးယူပြီး ငွေထုတ်ချေးမယ့်သူတွေ ရှားပါးလာတာကြောင့် အလျင်မီအောင် စိုက်ပျိုးထွန်ယက်ဖို့၊ ပျိုးထောင်ဖို့အတွက် လယ်သမားတွေ အခက်အခဲဖြစ်ရကြောင်း တောင်သူလယ်သမား အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။ ဒီအကျိုးဆက်ကြောင့် လာမယ့်နှစ်မှာ စပါးအထွက်နှုန်း ကျမယ်ဆိုရင်တော့ လယ်သမားတွေအဖို့ ဆုံးရှုံးမှုများနိုင်တာပါ။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုရဲမွန်က ပြောပြမှာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ငွေကြေးရှားပါးမှု ပြဿနာကြောင့် အတိုးနဲ့ငွေချေးတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဆီက အရင်လို အလွယ်တကူ ငွေချေးလို့ မရတော့ကြောင်း လယ်သမားတွေက ငြီးတွားကြပါတယ်။ စပါးခင်းအတွက် လုံလောက်တဲ့ငွေကို မသုံးစွဲနိုင်လို့ လာမယ့်နှစ်မှာ လယ်သမားတွေ အခက်အခဲ ကြုံလာနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ အဖွဲ့ချုပ်၊ ဧရာဝတီတိုင်းတာဝန်ခံ မန်းအောင်ငြိမ်းက ပြောပါတယ်။
“ အခုအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်သွားတဲ့ပြဿနာက ငွေတိုးသမားက မပေးနိုင်ဘူး၊ မပေးရဲဘူးပေါ့နော်။ သူတို့ရှိတော့ ရှိတယ် ဒါပေမဲ့ မပေးရဲတာ။ အဲဒီပြဿနာတွေက ဘယ်လိုဆက်ကြုံလဲဆိုတော့ အခုစပါးအစာပက်ချိန် တလသားကျော်ကျော် အချိန်မှာ အစာ ( မြေဩဇာ) သွားဝယ်တဲ့အခါမှာ လက်ငင်းစနစ်ပဲရမယ်။ လယ်သမားက ပိုက်ဆံမရှိတဲ့အခါကျတော့ အကြွေးမရတော့ ငွေရှာတဲ့အခါကျတော့ ငွေကလည်းမရ။ အဲလိုမျိုး စောင့်ရင်းစောင့်ရင်းနဲ့ တချို့ဆိုရင် တလခွဲလောက်ထိ ဘာမှမပက်ရသေးတာတွေ ရှိတယ်။ ဒီဟာက စပါးအထွက်ကို ဆုတ်သွားနိုင်တယ် ဒီပြဿနာက။”
တချို့လယ်သမားတွေက ပိုက်ဆံကိုရှာကြံပြီး အခုနှစ်အတွက် မိုးစပါးကို စိုက်ပျိုးထားပြီဆိုပေမဲ့ စပါးပျိုးထောင်နေတဲ့ ကာလတလျှောက် ကုန်ကျစရိတ် အတွက်တော့ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က လယ်သမား ဦးစံလင်းက အခုလိုပြောပါတယ်။
“ လယ်သမားက စပါးမစိုက်ရင်လည်း တခြားလုပ်စရာဘာမှ မရှိဘူး။ ဒီအတိုင်းငုတ်တုပ်ထိုင်ပြီး ငတ်တာပဲ။ ဖြစ်တဲ့နည်းနဲ့ စိုက်ကြတာပါပဲ။ ကိုယ့်ရှိတာလေးတွေ ချရောင်း၊ တချို့လည်း ကိုယ့်အဆက်အသွယ် ရှိတဲ့အထဲက ခက်ခက်ခဲခဲရှာကြံပေါ့၊ အဲလိုနည်းနဲ့ ပထမစိုက်တဲ့ စိုက်စရိတ်လောက်တော့ ပြီးသွားတယ်။ အခုနောက်ပိုင်း ဒီအပင် ပြုစုပျိုးထောင်ရတဲ့ အပိုင်းမှာတော့၊ ငွေလည်းချေးမရ။ အဲဒီအခက်အခဲတော့ အခုဖြစ်နေပြီပေါ့။”
