ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူ အများစုပါတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေတာ ၂၀၂၁ ခုနှစ် သြဂုတ်ကတည်းကဆိုရင် ၂၃,၀၀၀ ကျော် ရှိသွားပါပြီ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်ကနေ ပြန်ပို့ခံရသူတွေကို နိုင်ငံရေးနဲ့ပတ်သက်သလား စစ်ဆေးပြီး မသင်္ကာရင် ဖမ်းဆီးတာတွေရှိတာကြောင့် သတိထားကြဖို့ မြန်မာ အလုပ်သမားအရေး လုပ်နေသူက သတိပေးပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကို ၂၀၂၁ ခုနှစ် သြဂုတ်လထဲကစလို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်- မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ ထိုင်းအစိုးရက သီတင်းတပတ်ကို ၃ ရက်၊ ၁ ရက်ကို လူအယောက်၂၀၀ မြန်မာပြည် ဘက် ပြန်ပို့နေတာပါ။ ပြန်ပို့ခံရသူအများစုက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ပြစ်ဒဏ်အမြန်ချခံရပြီး ပြန်ပို့ခံရတာဖြစ်ပါ တယ်။ အဲဒီလို မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသူ ၆ လအတွင်း ၂၃,၀၀၀ ကျော်ရှိပြီး တချို့ကတော့ ထိုင်းနိုင်ငံဘက်မှာ အခက်အခဲ တွေ့လို့ ကိုယ်တိုင်ပြန်ချင်သူတွေဖြစ်တယ်လို့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“တပတ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ တပတ် ၃ ရက် တနေ့ကိုလူ ၂၀၀ ပါ။ တရက်ကို လူ၂၀၀မှာ ဘယ်လို အမျိုးအစားတွေအများဆုံးပါသလဲဆိုတော့ ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့တွေ ခိုးဝင်ကြတဲ့မြန်မာတွေ အများဆုံးပါပြီးတော့ ထိုင်းနိုင်ငံမှာအခက်အခဲတွေ့တဲ့သူတွေ အကြပ်အတည်းတွေ့ပြီး ပြန်ချင်ကြသူတွေက ထိုင်းလဝကအချုပ်မှာ အဖမ်းခံပြီးအချုပ်သားအနေနဲ့ပြန်ကြသူတွေလည်းရှိတယ် ။ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ်လ (၁)ရက်နေ့ကနေ ၂၀၂၂ခုနှစ်ဇန်နဝါရီလ (၂၇)ရက်နေ့ထိ ၂၃၈၅၇ ယောက်နေရပ်ပြန်ခဲ့ကြပါတယ်။”
ထိုင်းနိုင်ငံဘက်က အခုလိုပြန်ပို့သူတွေ မြန်မာနိုင်ငံ မြဝတီမြို့ဘက်ရောက်တဲ့အခါ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိမရှိ စစ်ဆေးပြီး မသင်္ကာသူတချို့ ဖမ်းဆီးခံရတာလည်းရှိပါတယ်။ ဒါကြောင့် အန္တရာယ်ကင်းအောင် ကိုယ့်ရဲ့လက်ကိုင်ဖုန်းထဲမှာ ထည့်သွင်း ထားတဲ့ ဖိုင်တွေ အချက်အလက်တွေရှိရင် ဖျက်သွားဖို့ ဦးမိုးကြိုးက သတိပေးပါတယ်။
“ခိုးဝင်ပြီးတော့ပဲပြန်ပြန် ပြစ်ဒဏ်လွတ်ရက်စေ့လို့ပဲ ပြန်ရ ပြန်ရ မိမိရဲ့ဟန်းဖုန်းထဲမှာ မိမိဘယ်လောက်ပဲယုံကြည်ချက်ရှိရှိ အသံဖိုင်တွေပုံတွေ ဗွီဒီယိုဖိုင်တွေကို မထည့်ထားပါနဲ့ အန္တရယ်ရှိပါတယ် အထူးသတိပေးပါရစေ ဒါက (၁)အချက်ပါ ။ နံပါတ် (၂) အချက်ကတော့ အွန်လိုင်းကနေ ကားစီစဉ်ပေးမယ်။ လေယာဉ်စီစဉ်ပေးမယ်။ ငွေကြိုတင်လွှဲပါဆိုတဲ့ ပွဲစားတွေကို လုံးဝမယုံကြည်ပါနဲ့”
ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံး အတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားအရေအတွက် ၆၀,၀၀၀ ကျော်လောက်ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်းပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။ အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယပတ်အထိ နယ်စပ်တွေကနေ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၃,၀၀ ကျော် ရှိနေပြီလို့ ထိုင်း နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ထားပါတယ်။
...............................................................................................
(Unicode)