ကမ္ဘာကြီးမှာ Nuclear ပဋိပက္ခဖြစ်နိုင်တဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ Nuclear လက်နက်ဖျက်သိမ်းရေးဟာ အရေးကြီးတယ်လို့ ၂၀၁၇ ခုနှစ်အတွက် Nobel ငြိမ်းချမ်းရေးဆုရရှိခဲ့တဲ့ ICAN အဖွဲ့က ပြောကြားလိုက်ပါတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ Nuclear လက်နက်တွေကို ပပျောက်အောင် မလုပ်ဘူးဆိုရင် ဒီလက်နက်တွေကို တနေ့မှာ အသုံးပြုလာကြလိမ့်မယ်လို့ New York မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ICAN အဖွဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။ Nobel ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဆီက ဆုကို ပြန်ရုပ်သိမ်းသင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ဒီသတင်းစာရှင်းပွဲမှာ အခုနှစ်ဆုရှင်တွေရဲ့ သဘောထားကိုလည်း မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပါတယ်။
Nuclear လက်နက်တားဆီးရေးသဘောတူစာချုပ်မှာ ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်လက်မှတ်ထိုးလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ် Nobel ငြိမ်းချမ်းရေးဆုကို Nuclear လက်နက်ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ ICAN ကရရှိခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာ Nuclear လက်နက် ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားနေကြသူအားလုံးကို အသိအမှတ်ပြုတဲ့ ဆုဖြစ်တယ်လို့ New York မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ICAN အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Beatrice Fihn ကပြောကြားခဲ့ပါတယ်။
"၂၀၁၇ ခုနှစ် Nobel ငြိမ်းချမ်းရေးဆုကို ICAN အဖွဲ့က ရရှိခဲ့တဲ့အတွက် သိပ်ကိုဂုဏ်ယူပါတယ်။ Nuclear လက်နက်တားမြစ်ရေးသဘောတူစာချုပ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့တဲ့ ကျွန်မတို့ရဲ့ဆောင်ရွက်မှုကို အသိအမှတ်ပြုဆုပေးတာပါ။ Nuclear လက်နက်ဆန့်ကျင်ရေးအတွက် ကမ္ဘာတဝန်း စည်းရုံးလှုပ်ရှားနေကြသူတွေရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။ တခါတရန် လစ်လျှူရှုခံထားရတဲ့ Nuclear လက်နက်ပပျောက်ရေး ကိစ္စအတွက် မနားမနေကြိုးစားဆောင်ရွက်နေကြသူအားလုံး အဖွဲ့အစည်းအင်အားသိပ်နည်းပေမဲ့ လုပ်အားပေးတွေ စိတ်ရောကိုယ်ပါ အားစိုက်ဆောင်ရွက်နေကြတဲ့ ကမ္ဘာတဝန်းကစည်းရုံးလှူပ်ရှားနေကြသူအားလုံးကို ဂုဏ်ပြုလိုက်တဲ့ဆုလည်းဖြစ်ပါတယ်။"
ခုချိန်ထိဘာကြောင့် Nuclear လက်နက်တွေရှိနေသေးသလဲဆိုတာကို နားမလည်နိုင်ကြတဲ့ စစ်အေးစစ်ပြီးကာလနောက်ပိုင်းမှ မွေးဖွားလာကြတဲ့ မျိုးဆက်သစ်တွေ အတွက်လည်း ဒီဆုက သိပ်ကိုထူးခြားတယ်လို့ Beatrice Fihn ကသတင်းစာရှင်းပွဲမှာပြောသွားပါတယ်။ ICAN အဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် ၂၀၁၇ ခုနှစ် July လတုန်းက Nuclear လက်နက်တားဆီးရေး သဘောတူညီမှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၂ နိုင်ငံက ကုလသမဂ္ဂမှာ ထောက်ခံအတည်ပြုခဲ့ကြပါတယ်။
သဘောတူညီမှုကို ပါဝင်လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၅၃ နိုင်ငံထဲမှာတော့ မြန်မာနိုင်ငံ မပါဝင်ပါဘူး။ Nuclear လက်နက်ပိုင်ဆိုင်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ India၊ Pakistan၊ မြောက်ကိုရီးယားစတဲ့နိုင်ငံတွေကတော့ ဒီသဘောတူညီမှုအတွက် ပါဝင်ဆွေးနွေးခြင်းမရှိသလို လက်မှတ်ထိုးခြင်းလည်း မရှိပါဘူး။ လက်မှတ်ထိုးထားတဲ့ နိုင်ငံ ၅၃ နိုင်ငံထဲမှာလည်း ထိုင်းနိုင်ငံ၊ Vatican နဲ့ Guyana နိုင်ငံ ၃ ခုမှာပဲ အတည်ပြုအကောင်အထည်ဖော်ပါသေးတယ်။