လယ်တဧကကို စပါးတင်း ၇၀ လောက် ပျမ်းမျှထွက်ရှိပေမဲ့၊ မြေဩဇာနဲ့ တခြားပျိုးထောင်စရိတ်တွေ မသုံးနိုင်ရင် လယ်အထွက်လျော့နိုင်ပြီး တဧကကို တင်း ၄၀၊ ၄၅ တင်းပဲ ထွက်နိုင်ပါတယ်။ ဒါဆိုရင် ယူထားတဲ့အကြွေးတွေ ပြန်ဆပ်ဖို့ ခက်ခဲသွားနိုင်တာပါ။
“ ရာသီဥတုက မိုးလေးက လိုက်နေလို့သာ ရေတင်စရိတ် မကုန်တာပေါ့။ နောက် ပိုးသတ်ဆေးနဲ့ ဓာတ်ဆား၊ အစာနဲ့က ကျိမ်းသေလိုက်ရမယ်။ ဒါပေမဲ့အခု ရှာလို့ကြံလို့လည်း မရဘူး၊ အခက်အခဲဖြစ်နေတဲ့ လယ်သမားအများစု အတွက်က လယ်ထွက်ကဆုတ်မယ်။ စပါးဆုတ်တာနဲ့အမျှ အရှုံးကြီးရှုံးပြီးတော့ လာမယ့်နှစ်အဖို့ကတော့ အတော်လေး အကျပ်အတည်းဖြစ်မယ်။ ပုဂ္ဂလိက မဖြစ်မနေယူထားတဲ့ အကြွေးတွေလည်း မဆပ်နိုင်တာတို့ အစိုးရကြေးကိုလည်း မဆပ်နိုင်တာတို့ လယ်သမားတွေ အတော်အခက်အခဲ ဖြစ်မှာပဲ။”
အခုအချိန်မှာ ငွေကြေးရှိတဲ့ လယ်သမားပဲ လယ်ယာပိုင်ဆိုင်ထားပြီး ကျန်တဲ့သူတွေကတော့ လယ်မြေတွေကို ထုတ်ရောင်းနေရပါတယ်။ လယ်သမား မဟုတ်သူတွေက ဝယ်ထားတဲ့မြေမှာ သီးစားခနဲ့ ပြန်လုပ်နေရတဲ့ လယ်သမားတွေလည်း တဖြည်းဖြည်း များပြားလာပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဗဟိုရဲ့ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက အခုလိုပြောပါတယ်။
“ လယ်သမားက တနှစ်ထက်တနှစ် ဆုတ်သွားတဲ့အခါကျတော့ ဒီလယ်ထဲကို ပြန်ထည့်ရတာနဲ့ လယ်ထဲကအထွက်က လျော့ပြီးပြန်ရတဲ့အခါကျတာ့ လယ်သမားတွေက တနှစ်ထက်တနှစ် ရှုံးနေတဲ့အခါကျတော့ ကြွေးတင်တော့ လယ်တွေဖဲ့ဖဲ့ရောင်းရတာ။ လယ်က တော်တော်များများတောင် ကုန်နေပါပြီရှင့်။ လယ်တွေဆုံးရှုံးတဲ့အတွက် သူတို့ကိုယ်တိုင် ဝမ်းစာတွေကို ပြန်ဝယ်စားနေရတာရှိတယ်။ အဓိကတော့ ငွေရေးကြေးရေးအခက်အခဲ ရိုက်ခတ်မှုကတော့ လယ်သမားက ပိုပြီးတော့ ထိခိုက်တာပါရှင့်။”
မနှစ်က အစိုးရဘဏ်ကြွေးကို ပုဂ္ဂလိကချေးငွေနဲ့ဆပ်ပြီး ဒီနှစ်အတွက် အစိုးရချေးငွေအသစ်ကို ထပ်ယူ၊ ဒီလိုနဲ့ အကြွေးအဆင့်ဆင့် တင်သွားကြောင်း လယ်သမားတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ၊ လယ်ထဲက ပိုးမွှားပြဿနာ၊ လယ်ယာမြေအမှုအခင်း ဒါတွေကိုလည်း အခုနှစ်မှာ လယ်သမားတွေက စုပြုံပြီး ရင်ဆိုင်နေရတယ်လို လယ်သမားတွေက ပြောနေကြပါတယ်။
---------------------------------------------