ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် အနေနဲ့ ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် အတင်းအကျပ် မောင်းထုတ်ခဲ့မှု စွဲချက်အတွက် အချက်အလက်တွေကို စတင် လေ့လာ စုံစမ်းတော့မှာ ဖြစ်ကြောင်း ICC ရှေ့နေချုပ် Fatou Bensouda က မနေ့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာဘက်ကနေ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နှင်ထုတ်ခဲ့တယ် ဆိုတဲ့ ပြစ်မှုကျူးလွန်မှုကို တရားစီရင်ပိုင်ခွင့်ရှိကြောင်း အမှုမစစ်မှီကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့ရုံးက ဆုံးဖြတ်ချက် ချခဲ့တဲ့အတွက် သူ့အနေနဲ့ ရှေ့ဆက်ပြီး ဆောင်ရွက်တော့မယ့်အကြောင်း အများပြည်သူ သိအောင် ဗွီဒီယိုကနေ တဆင့် Fatou Bensouda က ကြေညာခဲ့တာပါ။
မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြမှာပါ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ် ညှင်းပမ်း ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အကြောင်းကြား ဆက်သွယ်မှုတွေနဲ့ အစီရင်ခံစာတွေကို ၂၀၁၇ ခုနှစ် အကုန်ပိုင်းကတည်းက ICC ခုံရုံးရဲ့ ရှေ့နေချုပ်ရုံးအနေနဲ့ လက်ခံရရှိခဲ့ကြောင်း ICC ရှေ့နေချုပ် Fatou Bensouda ကပြောပါတယ်။ ရှေ့နေချုပ်ရုံးရဲ့ ပဏာမ လေ့လာသုံးသပ်မှု ပထမအဆင့် အဖြစ် အဲဒီအစီရင်ခံစာတွေကို သူတို့ သုံးသပ်ခဲ့ကြောင်း Bensouda ကဆိုပါတယ်။
ဒီသုံးသပ်ချက်တွေအရ ပဏာမ ဥပဒေဆိုင်ရာ ကိစ္စရပ်တွေအဖြစ် ကိုင်တွယ်ဖို့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ICC ခုံရုံးအနေနဲ့ စီရင်ပိုင်ခွင့်ရှိဖို့ ICC တရားသူကြီးတွေဆီ သူအစီရင်ခံတင်ပြခဲ့တယ်လို့ Bensouda ကဆိုပါတယ်။ မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေ မောင်းထုတ်ခဲ့တယ်ဆိုတဲ့ ပြစ်မှု အပါအဝင် Rome Statute အောက်မှာ အခြား ပြစ်မှုတွေကိုပါ ကျူးလွန်မှုတွေ ရှိနိုင်တဲ့ အလားအလာ အပေါ်မှာ ICC ခုံရုံးအနေနဲ့ တရားစီရင်ပိုင်ခွင့်ရှိကြောင်း အမှုမစစ်မှီကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့ရုံးက ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် တရားလိုရှေ့နေအနေနဲ့ ရှေ့ဆက် ဆောင်ရွက်တော့မယ့်အကြောင်း Fatou Bensouda ကပြောပါတယ်။
“ ကျမအနေနဲ့ ICC ခုံရုံးတင်ရေး နောက်တဆင့်ကို ဆက်ပြီးလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အဲဒါကတော့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အပြည့်အ၀ ပဏာမလေ့လာသုံးသပ်မှု ပြုလုပ်သွားဖို့ပါပဲ။ မြန်မာနိုင်ငံအနေနဲ့ Rome Statute စာချုပ် ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ဘင်္ဂလားဒေ့ရှ်က အဖွဲ့ဝင်ပါ။ ဘင်္ဂလားဒေ့ရှ်မြေမှာ တစိတ်တပိုင်းဖြစ်ပွားခဲ့တာကြောင့် ICC တရားရုံးက တရားစီရင်ပိုင်ခွင့် ရှိနိုင်ပါတယ်။ ဒီအခြေအနေတွေအောက်မှာ ရိုဟင်ဂျာတွေကို အတင်းအဓမ္မနေရပ်ရွေ့ပြောင်းစေခဲ့ပြီး အိုးအိမ်မဲ့ဖြစ်စေခဲ့တဲ့ အတင်းအဓမ္မလုပ်ရပ် စွပ်စွဲချက်တွေကို ပဏာမ စစ်ဆေးဖို့ပါပဲ။ ဒီလိုစစ်ဆေးရာမှာ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အဓမ္မပြန်ပေးဆွဲမှုတွေ ဖျက်ဆီးမှုတွေနဲ့ လုယက်ခိုးယူမှုတွေပါဝင်ပါတယ်။ ဒါ့အပြင် Rome Statute စာချုပ် အပိုင်း ၇ အောက်မှာ အကြုံးဝင်တဲ့ ပြစ်မှုတွေနဲ့ တခြားလူမဆန်တဲ့လုပ်ရက်တွေ ကျူးလွန်မှု ရှိမရှိကိုလည်း ကျမတို့ ရုံးက လေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။”