ဒီနေ့ကမ္ဘာကြီးမှာ Nuclear လက်နက်သုံးပြီး တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ တင်းမာမှုမြင့်တက်နေချိန်မှာ Nuclear လက်နက်တားဆီးရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုး။ အတည်ပြုကြဖို့ ICAN အဖွဲ့ရဲ့ အာရှ Pacafic ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Tim Wright ကတိုက်တွန်းပါတယ်။
"ဒီကနေ့ ကမ္ဘာကြီးမှာ တင်းမာမှုတွေ သိပ်ကိုများနေပါတယ်။ ဒီအဆောက်အဦးကြီးမှာပဲ လတ်တလော သီတင်းပတ်တွေတုန်းက Nuclear လက်နက်အသုံးပြုမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကမ္ဘာတဝန်း Nuclear လက်နက် ၁ သောင်းခွဲကျော် ရှိနေပါသေးတယ်။ ဒီလက်နက်တွေအားလုံး ပပျောက်သွားအောင် ကျွန်တော်တို့ အခုမလုပ်ရင် တနေ့မှာ ဒီလက်နက်တွေကို ထပ်ပြီး အသုံးပြုကြလိမ့်မယ်ဆိုတာ သေချာသလောက်ပါ။ Nuclear လက်နက်တားဆီးရေးစာချုပ်က အများအပြား သေကြပျက်စီးစေတဲ့ လက်နက်တွေကမ္ဘာကြီးမှာ ပျံ့နှံ့နေတာကို ပြောင်းလဲသွားအောင်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရရှိတဲ့ Nobel ငြိမ်းချမ်းရေးဆုကြောင့် နိုင်ငံတကာသဘောတူထားတဲ့ စာချုပ်ထဲမှာ နောက်ထပ်နိုင်ငံတွေ လက်မှတ်ထိုးလာကြမယ်၊ အတည်ပြုလာကြမယ်လို့ မျှော်လင့်ပါတယ်။"
ကုလသမဂ္ဂဌာနချုပ်မှာ ICAN အဖွဲ့တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့လည်း သတင်းထောက်တယောက်က မေးပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ရိုဟင်ဂျာ သိန်းနဲ့ချီထွက်ပြေးခဲ့ကြတာနဲ့ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်မှုအပေါ် Nobel ငြိမ်းချမ်းရေးဆုရှင်တချို့က ဝေဖန်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်က Nobel ငြိမ်းချမ်းရေးဆု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက ဆုကို ရုပ်သိမ်းသင့်တယ်လို့ လူ့အခွင့်အရေးဖွဲ့တချို့ကလည်း တိုက်တွန်းခဲ့ပါတယ်။ ဒီအပေါ် အခုနှစ် ငြိမ်းချမ်းရေးဆုရှင်တို့ရဲ့ သဘောထား ဘယ်လိုရှိသလဲလို့မေးတာပါ။ ဒါနဲ့ပါတ်သက်လို့ ICAN အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Beatrice Fihn ကခုလိုဖြေပါတယ်။
"ICAN အဖွဲ့က Nuclear လက်နက်တားဆီးရေး စည်းရုံးလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့အတွက် တခြားကိစ္စတွေကို ဘယ်တော့မှ ပြောလေ့မရှိပါဘူး။ ကျွန်မတို့အဖွဲ့အနေနဲ့လည်း Nobel ငြိမ်းချမ်းရေးဆုကို ခုမှရတာဖြစ်လို့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျယ်ပြန့်တဲ့အမြင်နဲ့ ပြောဖို့စောလွန်းပါသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ လူ့အခွင့်အရေး၊ နိုင်ငံတကာဥပဒေတွေကို အပြည့်အဝလိုက်နာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။"
Nuclear လက်နက် တားဆီးရေး၊ မပြန့်ပွားရေးဆောင်ရွက်မှုတွေကို Australia နိုင်ငံမှာ စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ ICAN အဖွဲ့ကို Austria နိုင်ငံ Vienna မြို့တော်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၁၀၁ နိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်း ၄၆၈ ဖွဲ့နဲ့ပူးပေါင်းပြီး ကမ္ဘာတဝန်း Nuclear လက်နက်တားဆီးနိုင်ရေးကို ICAN အဖွဲ့ လှုပ်ရှားဆောင်ရွက်နေပါတယ်။ ၂၀၁၇ ခုနှစ်အတွက် Nobel ငြိမ်းချမ်းရေးကို ရရှိခဲ့တဲ့အတွက် သူတို့ရဲ့လုပ်ငန်းတွေကို ပိုပြီးထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ICAN အဖွဲ့က မျှော်လင့်နေပါတယ်။