မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာသူ ထိုင်းနိုင်ငံသား ၈၀ ကို အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။
သူတို့ကို ထိုင်းမြန်မာနယ်စပ် ချင်းရိုင်နဲ့အနီးဆုံး မြန်မာနိုင်ငံဖက် မိုင်းဆပ်မြို့နယ်အတွင်းက ဝ/လားဟူ တိုင်းရင်းသား တွေ အများဆုံး နေထိုင်နေတဲ့ ရပ်ကွက်တွေ၊ တည်းခိုးခန်း၊ ကာရာအိုကေ စတဲ့နေရာတွေမှာ မြန်မာဘက်က မူးယစ်နဲ့ မှုခင်းထိန်းချုပ်ရေး အဖွဲ့တွေက ပိုက်စိတ်တိုက် ရှာဖွေစစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိ ရဲမှုး အေကွန် ဘွန်စပါဒင်က ဖေဖေါဝါရီလ ၄ရက်နေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
တာချီလိပ်ခရိုင် အထွေထွေချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်တဲ့သတင်းမှာတော့ ရှမ်းပြည်နယ် မိုင်းဆပ်မြို့၊ မိုးတလန်ကျေးရွာအုပ်စုအတွင်း ၀ အထူးဒေသ (၂) အတွင်း ကာရာအိုကေ ဆိုင်တွေမှာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ကို မိုင်းတွမ်း ရဲစခန်းမှာ အမူဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
အခုလို ရှမ်းပြည်နယ်အတွင်း ထိုင်းနိုင်ငံသားတွေ အစုလိုက် အပြုံလိုက် တရားမဝင်နေထိုင်မူနဲ့ အဖမ်းခံရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။
ဖမ်းမိထားတဲ့ ထိုင်းနိင်သားတွေကို မိုင်းဆပ်မြို့နယ်ရုံး ဟောခန်းဆောင်မှာ ထိန်းသိမ်းထားပြီး တဦးချင်းရဲ့ကိုယ်ရေးရာဇဝင် အသေးစိတ်ကို စစ်ဆေးနေကြောင်းနဲ့ ဖမ်းဆီးထားတဲ့ သူတွေထဲမှာ ထိုင်းကအလိုရှိနေတဲ့ မှုခင်းနဲ့ မူးယစ်တရားခံတွေ ပါလာရင် ထိုင်းအာဏာပိုင်တွေထံ အသိပေး အကြောင်းကြားမှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။