ဒါအပြင် သူအခု စတင်မယ့် preliminary examination ပဏာမ လေ့လာသုံးသပ်မှု ဆိုတာ investigation စုံစမ်းစစ်ဆေးတဲ့ အဆင့်မဟုတ်သေးဘူးလို့ လည်း သူက ဗွီဒီယိုက တဆင့် အခုလို ရှင်းပြသွားပါတယ်။
“ဒီပဏာမ လေ့လာစစ်ဆေးမှုတွေက စုံစမ်းစစ်ဆေးမှုအဆင့်မဟုတ်သေးပါဘူး။ လက်ရှိ ရနိုင်တဲ့အချက်တွေကို လေ့လာသုံးသပ်ပြီး Rome Statute စာချုပ်အရ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ အကြုံးဝင်ခြင်းရှိ မရှိဆိုတဲ့အချက်ကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် Rome Statute စာချုပ်ရဲ့ အပိုဒ် ၅၃ အရ ကျမက တရားလိုရှေ့နေတဦးအနေနဲ့ ဥပဒေဘောင် အကြုံးဝင်မှု၊ တရားရုံးတော်ကို တင်သွင်းနိုင်တဲ့ ခိုင်လုံမှုနဲ့ တရားမျှတမှုကို ရှေးရှုပြီးတော့ စဉ်းစားသွားရမှာပါ။”
ပဏာမ စစ်ဆေးမှုအတွက်လည်း ရှေ့နေချုပ် ရုံးအနေနဲ့ ရနိုင်သလောက် သတင်းအချက်အလက်တွေအပေါ်မှာ တင်းတင်းကျပ်ကျပ် ဆန်းစစ်မယ်လို့ Fatou Bensouda ကဆိုပါတယ်။ ဒါကြောင့်လည်းဒီစစ်ဆေးမှု အစအဆုံးကို အကြောင်းအရာ အရရော၊ ဥပဒေဆိုင်ရာ အရပါ အပြန်အလှန် စိစစ်တဲ့အပြင် Rome Statute ပါ ပြဌာန်းချက်နဲ့ အညီ အကဲဖြတ် စစ်ဆေးကြောင်း ICC ရှေ့နေချုပ်က ပြောပါတယ်။
အနည်းဆုံးတော့ ညှမ်းပမ်းနှိပ်စက်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် ICC ခုံရုံးအနေနဲ့ ဆောင်ရွက်ပေးရမယ့် တာဝန်ဝတ္တရားဖြစ်တယ်လို့ လည်း Fatou Bensouda ကပြောပါတယ်။ ပဏာမ လေ့လာသုံးသပ်မှုလုပ်နေတဲ့ ကာလမှာ သူ့ရုံးအနေနဲ့လည်း တင်သွင်းထားတဲ့ အစီရင်ခံစာ အချက်အလက်တွေ အားလုံးကို အသေအချာ သုံးသပ်ကြည့်ရှုမှာဖြစ်သလို Rome Statute ပါ ပြဌာန်းချက်တွေအတိုင်း တသွေမတိမ်း ဆောင်ရွက်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါဟာလည်း ပဏာမလေ့လာသုံးသပ်မှု ဖြစ်စဉ် တခုချင်းအတွက် လွပ်လပ်ပြီး သမာသမတ်ကျတဲ့ ICC ရှေ့နေချုပ်ရုံးရဲ့ လုပ်ပိုင်ခွင့် နဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့လည်း Fatou Bensouda ကပြောပါတယ်။
ဒါ့အပြင်Rome Statute အရ ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးဖို့၊ တာဝန်ရှိသူတွေ ဒါမှမဟုတ် နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တရားစွဲဖို့ နိုင်ငံတွင်း တရားစီရင်မှုဟာ မူလ တာဝန်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“Rome Statute စာချုပ်နဲ့အညီ ပူးပေါင်းဆောင်ရွက်မှုအရ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေရဲ့ အာဏာပိုင်တွေနဲ့ ကျမရုံးကဆက်သွယ်ပြီး အဲဒီသက်ဆိုင်ရာနိုင်ငံတွေအဆင့်မှာ ပါဝင်ပတ်သက်နေတဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ အရေးယူမှုတွေအကြောင်းကို ဆွေးနွေးပြီး အကဲဖြတ်သွားမှာဖြစ်ပါတယ်။”
အခုလို ICC ရှေ့နေချုပ်ရဲ့ ဗွီဒီယို ကတဆင့် ကြေညာချက်ဟာ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် သုံးဦးပါတဲ့လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့က ဂျီနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံကို တင်သွင်းတဲ့နေ့နဲ့ တနေ့တည်းဖြစ်နေပါတယ်။
၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလံုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု စတာတွေအတွက် တာဝန်ရှိသူတွေအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် အခြား တပ်မတော် ထိပ်ပိုင်း တာဝန်ရှိသူ လေးဦးတို့ကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ စစ်ဆေးအရေးယူဖို့ နိုင်ငံတကာအချက် အလက်ရှာဖွေရေးအဖွဲ့က မနေ့က အစီရင်ခံစာတင်သွင်းရာမှာ ထပ်ပြီး တောင်းဆိုထားပါတယ်။